Pages

Subscribe:

Thursday, June 18, 2015

မန်စီးတီး နောက်ခံလူ ရစ်ချတ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဗီလာခေါ်ယူ



မန်စီးတီး နောက်ခံလူ ရစ်ချတ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဗီလာခေါ်ယူ

အက်စ်တန်ဗီလာ အသင်းသည် မန်ချက်စတာစီးတီး နောက်ခံလူ မီကာရစ်ချတ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားတွင် အငှားထွက်ခွာ ကစားခဲ့ရသည့် အင်္ဂလန် ကစားသမားသည် မန်စီးတီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ရစ်ချတ်သည် ညာခြမ်းခံစစ်ရော၊ ဗဟိုနောက်ခံလူ အဖြစ်ပါ ကစားတတ်ရာ ဗီလာမန်နေဂျာ တင်မ်ရှားဝုဒ် အနေဖြင့် အသင်းမှ ထွက်ခွာတော့မည့် ဗဟိုနောက်ခံလူ ရွန်ဗလား နေရာတွင် ရစ်ချတ်ဖြင့် တိုက်ရိုက် အစားထိုးနိုင်ဖွယ် ရှိသည်။ ရစ်ချတ်သည် ဗီလာနှင့် (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ရစ်ချတ်သည် မန်စီးတီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသည့်နောက် လာမည့် ဇူလိုင်လ (၁)ရက်နေ့တွင် ဗီလာ၏ တရားဝင် ကစားသမားအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ ရှားဝုဒ်က “ရစ်ချတ်ကို ခေါ်ယူလိုက်နိုင်တာ အရမ်း အားရမိပါတယ်။ သူဟာ အသင်းရဲ့ အကောင်းဆုံး စာချုပ်ခေါ်ယူမှု ဖြစ်လာမယ်ဆိုတာ သက်သေပြနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရစ်ချတ်သည် (၂၀၀၅)ခုနှစ်တွင် မန်စီးတီး ကစားသမား ဘဝကို အစပြုခဲ့ပြီး အသင်းနှင့်အတူ (၂၀၁၂)ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု၊ (၂၀၁၁)ခုနှစ် FAဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော်လည်း (၂၀၁၃-၁၄) ရာသီတွင် လိဂ်ပွဲ (၂)ပွဲသာ ကစားရသဖြင့် ပွဲအရေအတွက် မပြည့်မီသောကြောင့် ချန်ပီယံဆုရ မန်စီးတီးတွင် ဆုတံဆိပ် လက်ခံမရရှိသည့်နောက် အသင်းနှင့် လမ်းခွဲရန် အကြောင်းဖန်လာခဲ့သည်။ ဘာမင်ဂမ်ဖွား ကစားသမားသည် အင်္ဂလန်အတွက် (၁၃)ကြိမ် ကိုယ်စားပြုဖူးပြီး မန်စီးတီး ကစားသမား ဘဝတွင် (၂၄၅)ပွဲ ကစားကာ (၉)ဂိုးထိ သွင်းယူနိုင်ခဲ့သည်။

Soccer Myanmar


0 comments:

Post a Comment