Saturday, April 4, 2015
ဖယ်လိုင်နီ၏ လက်ရှိ စွမ်းဆောင်ရည်မျိုးနှင့် ဆိုပါက အသင်းမှ ဖယ်ထုတ်ထားရန် မဖြစ်နိုင်ဟု ဗန်ဂါးလ်ချီးကျူး
ဖယ်လိုင်နီ၏ လက်ရှိ စွမ်းဆောင်ရည်မျိုးနှင့် ဆိုပါက အသင်းမှ ဖယ်ထုတ်ထားရန် မဖြစ်နိုင်ဟု ဗန်ဂါးလ်ချီးကျူး
လက်ရှိ စွမ်းဆောင်ရည်မျိုးနှင့် ဆိုပါက မော်ရိုဖယ်လိုင်နီကို မိမိ၏ လူရွေးချယ်မှု စာရင်းမှ ဖယ်ထုတ်ထားရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ချီးကျူး ပြောကြားလိုက်သည်။
အသက်(၂၇)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက အဲဗာတန်မှ ပေါင်စတာလင် (၂၈)သန်းဖြင့် ကူးပြောင်းလာပြီး အသင်းသစ်တွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ဗန်ဂါးလ် အားအထားရဆုံး ကစားသမား တစ်ဦး ဖြစ်လာသည်။ အရပ်အမောင်း မြင့်မြင့်မားမားနှင့် တွန်းတွန်းတိုက်တိုက် ကစားတတ်သည့် ကွင်းလယ်လူသည် ပြီးခဲ့သည့် (၄)ပွဲဆက် ယူနိုက်တက်အတွက် ပွဲထွက်ခဲ့ပြီး နိုင်ငံတကာ ပွဲစဉ်ကာလတွင်လည်း ဘယ်လ်ဂျီယံအတွက် (၂)ပွဲတွင် (၃)ဂိုး သွင်းယူပေးခဲ့သည်။
ဗန်ဂါးလ်က “လောလေဆယ် ခြေစွမ်းမျိုးအတိုင်း ဖယ်လိုင်နီ ကစားနေမယ်ဆိုရင် သူ့ကို လူစာရင်းက ကျွန်တော် ဘယ်လိုမှ ဖယ်ထုတ်လို့ မရပါဘူး”ဟု မှတ်ချက်ပြုခဲ့သည်။ ဖယ်လိုင်နီသည် ယူနိုက်တက်နှင့် ပထမဆုံး ရာသီတွင် ဒဏ်ရာ ပြဿနာများနှင့် ကြုံခဲ့ရပြီး (၂၁)ပွဲ ကစားကာ တစ်ဂိုးမျှ မသွင်းနိုင်ခဲ့ဘဲ ယုံကြည်မှုပိုင်းတွင်ပါ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည်။ ဗန်ဂါးလ် တာဝန်ယူပြီး နောက်ပိုင်းတွင် အစပိုင်း၌ ရုန်းကန်ခဲ့ရသော်လည်း ဖယ်လိုင်နီသည် (၂၃)ပွဲတွင် (၅)ဂိုးထိ သွင်းယူနိုင်ခဲ့သလို နောက်ပိုင်း ပွဲစဉ်များတွင် သိသိသာသာ ခြေစွမ်းမြင့်တက်လာခဲ့သည်။
ဗန်ဂါးလ်က “ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကတည်းက ဖယ်လိုင်နီဟာ ကျွန်တော် လိုချင်တာကို လိုက်လုပ်ခဲ့တယ်။ သူတိုးတက်လာတာကို ကျွန်တော် မအံ့ဩဘူး။ ကျွန်တော်က သူ့ကိုပြောတယ်။ ဒီလိုလုပ်မလား၊ ဒါမှမဟုတ် တခြားကွဲပြားတာတွေ လုပ်မလား ဆိုပြီးတော့ပါ။ သူက ပွင့်ပွင့်လင်းလင်းပါပဲ။ အကောင်းဆုံး လုပ်ပြဖို့ပဲ ကြိုးစားခဲ့တယ်။ သူ့အတွက် ဒီရာသီက ကံအကောင်းဆုံးတော့ မဟုတ်ဘူး။ ဒဏ်ရာတွေ ရခဲ့သလို ဖျားနာခဲ့တဲ့ အချိန်တွေလည်း ရှိတယ်။ ဒါပေမဲ့ သူကြံ့ခိုင်နေချိန်မှာတော့ အကောင်းဆုံး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်တော့်အတွက် အကောင်းဆုံး ကစားပေးခဲ့တယ်။ ကျွန်တော်က အသင်းရဲ့ ဟန်ချက်တည်ငြိမ်ဖို့ ကြိုးစားနေတာပါ။ အဲဒီအချက်ကို ဖယ်လိုင်နီက ယူဆောင်လာပေးပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment