Thursday, June 18, 2015
ဇင်းနစ်ကွင်းလယ်လူ ဝစ်ဆဲလ်ကို မီခေးလ်နေရာအတွက် အစားထိုး ခေါ်ယူရန် မော်ရင်ဟို စိတ်ဝင်စားနေ
ဇင်းနစ်ကွင်းလယ်လူ ဝစ်ဆဲလ်ကို မီခေးလ်နေရာအတွက် အစားထိုး ခေါ်ယူရန် မော်ရင်ဟို စိတ်ဝင်စားနေ
ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် ဇင်းနစ် စိန့်ပီတာစဘာ့ဂ် ကွင်းလယ်လူ အေဆယ်လ် ဝစ်ဆဲလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ကွင်းလယ်စုဖွဲ့မှုကို အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် ပေါ်တူဂီသား မန်နေဂျာသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ဝစ်ဆဲလ်ကို ခေါ်ယူပြီး အသင်းမှ ဂျွန်အိုဘီ မီခေးလ်ကို ပြန်လည် ရောင်းထုတ်သွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ မီခေးလ်ကို တူရကီနှင့် အရှေ့အလယ်ပိုင်း ဒေသရှိ ကလပ်အသင်း အချို့က ချိတ်ဆက်လျက် ရှိသည်။ အသက်(၂၆)နှစ်ရှိ ဝစ်ဆဲလ်သည် ယခုနွေရာသီတွင် ရုရှားကလပ်ကို စွန့်ခွာရန် ပြင်ဆင်နေပြီး အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်က ၎င်းကို ပစ်မှတ်ထားနေသည်။ ယခုအခါ ချယ်လ်ဆီးကပါ ကစားသမားအတွက် ကြားဝင် ကြိုးပမ်းရန် စီစဉ်လာခြင်းဖြစ်သည်။
မော်ရင်ဟိုက ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်လောက်သည့် အသင်းမျိုး တည်ဆောက်ရန် ကြိုးပမ်းနေရာ ဝစ်ဆဲလ်ကို သိမ်းသွင်းခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။ မော်ရင်ဟိုသည် မီခေးလ်၏ ကွင်းလယ်အထိုင် နေရာတွင် ဝစ်ဆဲလ်ကို တိုက်ရိုက် အစားထိုးပြီး နီမန်ယာမာတစ်ကို နေရာလု ယှဉ်ပြိုင်သွားစေရန် လိုလားလျက် ရှိသည်။ အသက် (၂၈)နှစ်ရှိ မီခေးလ်သည် ယခုနွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို စွန့်ခွာဖြစ်ရန် နီးစပ်လျက် ရှိသည်။ ဇင်းနစ်သည် (၂၀၁၂)ခုနှစ်တွင် ဘင်ဖီကာထံမှ ဝစ်ဆဲလ်ကို ပေါင်စတာလင် (၂၉)သန်း အကုန်အကျခံ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက နည်းပြ အန်ဒရီဗီးလက်စ် ဘိုအာ့စ်၏ အသင်းကို ရုရှားချန်ပီယံ ဖြစ်လာအောင် အကူအညီ ပေးခဲ့သည့်နောက် စိန်ခေါ်မှု အသစ်များ ရှာဖွေနိုင်ရန် လိုလားလျက်ရှိသည်။
အခြားသော သတင်းများအရ ချယ်လ်ဆီးသည် အော့စ်ဘာ့ဂ် အသင်းမှ အသက်(၂၀)အရွယ် ဂါနာ ဘယ်တောင်ပံ ခံစစ်မှူးလေး ဘာဘာ ရာမန်ကို ခေါ်ယူနိုင်ရန်လည်း ချိတ်ဆက် ကြိုးပမ်းနေကြောင်း သိရှိရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment