Sunday, June 21, 2015
ဒီဘရုမ်း မန်စီးတီးသို့ ရောက်လာပါက ပျော်ရွှင် မိမည်ဟု ကွမ်ပနီ ဖွင့်ဟ
ဒီဘရုမ်း မန်စီးတီးသို့ ရောက်လာပါက ပျော်ရွှင် မိမည်ဟု ကွမ်ပနီ ဖွင့်ဟ
လက်ရွေးစင် အသင်းဖော် ကီဗင်ဒီဘရုမ်းသာ မန်ချက်စတာစီးတီးသို့ လာရောက်ကစားဖြစ်ပါက အလွန်ပျော်ရွှင်မိမည်ဟု ဗင်းဆင့်ကွမ်ပနီက ဖွင့်ဟ ပြောကြားလိုက်သည်။
မန်စီးတီးသည် ဝုလ်ဖ်ဘာ့ဂ်အသင်း၏ ကွင်းလယ်တိုက်စစ်သမားကို ပေါင်စတာလင် (၃၅)သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးစားနေပြီး အသင်းခေါင်းဆောင် ကွမ်ပနီက အဆိုပါ အပြောင်းအရွှေ့ လက်တွေ့ဖြစ်မြောက်လာရန် မျှော်လင့်နေသည်။ ကွမ်ပနီက ၎င်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဖော်သည် ထူးထူးကဲကဲ ပင်ကိုပါရမီ ပြည့်ဝ ထက်သန်သူ တစ်ဦးဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့သည်။ ထို့အပြင် ဒီဘရုမ်းကဲ့သို့ ကစားသမားမျိုးကို ရရှိလာပါက မန်စီးတီး အနေဖြင့် လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်ရေးအတွက် ပိုမို အလားအလာ ကောင်းလာမည်ဟုလည်း ကွမ်ပနီက ယုံကြည်လျက်ရှိသည်။
“ဒီဘရုမ်းဟာ ပင်ကိုပါရမီ ထူးခြားကောင်းမွန်လွန်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပွဲတစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သူပါ။ ဂိုးရှေ့ရောက်တိုင်း သူ့ဆီကနေ တစ်ခုခု ထူးထူးခြားခြား သက်ရောက်မှုမျိုးကို မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ အချက်က ဒီဘရုမ်းဟာ ဖန်တီးပေးမှုစွမ်းရည် အရမ်းကောင်းမွန်တယ် ဆိုတာပါပဲ။ ဒါဟာ သူ့ရဲ့ အကြီးကျယ်ဆုံး အရည်အသွေးလည်း ဖြစ်ပါတယ်”ဟု ကွမ်ပနီက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “သူလို ကစားသမားမျိုးကို ပိုင်ဆိုင်မယ်ဆိုရင် ဘယ်အသင်းမဆို ပိုကောင်းလာမှာပါပဲ။ တကယ်လို့ မန်စီးတီးကို သူရောက်လာမယ်ဆိုရင် ကျွန်တော်က အပျော်ဆုံးလူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော် ဘာမှ လုပ်လို့ မရပါဘူး။ သူကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment