Pages

Subscribe:

Tuesday, May 5, 2015

သွင်းဂိုး ပြတ်လပ်နေမှုက ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာဟု ဗန်ဂါးလ်ဝန်ခံ



သွင်းဂိုး ပြတ်လပ်နေမှုက ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာဟု ဗန်ဂါးလ်ဝန်ခံ

သွင်းဂိုး ခန်းခြောက်နေခြင်းသည် မန်ချက်စတာ ယူနိုက်တက်အတွက် စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာပြီဟု အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံ ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးခဲ့ပြီး သုံးပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့ချေ။ ဝက်စ်ဘရွန်းဝစ်ခ်ျကို အိမ်ကွင်း၌ နောက်ဆုံးရှုံးနိမ့်သည့် ပွဲစဉ်၌ ပင်နယ်တီ ရခဲ့သည့်တိုင် မဝင်ဘဲ (၁-၀)ဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သုံးပွဲစလုံး တစ်မှတ်မှ မရခဲ့သည့်နောက် ယူနိုက်တက်သည် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် ခြိမ်းခြောက်ခံလာရပြီ ဖြစ်သည်။ နယ်သာလန်သား မန်နေဂျာကြီးက ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဂိုးပေါက်ပျောက်နေသည့် အခြေအနေသည် ရာသီသိမ်းခါနီး ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအတွက် ရုန်းကန်ရရန် ဦးတည်နေစေကြောင်း ဖွင့်ဟခဲ့သည်။

ဗန်ဂါးလ်က “ကျွန်တော်ကတော့ ပွဲတစ်ပွဲမှာ ဂိုးသွင်းပေးမယ့် တိုက်စစ်မှူး တစ်ယောက်လောက်ကို လိုအပ်နေပါပြီ။ အဲဒါက ရော်ဘင်ဗန်ပါစီဖြစ်ဖြစ်၊ ရာဒါမယ် ဖယ်လ်ကာအိုဖြစ်ဖြစ်၊ ဝိန်းရွန်နီဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဘယ်သူဂိုးသွင်းပါစေ ကျွန်တော်ရော၊ အသင်းပါ အရမ်းပျော်မှာပါ”ဟု ဆိုသည်။ ၎င်းက “ဂိုးမရခြင်းဟာ အခုအခါမှာ စိုးရိမ်ရတဲ့ကိစ္စ ဖြစ်လာပါပြီ။ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘူး။ ချယ်လ်ဆီး၊ အဲဗာတန်တို့အပြင် အခု ဝက်စ်ဘရွန်းဝစ်ခ်ျနဲ့ ကစားတဲ့ ပွဲစဉ်မှာပါ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်လျက်နဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ မန်နေဂျာ တစ်ယောက် အနေနဲ့ ပြောနိုင်တာက ကျွန်တော်တို့ဟာ ပွဲတိုင်း ကံမကောင်းခဲ့ဘူး။ တစ်ဖက်က ကြည့်ရင် ဒီအခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ဖို့တော့ လိုပါတယ်။ အခု ကျွန်တော်တို့ သုံးပွဲဆက်တိုက် ရှုံးခဲ့တယ်။ ဒါကြောင့် ထိပ်ဆုံးလေးသင်း ရပ်တည်ခွင့်ဟာ ပိုပြီး မလုံမခြုံ ဖြစ်လာပါပြီ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment