Thursday, May 7, 2015
မြန်မာပရိသတ်များ ရရှိထားသော စင်ကာပူဆီးဂိမ်းဘောလုံးပွဲ လက်မှတ်ခွဲတမ်းများ အားလုံးရောင်းကုန်
မြန်မာပရိသတ်များ ရရှိထားသော စင်ကာပူဆီးဂိမ်းဘောလုံးပွဲ လက်မှတ်ခွဲတမ်းများ အားလုံးရောင်းကုန်
Written by ရွှေဘုတ်
မေ ၆၊ ရန်ကုန်။ ။ မေလ ၂၉ ရက် တွင် စတင်ယှဉ်ပြိုင်ကစားရမည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် မြန်မာပရိသတ်များအတွက် ရရှိထားသော လက်မှတ် ခွဲတမ်းများ အားလုံးရောင်းကုန် ခဲ့ပြီဖြစ်သည်။
အုပ်စုအဖွင့်ပွဲအဖြစ်ကစားရမည့် အင်ဒိုနီးရှား-မြန်မာပွဲ၊အုပ်စုနောက်ဆုံးပွဲအဖြစ်ကစားရမည့် ကမ္ဘောဒီးယား-မြန်မာပွဲလက်မှတ်အနည်းငယ်သာကျန်ရှိတော့ပြီး စင်ကာပူ-မြန်မာ၊ ဖိလစ်ပိုင်-မြန်မာ ပွဲများအတွက် မြန်မာပရိသတ်များရရှိထားသော လက်မှတ်ခွဲတမ်းများမှာ ရောင်းကုန်ခဲ့ပြီဖြစ်ကြောင်း စင်ကာပူ အခြေ စိုက်မြန်မာဘောလုံး ချစ်မြတ်နိုးသူများ ဖေ့စ်ဘုတ် စာမျက်နှာ တွင်ဖော်ပြ ထားသည်။
မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စသည့်အသင်းများနှင့် အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး ဇွန်လ ၂ ရက်၌ အင်ဒိုနီးရှား၊ ၄ ရက်၌ အိမ်ရှင် စင်ကာပူ၊ ၇ ရက်၌ ဖိလစ်ပိုင်၊ ၁၀ ရက် ၌ ကမ္ဘောဒီးယား အသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပွဲလက်မှတ်များကို လက်ရှိအချိန်တွင် အွန်လိုင်းမှသာ ရောင်းချပေးနေပြီး ပြိုင်ပွဲကစားမည့်နေ့တွင်ဘောလုံးကွင်းများ၌ ထပ်မံရောင်းချ မည်ဖြစ်သည်။
အိမ်ရှင် စင်ကာပူနိုင်ငံသည် ဆီးဂိမ်းဘောလုံးပွဲစဉ်များအတွက် အုပ်စု (က) ပွဲစဉ်များကို ပရိသတ် ရှစ်ထောင်ဆန့်သည့် ဂျလန်ဘီဆာကွင်းတွင် ယှဉ်ပြိုင် ကစားစေပြီး အုပ်စု (ခ) ပွဲစဉ်များကို လေးထောင့်နှစ်ရာသာဆန့်သည့် ဘစ်ရှန်ကွင်းတွင် ယှဉ်ပြိုင်ကစားစေမည် ဖြစ်သည်။
ကွာတားပွဲ၊ ဆီမီးပွဲ၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ စသည့်ပွဲစဉ် များကိုမူ ပရိသတ် ငါးသောင်း ငါးထောင်ခန့် ဆန့်သည့် စင်ကာပူအမျိုးသား အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အိမ်ရှင် စင်ကာပူနိုင်ငံသည် စင်ကာပူအသင်း ကစားမည့် ပွဲစဉ်အားလုံးတွင် အိမ်ရှင်ပရိသတ်အတွက် လက်မှတ်ခွဲတမ်း ၉၀ ရာခိုင်နှုန်းအထိ ရောင်းချပေးပြီး ပြိုင်ဘက်နိုင်ငံပရိသတ်များအတွက် ၁၀ ရာခိုင်နှုန်းသာ ရောင်းချပေးသည်။
၂၀၁၄ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင်လည်း စင်ကာပူနိုင်ငံရောက် မြန်မာပရိသတ်များမှာ မြန်မာ့လက်ရွေးစင်အသင်းပွဲစဉ်များအားလုံးကို တစ်ခဲနက်လာရောက် အားပေးခဲ့ပြီး စည်းကမ်းတကျ အားပေးနိုင်ခဲ့သည့်အတွက် ပြည်ပမီဒီယာများက ချီးကျုးရေးသားဖော်ပြခဲ့ကြသည်။
စင်ကာပူဆီးဂိမ်း ဘောလုံးပွဲစဉ်များတွင် မြန်မာပရိသတ်များအတွက် လက်မှတ်ခွဲတမ်းပိုမိုရရှိရန် ဧပြီလအတွင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် စင်ကာပူဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တို့ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment