Wednesday, May 6, 2015
နူးကမ့်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးကြွေးဆပ်မယ့် ဘာစီလိုနာ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်)
နူးကမ့်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးကြွေးဆပ်မယ့် ဘာစီလိုနာ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်)
ဘာစီလိုနာ အသင်းသမိုင်းမှာ အောင်မြင်မှုအရဆုံးနည်းပြအဖြစ် မှတ်တမ်းအတင်ခံထားရတဲ့ နည်းပြဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ နူးကမ့်မြေကို တကျော့ပြန်ချေချလာမှာ ဖြစ်တာကြောင့် ဒီနေ့ည ကစားမယ့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်ပွဲဟာ ထင်ထားတာထက်ပိုပြီး အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒီအဆင့်မှာပဲ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို နှစ်ကျော့ပေါင်း ရလဒ် ၇-၀ နဲ့အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ဖူးလို့ ဒီပွဲဟာ မကျေပွဲလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အခြေအနေ
ဘာစီလိုနာနည်းပြဘဝမှာ ဖလား ၁၄ လုံးရထားခဲ့တဲ့ ဂွါဒီယိုလာဟာ ဘာစီလိုနာက ထွက်လာပြီးနောက် အသင်းဟောင်းကို ပထမဆုံးပြန်လည်ရင်ဆိုင်ရတာဖြစ်ပါတယ်။ သူ့အတွက် နူးကမ့်မြေကို ပထမဆုံးပြန်လည် ချေချမယ့်ပွဲလည်း ဖြစ်ပါတယ်။ ပြည်တွင်းအမှတ်ပေးဖလားမှာလည်း ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အတွက် အခုချိန်မှာ အာရုံစိုက်စရာဆိုလို့ ချန်ပီယံလိဂ်ဖလားတစ်ခုသာရှိပါတော့တယ်။ ဘိုင်ယန်ဟာ စိတ်လွတ်ကိုယ်လွတ်အာရုံစူးစိုက်မှု အပြည့်နဲ့ ဘာစီလိုနာကို ရင်ဆိုင်မှာဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာရာပြဿနာတွေရှိနေသးပေမယ့် ကွာတားဖိုင်နယ်ပထမအကျော့မှာ ပေါ်တိုကို ၃-၁ နဲ့ရှုံးပြီး အိမ်ကွင်းမှာ ငါးဂိုးပြန်သွင်းပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ခြေစွမ်းက လေးစားလောက်စရာ ခြေစွမ်းမျိုးဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဥရောပပြိုင်ပွဲတွေမှာ ဘာစီလိုနာကို မကြာခဏအသာစီးရယူလေ့ရှိတဲ့ အစဉ်အလာလည်း ရှိနေပြန်ပါတယ်။ဒါပေမယ့်လက်ရှိ ဘိုင်ယန်မြူးနစ်ခြေစွမ်းဟာ ဘာစီလိုနာကွင်းမှာ
ရလဒ်ကောင်းယူနိုင်လောက်အောင် ကောင်းမွန်တဲ့ခြေစွမ်းမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးနှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီး ဒေါ့မွန်ကိုရှုံးကာ ပိုကယ်ဖလားကထွက်ခဲ့ရသလို ဘွန်ဒက်စ်လီဂါမှာလည်းလေဗာကူဆင်ကို ရှုံးခဲ့ပြန်ပါတယ်။ အထူးသဖြင့် အဝေးကွင်းမှာ ကစားရတဲ့အခါ ဘိုင်ယန်မြူးနစ်ဟာ အမြဲလိုလိုရုန်းကန်နေရတာတွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ ဘိုင်ယန်ကစားသမားတွေရဲ့ ပေါ့ပေါ့ဆဆကစားပုံကြောင့် ပေးဆပ်လိုက်ရတဲ့ပွဲတွေ ဒီနှစ်မှာ တွေ့လာရပါတယ်။ အသင်းတိုက်စစ်ကို ပုံဖော်ပေးတဲ့ ရီဘာရီနဲ့ ရော်ဘင် မပါနိုင်သေးတာကလည်း ဘိုင်ယန်အတွက်ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်နေပါတယ်။
ဘာစီလိုနာ အသင်းအခြေအနေ
လက်ရှိဆီမီးဖိုင်နယ်ရောက် အသင်းလေးသင်းထဲမှာ ဘာစီလိုနာနဲ့ဂျူဗင်တပ်က ခြေစွမ်းအတည်ငြိမ်ဆုံး အသင်းတွေလို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ခြောက်ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဘာစီလိုနာ ခြေစွမ်းဟာ အကောင်းဆုံးပုံစံကို ရနေပါတယ်။ ခြောက်ပွဲဆက်အနိုင်ရခဲ့ရာမှာ တစ်ပွဲပဲ ဂိုးပေးရခဲ့ပြန်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲကို ၆-၀၊ ၈-၀ ဂိုးတွေနဲ့ နိုင်ခဲ့တာကြောင့် ဘာစီလိုနာဟာ အခုချိန်မှာ အဘက်ဘက်က ပြည့်စုံနေတဲ့ အသင်းတစ်သင်းလို့ ဆိုနိုင်ပါတယ်။
အသင်းနည်းပြ အင်းနရစ်ကတော့ တဖက်အသင်းကနည်းပြဟာ ဂွါဒီယိုလာဆိုတာကိုမေ့ထားမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်မယ်ဆိုတဲ့အတွေးကိုပဲ စိတ်ထဲမှာထည့်ထားမယ်လို့ ပြောထားပါတယ်။ လာလီဂါမှာလည်း အမှတ်ပေးဖလားရဖို့ နီးစပ်လာပြီဖြစ်တဲ့ ဘာစီလိုနာဟာ ဖလားသုံးလုံးရဖို့ အကောင်းဆုံးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလားကိုလည်း အာရုံစိုက်နေရသေးတဲ့ အချိန်ဖြစ်လို့ ဘာစီလိုနာမှာ ဖိအားအတော်အသင့်ရှိနေတယ်ဆိုတာ သေချာပါတယ်။
ဘာစီလိုနာတိုက်စစ်ဟာဥရောပထိပ်သီးလိဂ်အသင်းတွေထဲမှာ အကောင်းဆုံးတိုက်စစ်ဖြစ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီရာသီချန်ပီယံလိဂ်မှာတင်ပဲ ဆွာရက်ဇ်၊ မက်ဆီ၊ နေမာတို့ သုံးဦးပေါင်း ၁၄ ဂိုးသွင်းယူထားပါတယ်။
ဒဏ်ရာရ ပွဲပယ်အခြေအနေ
အိမ်ရှင်ဘာစီလိုနာဘက်မှာ ပွဲပယ်ခံထားရတဲ့ ကစားသမားမရှိသလို အဓိကကစားသမားတွေထဲက ဒဏ်ရာရနေတဲ့ဆိုလို့ မက်သရူးတစ်ယောက်သာရှိပါတယ်။ ဒါကလွဲရင် ဘာစီလိုနာဘက်မှာ လူစုံလာဦးမှာပါ။ ဘိုင်ယန်မြူးနစ်ကတော့ ဒဏ်ရာပြဿနာတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ရော်ဘင်၊ အယ်လာဘာနဲ့ ဘတ်စတူဘာတို့ ဒဏ်ရာမပျောက်သေးလို့ ဒီပွဲပါနိုင်ဦးမှာ မဟုတ်ပါဘူး။
ဒဏ်ရာက သက်သာလာပြီးလို့ဆိုတဲ့ ရီဘာရီလည်း ကြံ့ခိုင်မှု အခြေအနေကြောင့် ဒီနေ့ညပွဲပါဖို့ မကျိမ်းသေပါဘူး။ မပါနိုင်ဖို့သာများပါတယ်။ တိုက်စစ်မှူးလီဝမ်ဒေါစကီးကို ဆုံးရှုံးလိုက်ရလည်း ဘိုင်ယန်အတွက် စိတ်ပျက်စရာဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အချက်အလက်များ
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ကို လေးနှစ်ဆက်တိုက် တက်လာနိုင်တာဖြစ်ပါတယ်။ ဒါဟာ အသင်းအတွက်စံချိန်သစ်ဖြစ်ပါတယ်။ ဘိုင်ထက်များတဲ့အသင်းနှစ်သင်းကတော့ ဘာစီလိုနာ ခြောက်နှစ်ဆက်နဲ့ ရီးရဲလ်မက်ဒရစ် ငါးနှစ်ဆက်ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့မတွေ့ခင်မှာ ချန်ပီယံလိဂ် ရှစ်ပွဲဆက် အနိုင်ရထားပါတယ်။ တစ်ပွဲကိုလည်း ပျှမ်းမျှ ၂.၅ ဂိုးလောက်သွင်းထားတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမယ့်မယ့် ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရာမှာ နောက်ဆုံးကစားခဲ့တဲ့ ၁၉၇ မိနစ်အတွင်း တစ်ဂိုးမှ သွင်းထားနိုင်ခြင်းမရှိပါဘူး။ ၂၀၀၉ ဧပြီလတုန်းက ဘာစီလိုနာကစားသမား ကီတာ ဘိုင်ယန်မြူးနစ်ဘက်ကို သွင်းခဲ့တာ နောက်ဆုံးပဲဖြစ်ပါတယ်။
သုံးသပ်ချက်
နူးကမ့်မြေမှာ ကစားရမှာဖြစ်တဲ့အတွက် ဘာစီလိုနာရဲ့ တိုက်စစ်ကို ဘိုင်ယန်မြူးနစ် သတိကြီးကြီးနဲ့ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာဘက်ကို တန်ပြန်တိုက်စစ်ကနေပဲ ဂိုးရဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်အတွက်လည်း ရီဘာရီနဲ့ ရော်ဘင်တို့ မပါနိုင်လို့ ဘိုင်ယန်အတွက် အခက်ကြုံရနိုင်ပါတယ်။
ဘာစီလိုနာတိုက်စစ်ကို ဟန့်တားဖို့ ဘိုင်ယန်သိပ်တော့လွယ်ကူမှာ မဟုတ်ပါဘူး။ ဂိုးစောစော ပေးရမယ်ထင်ပါတယ်။ ဘာစီလိုနာ အနည်းဆုံးနှစ်ဂိုးလောက် ရပါလိမ့်မယ်။ ဘာစီလိုနာ ၂-၀ ဂိုး ဒါမှမဟုတ် ၃-၁ လောက်နဲ့ နိုင်ပါလိမ့်မယ်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment