Pages

Subscribe:

Wednesday, June 24, 2015

ကစားသမား ဘဝသို့ တစ်ကျော့ပြန် ဝင်ရောက်ရန် ရီဗယ်လ်ဒို စဉ်းစားနေ



ကစားသမား ဘဝသို့ တစ်ကျော့ပြန် ဝင်ရောက်ရန် ရီဗယ်လ်ဒို စဉ်းစားနေ

မိမိပိုင် ကလပ် အသင်း၏ ရုန်းကန်နေရမှုကို ကူညီရန် အတွက် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝသို့ တစ်ကျော့ပြန် ဝင်ရောက်ရန် စီစဉ်နေကြောင်း ဘရာဇီးလ် ဂန္ထဝင် ကစားသမားဟောင်း ရီဗယ်လ်ဒိုက ပြောကြားခဲ့သည်။

အသက်(၄၃)နှစ် ရှိပြီဖြစ်ပြီး ဘရာဇီးလ်နှင့်အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူး ရယူနိုင်ခဲ့ဖူးသည့် ရီဗယ်လ်ဒိုသည် မိုဂီမီရင်မ်ဆိုသည့် အသင်းငယ်လေးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်း၏ အသင်းသည် တန်းဆင်းဇုန်တွင် ရုန်းကန်နေရသည့်နောက် ရီဗယ်လ်ဒိုသည် ဘောလုံးကန်ဖိနပ်ကို တစ်ကျော့ပြန် ဝတ်ဆင်ရန် စဉ်းစားလာခြင်း ဖြစ်သည်။ ရီဗယ်လ်ဒိုသည် ဘာစီလိုနာ၊ အေစီမီလန်၊ အိုလံပီယာကော့စ်တို့နှင့်အတူ တောက်ပသည့် ဘောလုံးသမား ဘဝကို ဖြတ်သန်းပြီးနောက် (၂၀၁၄)ခုနှစ်၊ မတ်လတွင် ကစားသမား ဘဝမှ အနားယူခဲ့သည်။

လက်ရှိ အချိန်တွင်မူ ရီဗယ်လ်ဒိုသည် ဥက္ကဋ္ဌအဖြစ် ၎င်းတာဝန်ယူထားသည့် မိုဂီမီရင်မ် အသင်းလေးတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားနိုင်ရန် ဆိုသည်မှာမူ ဒဏ်ရာ မှတ်တမ်းများ ရှိခဲ့သည့် ၎င်းဒူး၏ ကြံ့ခိုင်မှုအပေါ် မူတည်၍ အကန့်အသတ် ရှိနိုင်ကြောင်း ရီဗယ်လ်ဒိုက ဝန်ခံသည်။ “နေ့တိုင်းတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော့် အတွေ့အကြုံတွေက လက်ရှိ ကြုံနေရတဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ကလပ်ကို ငဲ့ပြီးတော့ မိသားစုအတွက် ပေးထားတဲ့ အချိန်တွေကို အနစ်နာ ခံလိုက်ရတာပါပဲ။ ဒါပေမဲ့ ဒီအတွက် အသင်းဟာ ပြိုင်ပွဲမှာ ပိုပြီး ထည်ထည်ဝါဝါ ရပ်တည်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရီဗယ်လ်ဒိုက ဆိုသည်။

၎င်းက “ဒီလို အခြေအနေဆိုးမှာ ကျွန်တော့် ဆုံးဖြတ်ချက်က ကစားသမားတွေအတွက် အထောက်အကူ ဖြစ်စေဖို့တော့ လိုလားမိပါတယ်။ ဒီအသင်းဟာ တန်းမဆင်းဖို့ ရုန်းကန်နေရတယ် ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ အနည်းဆုံးတော့ အမှတ်ပေးဇယား အလယ်အလတ်လောက်မှာ ရပ်တည်သင့်ပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ပုံမှန်ပွဲတိုင်း ကစားနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အသင်းနဲ့ စာချုပ်ထားတဲ့ ကစားသမား တစ်ယောက်အဖြစ် တခြားအသင်းသားတွေကို ရဲရဲရင့်ရင့် ပြိုင်ပွဲဝင်လာနိုင်အောင် ကူညီလိုပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၁၅ လက ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် ဘောလုံးကစားနေမှုကို ရပ်နားလိုက်ပါတယ်။ တကယ်လို့ ကျွန်တော့် ဒူးက အခြေအနေ ကောင်းမယ်ဆိုရင် ပွဲတချို့ ဝင်ကစားပြီး အသင်းကို ကူညီနိုင်မှာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်း ဆင်းနေတဲ့ အနေအထားကသာ ဖြစ်နိုင် မဖြစ်နိုင် ကျွန်တော့်အတွက် ဆုံးဖြတ်ဖို့ လွယ်ကူစေပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။

ရီဗယ်လ်ဒိုသည် ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် (၇၄)ပွဲ ကစားကာ (၃၄)ဂိုး သွင်းယူပေးခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment