Pages

Subscribe:

Tuesday, June 30, 2015

အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ချယ်လ်ဆီးပရိသတ်များကို ဆက်ခ်ျ နှုတ်ဆက်စကားဆို



အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ချယ်လ်ဆီးပရိသတ်များကို ဆက်ခ်ျ နှုတ်ဆက်စကားဆို

အာဆင်နယ် အသင်းနှင့် စာချုပ်ခဲ့ပြီးနောက် ချယ်လ်ဆီး ပရိသတ်များကို ပီတာဆက်ခ်ျက အိတ်ဖွင့်ပေးစာ တစ်စောင်ဖြင့် နှုတ်ဆက်စကား ပြောကြားခဲ့သည်။

အသက်(၃၃)နှစ်ရှိ ချက်လက်ရွေးစင် ဂိုးသမားသည် ချယ်လ်ဆီးကို ဆယ်စုနှစ် တစ်ခုကြာ အကောင်းဆုံး ပေးဆပ်ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီက ဘယ်လ်ဂျီယံ လူငယ်လက်တက် သီဘောက် ကော်တွိုက်စ် အသင်းသို့ ရောက်ရှိလာပြီးနောက် နေရာပျောက်နေသည့်အတွက် အသင်းပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအတွက် (၁၁)ရာသီတွင် ပွဲပေါင်း (၄၀၀)ကျော် ကစားပေးခဲ့ပြီး ယခုအခါ လန်ဒန်ပြိုင်ဘက် အာဆင်နယ်သို့ ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်ဖြင့် ကူးပြောင်းလာခြင်း ဖြစ်သည်။ အာဆင်နယ်သည် ဆက်ခ်ျကို (၄)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

ဆက်ခ်ျက ချယ်လ်ဆီးပရိသတ်များအတွက် ပေးစာတွင် ၎င်းအနေဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ကစားသမားဘဝ အဆုံးသတ်ရန် မျှော်လင့်ထားခဲ့ကြောင်း ဖွင့်ဟထားသော်လည်း “ဘဝဆိုတာက ကိုယ်ဖြစ်ချင်သလို အမြဲတမ်း ဖြစ်နေတာမှ မဟုတ်တာ။ ပြီးခဲ့တဲ့ နွေရာသီကစလို့ ကိစ္စတွေ တော်တော်များများ အပြောင်းအလဲ ဖြစ်လာတယ်။ ကျွန်တော်ဟာ ချယ်လ်ဆီးရဲ့ ဦးစားပေး ဂိုးသမားအဖြစ် ဆက်မရှိတော့မှန်း သိလာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ အသင်းကနေ ထွက်ခွာဖို့ မှန်ကန်သင့်တော်မှု မရှိသေးဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ရာသီတစ်လျှောက်လုံးမှာ မြင်သာလာတာက ကျွန်တော့် အခြေအနေဟာ ဘာမှ တိုးတက်ပြောင်းလဲလာစရာ မရှိတော့ဘူး ဆိုတာပဲ။ ကျွန်တော့် ကစားသမား ဘဝကို အရန်ခုံပေါ်မှာ အချိန်မကုန်ချင်ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ပြီး စိန်ခေါ်မှုသစ်တွေကို ရှာဖွေဖို့ ရွေးချယ်လိုက်တာပါ”ဟု ရေးသားထားခဲ့သည်။

ဆက်ခ်ျအနေဖြင့် ချယ်လ်ဆီးပရိသတ်များကို နှုတ်ဆက်စကား ပြောကြားခဲ့သည့်တိုင် အစွန်းရောက် ချယ်လ်ဆီးပရိသတ် အချို့မှာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များပေါ်တွင် ဆက်ခ်ျအပေါ် ပေါက်ကွဲခဲ့ကြပြီး မြို့ခံပြိုင်ဘက်နှင့် စာချုပ်သည့်အတွက် ဆက်ခ်ျကို သတ်ဖြတ်မည်ဆိုသော ခြိမ်းခြောက်မှုများစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဆက်ခ်ျသည် လျှာနှစ်ခွနှင့် မြွေတစ်ကောင်ဖြစ်ကြောင်း ခိုင်းနှိုင်းကာ အပြင်းအထန် ဆဲရေးမှုများလည်း ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးအတွက်မူ ဆက်ခ်ျကဲ့သို့ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဂိုးသမား တစ်ဦးကို ရရှိခဲ့ခြင်းကြောင့် ကျေနပ်စရာ ဖြစ်နေသည်။

ပြင်သစ်သား မန်နေဂျာကြီးက “ဆက်ခ်ျဟာ ကျွန်တော် အရမ်းလေးစားတဲ့ ဘောလုံးသမား တစ်ယောက်ပါ။ အချိန်အကြာကြီး သူ့ကို သဘောကျနေခဲ့ပါတယ်။ သူက ကျွန်တော်တို့ဆီ ပြောင်းလာဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်”ဟု ပြောကြားခဲ့သည်။ ဆက်ခ်ျသည် (၂၀၀၄)ခုနှစ်က ပြင်သစ်ကလပ် ရိန်းစ်မှ ချယ်လ်ဆီးသို့ ကူးပြောင်းခဲ့ပြီးနောက် အသင်းအတွက် ဆုဖလား (၁၃)လုံးထိ ရရှိအောင် ကူညီ စွမ်းဆောင်ပေးခဲ့သည်။ ထို့အပြင် ပြိုင်ပွဲပေါင်းစုံ၌ ပေးဂိုးမရှိ (၂၂၈)ပွဲ ကစားကာ အသင်း၏ စွမ်းဆောင်ရည် အမြင့်ဆုံး ဂိုးသမားအဖြစ် မှတ်တမ်းတင်ထားသည်။

အာဆင်နယ် ဂန္ထဝင် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းက အမ်းမရိတ်စ်သို့ ဆက်ခ်ျရောက်ရှိလာမှုကို ကြိုဆိုခဲ့ပြီး “ချယ်လ်ဆီးအတွက် အရှုံး၊ အာဆင်နယ်အတွက်တော့ အမြတ်ထွက်တာပဲ။ ကျွန်တော့် အမြင်မှာတော့ ဒီစာချုပ်ခေါ်ယူမှုဟာ လာမယ့်ရာသီ ဘယ်သူက ရှေ့ထွက်လာပြီး ဘယ်သူက နောက်ရောက်သွားမလဲ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု ဆိုသည်။ ဆက်ခ်ျရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီကလည်း Facebookမှတစ်ဆင့် ကြိုဆိုစကား ပြောခဲ့ပြီး “ဆက်ခ်ျကို အာဆင်နယ်က ကြိုဆိုပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမား တစ်ယောက်ဆီက သင်ယူဖို့ အခွင့်အရေးတွေ ရှိလာတာကို ပျော်မိပါတယ်”ဟု ရေးသားထားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment