Pages

Subscribe:

Friday, June 26, 2015

ဟီဂူရင်း အတွက် သတ်မှတ်ဈေးနှုန်း ပေါင်(၆၆)သန်းဟု နာပိုလီကြေညာ



ဟီဂူရင်း အတွက် သတ်မှတ်ဈေးနှုန်း ပေါင်(၆၆)သန်းဟု နာပိုလီကြေညာ

သတ်မှတ်ဈေးနှုန်း အတိုင်း ပေါင်စတာလင် (၆၆)သန်းဖြင့် ကမ်းလှမ်းမှု မရှိလျှင် မည်သည့်အခြေအနေတွင်မျှ ဂွန်ဇာလို ဟီဂူရင်းကို ရောင်းမည် မဟုတ်ဟု နာပိုလီ အသင်းက ကြေညာခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ကလပ်အသင်းကြီး အချို့က အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အီတလီ ကလပ်က ကစားသမား၏ စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးနိုင်သည့် အသင်းမရှိလျှင် ဟီဂူရင်းကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။ နာပိုလီသည် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော်ခဲ့သည့်နောက် ဟီဂူရင်းသည် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နာပိုလီက ဟီဂူရင်း၏ အပြောင်းအရွှေ့ ကောလာဟလများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ရာ မိမိတို့သည် ကစားသမားကို ရောင်းရန် ဆန္ဒမရှိကြောင်း၊ အကယ်၍ ဟီဂူရင်းကို အလိုရှိပါကမူ စာချုပ်ပါ ဈေးအတိုင်း ပေးချေရန် လိုအပ်ပြီး ယင်းအနေအထားတွင်မူ မိမိတို့အနေဖြင့် တားဆီးပိုင်ခွင့် မရှိကြောင်း ဝယ်လက်အသင်းများကို ရည်ရွယ် သတိပေးခဲ့သည်။ နာပိုလီက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် “တချို့သတင်းစာတွေမှာ ဖော်ပြနေတဲ့ ကိစ္စအတွက် ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ဟီဂူရင်း အသင်းကနေ ထွက်မယ်ဆိုတဲ့ ကိစ္စအတွက်ပါ။ နာပိုလီရဲ့ တရားဝင် ရပ်တည်မှုကို ထုတ်ပြန်ပါတယ်။ ဟီဂူရင်းရဲ့ စာချုပ်ပါ သတ်မှတ်ဈေးနှုန်းဟာ ပေါင်စတာလင် (၆၆)သန်းပါ။ လောလောဆယ် သူ့ကို ကမ်းလှမ်းထားတဲ့အသင်း မရှိပါဘူး။ တစ်သင်းသင်းက လိုချင်တယ် ဆိုရင်တော့ စာချုပ်ပါ ဈေးအတိုင်း ပေးဖို့ လိုပါလိမ့်မယ်”ဟု ဖော်ပြထားသည်။

ဟီဂူရင်းသည် ပြီးခဲ့သည့် ရာသီက နာပိုလီအတွက် စီးရီးအေတွင် (၁၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး လတ်တလောတွင် အာဂျင်တီးနား လက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိက ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment