Pages

Subscribe:

Wednesday, May 6, 2015

မက်ဆီနှင့် မိမိအကြား မည်သူက ဆရာပိုကျသည်ကို ပြသသွားမည်ဟု နူအာ ကြုံးဝါး



မက်ဆီနှင့် မိမိအကြား မည်သူက ဆရာပိုကျသည်ကို ပြသသွားမည်ဟု နူအာ ကြုံးဝါး

ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီနှင့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံသည့်အခါ မည်သူက ဆရာပိုကျသည်ကို ပြသသွားမည်ဟု ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နျူရယ်နူအာက ပြောကြားလိုက်သည်။

အဆိုပါ အသင်းနှစ်သင်းသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ကို နူးကမ့်တွင် ယှဉ်ပြိုင်သွားရမည် ဖြစ်ပြီး နူအာနှင့် မက်ဆီ အနေဖြင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားကို ဂျာမနီက အနိုင်ရရှိခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ထိပ်တိုက်ပြန်လည် ရင်ဆိုင်ရမည် ဖြစ်သည်။

ဂျာမနီ လက်ရွေးစင် ဂိုးသမားက မိမိအနေဖြင့် အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား ကစားသမားအပေါ် လေးစားမှုရှိသော်လည်း ၎င်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲက အခြေအနေနှင့် ထပ်မံကြုံတွေ့စေရန် ယုံကြည်ချက်ရှိကြောင်း ဆိုခဲ့သည်။

“မက်ဆီနဲ့ သူရရှိခဲ့တဲ့ အရာအားလုံးအတွက် ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကွင်းထဲမှာ တွေ့ဆုံတဲ့အခါ ဘယ်သူက ဆရာပိုကျတယ်ဆိုတာကို ပြသချင်ပါတယ်။ ဒါကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ကျွန်တော် လုပ်ပြခဲ့ဖူးပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက အခြေအနေလိုမျိုး ထပ်လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု နူအာက ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် လွန်ခဲ့သည့် နှစ်နှစ်က အကြိုဗိုလ်လုပွဲတွင် ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ယခုအခြေအနေသည် ထိုစဉ်ကနှင့် မတူညီကြောင်း နူအာက ဆိုခဲ့သည်။

“ဘာစီလိုနာနဲ့ ပွဲက ဗိုလ်လုပွဲ မတိုင်မီ ကစားရမယ့် ဗိုလ်လုပွဲပါပဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဘာလင်မှာ ခြေစွမ်းပြသနိုင်ဖို့ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အကြိုဗိုလ်လုပွဲမှာ ဘာစီလိုနာကို နှစ်ကျော့စလုံး အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။ အခုအချိန်မှာ သူတို့က ဒဏ်ရာရ ကစားသမား မရှိသလို မက်ဆီကလည်း အကောင်းဆုံးခြေစွမ်း ပြန်ရနေပါပြီ။ ကျွန်တော်တို့ အသင်းမှာက အဓိက ကစားသမားအချို့ မပါဝင်နိုင်ပါဘူး။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲ ဆိုပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဘိုင်ယန်မြူးနစ် ဂိုးသမားက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment