Wednesday, May 6, 2015
မက်ဆီကို ပိတ်ဆို့ထိန်းချုပ်ထားရန် မဖြစ်နိုင်ဟု ဂွာဒီယိုလာ မှတ်ချက်ပြု
မက်ဆီကို ပိတ်ဆို့ထိန်းချုပ်ထားရန် မဖြစ်နိုင်ဟု ဂွာဒီယိုလာ မှတ်ချက်ပြု
လက်ရှိ ခြေစွမ်းအရ လီယွန်နယ် မက်ဆီကို ပိတ်ဆို့ တားဆီးထားရန် ဆိုသည်မှာ ဖြစ်နိုင်ဖွယ် မရှိဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂျိုးဆက် ပက်ပ်ဂွာဒီယိုလာက ပြောကြားခဲ့သည်။
ဘာစီလိုနာကို ကိုင်တွယ်စဉ်က ၎င်း၏ ကစားသမား ဖြစ်ခဲ့ဖူးသည့် အာဂျင်တီးနား လက်ရွေးစင်သည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ဘိုင်ယန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာဖွယ် ရှိနေသည်။ မက်ဆီနှင့် ဂွာဒီယိုလာတို့သည် နှစ်ဦးအတူ ပူးပေါင်းပြီး ဆုဖလား(၁၄)လုံးထိ ဆွတ်ခူး ရယူနိုင်ခဲ့ဖူးသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာကို (၂၀၀၈)မှ (၂၀၁၂)ခုနှစ်ထိ ကိုင်တွယ်ပြီး အောင်မြင်မှုများ ရယူခဲ့ဖူးရာ မက်ဆီ၏ အရည်အသွေးကို အနီးကပ် ထိတွေ့ သိရှိထားခဲ့သည်။
ယခုရာသီ ပွဲပေါင်း(၅၀) ကစားပြီး (၅၁)ဂိုး သွင်းယူထားပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ် ရရှိဖူးသည့် မက်ဆီကို ဘိုင်ယန်အနေဖြင့် ပိတ်ဆို့ တားဆီးထားနိုင်မည့် ဗျူဟာ ရှိနိုင်မည် မထင်ကြောင်း ဂွာဒီယိုလာက ဆိုသည်။ “မက်ဆီကို တားထားနိုင်မယ့် ခံစစ်ဆိုတာ မရှိပါဘူး။ ဒါက မဖြစ်နိုင်ဘူးလေ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဂွာဒီယိုလာက “လက်ရှိ သူကစားပြနေတဲ့ ပုံစံအရ သူ့ကို ခင်ဗျားတို့ တားနိုင်မှာ မဟုတ်ဘူး။ မေးစရာက ခံစစ်ဇုန်မှာ (၉)ယောက်လောက် ပြုံပြီး ပိတ်ဆို့ထားမလား။ (၁၁)ယောက်စလုံးက သူ့ကို ဖိအားမြင့်မြင့်မားမား ပေးနေမလား။ ဒါပေမဲ့ နောက်ဆုံးလေးငါးလအတွင်း သူကစားပြနေပုံအရ မက်ဆီကို ရပ်တန့်ဖို့ နည်းလမ်း မရှိပါဘူး။ သူက အရမ်းကောင်းလွန်းတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက အတတ်နိုင်ဆုံး သူ့ကို ကပ်ထားပြီး ဘောလုံးမရအောင် လိုက်ကြိုးစားဖို့ပဲ။ ဒါပေမဲ့ သူ့ရဲ့ ပါရမီမျိုးအရ ဘယ်နည်းပြ၊ ဘယ်နည်းစနစ်မှ မက်ဆီကို အလုံးစုံ ထိန်းချုပ်ထားဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment