Pages

Subscribe:

Monday, June 29, 2015

အစ္စကိုနှင့် အော်စကာတို့ကို ခေါ်ယူလိုကြောင်း ဂျူဗင်းတပ်စ် နည်းပြ ဝန်ခံ



အစ္စကိုနှင့် အော်စကာတို့ကို ခေါ်ယူလိုကြောင်း ဂျူဗင်းတပ်စ် နည်းပြ ဝန်ခံ

ဂျူဗင်းတပ်စ် နည်းပြ မက်စီမီလီယာနို အယ်လာဂရီက အော်စကာနှင့် အစ္စကိုတို့ကဲ့သို့ တိုက်စစ်အားပြု  ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူနိုင်ရန် အလေးအနက် ဆန္ဒရှိမိကြောင်း ဝန်ခံ ပြောကြားလိုက်သည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တက်ရောက်ခဲ့ပြီး ပြည်တွင်းဆုဖလား နှစ်လုံးစလုံးကို သိမ်းယူနိုင်ခဲ့သည့် အသင်း၏ စုဖွဲ့မှုတွင် အရည်အသွေးမြင့် ကွင်းလယ်တိုက်စစ်သမား တစ်ဦးကို ထပ်မံအားဖြည့်နိုင်ရန် ဈေးကွက်ထဲ၌ လိုက်လံရှာဖွေနေကြောင်း အယ်လာဂရီက ဝန်ခံခဲ့သည်။ ၎င်းက အဆိုပါ ကစားသမားမျိုးနှင့် ပတ်သက်၍ ရီးယဲလ်မက်ဒရစ်မှ စပိန်လက်ရွေးစင် အစ္စကိုနှင့် ချယ်လ်ဆီးမှ ဘရာဇီးလ် လက်ရွေးစင် အော်စကာတို့ကို အထူးပြု ညွှန်းဆိုသွားခဲ့သည်။ ဂျူဗင်းတပ်စ်တွင် တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့သွားပြီး ဝါရင့်ကွင်းလယ်လူ အင်ဒရီယာ ပီယာလိုသည်လည်း နယူးယော့ခ်စီးတီးသို့ ကူးပြောင်းရန် နီးစပ်နေသည့်နောက် လာမည့်ရာသီ အသင်းသစ်ကို ပုံစံသစ်ဖြင့် ဖွဲ့စည်းရန် အယ်လာဂရီက အားထုတ်လျက် ရှိသည်။

အယ်လာဂရီက “ကျွန်တော်က ထိုးထွင်းတီထွင်နိုင်တဲ့ ဘောလုံးစွမ်းရည် ရှိသူမျိုးကို လိုချင်တာပါ။ အဲဒီလို ကစားသမားတွေက ဘယ်တော့မှ ငြီးငွေ့စရာ မဖြစ်ဘူးလေ။ ကွင်းလယ်တိုက်စစ်မှာ ဝှက်ဖဲတစ်ချပ် ထုတ်ခင်းနိုင်ရင် အသင်းအတွက် ကွဲပြားတဲ့ ဟန်ချက်မျိုးကို ရွေးချယ်နိုင်လိမ့်မယ်။ သင့်တင့်တဲ့ အခြေအနေလောက် တစ်ကိုယ်ကောင်းဆန်ဆန် ကစားတတ်တဲ့ ဘောလုံးသမား တစ်ယောက်ဟာ အသင်းရဲ့ ရပ်တည်မှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ရီးယဲလ်က အစ္စကိုနဲ့ ဘရာဇီးလ်က အော်စကာတို့ကို ကျွန်တော် ကြိုက်ပါတယ်။ အီတလီ လူငယ်တွေထဲမှာတော့ ဒိုမီနီကို ဘီရာဒီနဲ့ ဖက်ဒရေကို ဘာနာဒက်စ်ချီတို့ကို တော်တော်လေး သဘောကျမိပါတယ်”ဟု ဆိုသည်။

၎င်းက “ကွင်းလယ်တိုက်စစ် နေရာဟာ နည်းဗျူဟာပိုင်း ကျေညက်မှုအပြင် နည်းနည်း တစ်ကိုယ်ကောင်းဆန်ဆန် ကစားတတ်တဲ့ စိတ်ဆန္ဒတို့ ရောစပ်ထားဖို့ လိုပါတယ်။ တီဗက်ဇ်နဲ့ ပီယာလိုတို့ မရှိတော့မယ့် လာမယ့်ရာသီမှာ ဂျူဗင်းတပ်စ်ဟာ ပုံစံသစ်တွေကို စမ်းသပ်ကြည့်ဖို့ လုပ်ဆောင်ရပါလိမ့်မယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သတင်းများအရ အစ္စကိုသည် နှစ်ရာသီဆက်တိုက် ရီးယဲလ်၏ ပွဲထွက်လူစာရင်းတွင် နေရာမရခဲ့သည့်နောက် ဘာနေဗျူးကို စွန့်ခွာဖွယ် ရှိနေပြီး နည်းပြသစ် ဘင်နီတက်ဇ် လက်ထက်တွင်လည်း ၎င်းကို ဦးစားပေး (၁၁)ဦးစာရင်းတွင် အသုံးပြုမည့် အလားအလာ မရှိကြောင်း သိရသည်။

အော်စကာကမူ ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးအတွက် (၄၁)ပွဲထိ ကစားပေးခဲ့ပြီး ဂျူဗင်းတပ်စ်က အလေးအနက် စိတ်ဝင်စားနေသည့်တိုင် ၎င်း၏ အေးဂျင့် ကီရာ ဂျော်ယက်ဘ်ချီယန်ကမူ ကစားသမား အနေဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို စွန့်ခွာရန် ဖြစ်နိုင်ခြေ မရှိဟု ဖြေရှင်းထားသည်။

Soccer Myanmar

0 comments:

Post a Comment