Pages

Subscribe:

Friday, June 26, 2015

ဆောက်သမ်တန် နောက်ခံလူ ကလင်းကို ခေါ်ယူရန် လီဗာပူးလ် သဘော တူညီမှု ရရှိဟု သတင်းများဖော်ပြ



ဆောက်သမ်တန် နောက်ခံလူ ကလင်းကို ခေါ်ယူရန် လီဗာပူးလ် သဘော တူညီမှု ရရှိဟု သတင်းများဖော်ပြ

လီဗာပူးလ် အသင်းသည် ဆောက်သမ်တန် ခံစစ်မှူး နသန်နီရယ်လ် ကလင်းကို ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိထားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အင်္ဂလန် လက်ရွေးစင် ညာနောက်ခံ ကစားသမားအတွက် လီဗာပူးလ်၏ ပေါင်စတာလင် (၁၂.၅)သန်းတန် ကမ်းလှမ်းမှုကို ဆောက်သမ်တန်က လက်ခံထားပြီဟု ဆိုသည်။ လီဗာပူးလ်သည် အသက်(၂၄)နှစ်အရွယ် ကလင်းအတွက် ပေါင်စတာလင် (၁၀.၅)သန်း ကနဦး ပေးချေမည်ဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၂)သန်း တိုးမြှင့် ပေးချေသွားမည်ဟု သိရသည်။ လီဗာပူးလ်သည် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမား ရောဘတ်တို ဖာမီနိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိပြီး ရက်ပိုင်းအတွင်း ကလင်းကိုပါ ခြေသွက်လက်သွက် ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ယမန်နှစ်က အခြေအနေဆိုးများ ကြုံခဲ့သည့် အသင်းကို အလုံးစုံ ပြုပြင်ဖွဲ့စည်းရန် ကြိုးပမ်းနေရာ ကလင်းသည် ရာသီကုန်တွင် အန်းဖီးလ်ကို စွန့်ခွာမည့် ဂလင်းဂျွန်ဆင် နေရာကို အစားထိုး ဝင်ရောက်လာမည် ဖြစ်သည်။ ကလင်းကို လီဗာပူးလ်က အပြီးသတ် စာချုပ်နိုင်ပါက ၎င်းသည် ယခုနွေရာသီတွင် လီဗာပူးလ်၏ (၆)ဦးမြောက် ကစားသမားသစ် အနေဖြင့် မှတ်တမ်းဝင်မည် ဖြစ်သည်။ ကလင်းသည် အမေရိကန်တွင် အနားယူနေရာမှ လာမည့်သီတင်းပတ်တွင် ပြန်လာပြီး လီဗာပူးလ်နှင့် ဆေးစစ်မှု ခံယူဖွယ် ရှိနေသည်။

ကလင်းအနေဖြင့် လီဗာပူးလ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဆောက်သမ်တန် အသင်းဖော်ဟောင်းများ ဖြစ်ကြသည့် အဒမ်လယ်လာနာ၊ ဒီယန်လော့ဗ်ရန်း၊ ရစ်ကီလမ်းဘတ်တို့နှင့် ပြန်လည်ဆုံတွေ့မည် ဖြစ်သည်။ လီဗာပူးလ်သည် ပြီးခဲ့သည့် နွေရာသီက အဆိုပါ ကစားသမား (၃)ဦးအတွက် ဆောက်သမ်တန်ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၄၉)သန်း ပေးချေခဲ့ရသည်။ ကလင်းကို အစောပိုင်းတွင် မန်ချက်စတာ ယူနိုက်တက်က ဆက်သွယ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် သွေးအေးသွားခဲ့သည်။ ရော့ဂျာ အနေဖြင့် ကလင်းကို ဝယ်ယူနိုင်ခဲ့သည့်နောက် အက်သလက်တီကို မက်ဒရစ်မှ အငှားခေါ်ယူထားသည့် လူငယ် ညာတောင်ပံ ခံစစ်သမားလေး ဟာဗီးယား မန်ကွီလိုကို စပိန်ကလပ်ထံ ပြန်လည်ပို့ဆောင်သွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment