Tuesday, May 5, 2015
နွေရာသီ ဈေးကွက်တွင် အကြီးစား အားဖြည့်မှုမျိုး အာဆင်နယ် အတွက် မလိုအပ်ဟု ဝင်းဂါးဆို
နွေရာသီ ဈေးကွက်တွင် အကြီးစား အားဖြည့်မှုမျိုး အာဆင်နယ် အတွက် မလိုအပ်ဟု ဝင်းဂါးဆို
နွေရာသီ ဈေးကွက်တွင် အာဆင်နယ် အနေဖြင့် ကြီးကြီးမားမား လူအင်အား ဖြည့်တင်းမှုများ ပြုလုပ်ရန် မလိုအပ်ဟု အသင်းမန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
မီဆွတ်အိုဇေးလ်၊ ဒေးဗစ် အော့စ်ပီနာတို့ လက်ရှိ ပုံစံကောင်း ရရှိနေသလို အငှား ချထားသည့် လူးကက်စ်ပိုဒေါ့စကီး၊ ဂျိုဝယ်လ်ကမ့်ဘဲလ်နှင့် ယာယာဆာနိုဂိုတို့ ပြန်ရောက် လာချိန်တွင် အာဆင်နယ်၏ လူစာရင်းသည် အတောင့် တင်းဆုံး ဖြစ်နေမည်ဟု ပြင်သစ်သား မန်နေဂျာကြီးက ယုံကြည်လျက် ရှိသည်။ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း သီအာရီ အွန်နရီက ဝင်းဂါး၏ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ရန်အတွက် ထိပ်တန်း ကစားသမားသစ် လေးဦးမျှ ဝယ်ယူရန် လိုအပ်လိမ့်မည်ဟု မှတ်ချက်ပြုထားသည်။
ဝင်းဂါးက “အသင်းမှာက ကြီးကြီးမားမား အပြောင်းအလဲတွေ ရှိနေပြီးသားပါ။ မီဆွတ်အိုဇေးလ်လို ကစားသမား တချို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်အတွက် မေးခွန်းထုတ် ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘောလုံးရာသီ ဒုတိယ နှစ်ဝက်မှာ အကြီးအကျယ် တိုးတက်မှုတွေ ရှိလာတယ်။ ကျွန်တော်တို့ အနေနဲ့ အကြီးအကျယ် ပြောင်းလဲတာမျိုးတွေ လုပ်ဖို့ မလိုပါဘူး။ အာဆင်နယ်မှာ တောင့်တင်း အားကောင်းတဲ့ လူစာရင်း ရှိနေပြီးသားပါ။ ပြီးတော့ ငယ်ရွယ် ထူးချွန်တဲ့ လူငယ်တွေလည်း ရှိပါတယ်။ လက်ရှိ လူစာရင်းက တော်တော် ကောင်းနေပါပြီ။ ပိုဒေါ့စကီး၊ ကမ့်ဘဲလ်နဲ့ ဆာနိုဂိုတို့ ပြန်လာဦးမယ်။ ဒါဆို အသင်းဟာ အရေအတွက်အရလည်း လုံလောက်အောင် တောင့်တင်းသွားပြီ ဖြစ်မှာပါ”ဟု ပြောကြားသွားသည်။
အာဆင်နယ် အနေဖြင့် ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျကို ခေါ်ယူရန် ကမ်းလှမ်းမည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး “ကျွန်တော်ကတော့ လက်ရှိ ဂိုးသမားတွေကို ယုံပါတယ်။ ဝေါ့ဆစ်ခ်ျဆက်ဇနီကို ယုံတယ်။ သူက သိပ်ထူးချွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ပြီးတော့ အော့စ်ပီနာပေါ့။ သူ့အနေနဲ့ ပုံမှန် ကစားခွင့် ရလာပြီး အကောင်းဆုံး လုပ်ပြနေပါတယ်”ဟု ဝင်းဂါးက ဖြေရှင်းပြောဆို သွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment