Pages

Subscribe:

Thursday, June 25, 2015

ယူနိုက်တက်မှ ထွက်ခွာသွားရန် အစီအစဉ် မရှိဟု ဒီမာရီယာ ပြောကြား



ယူနိုက်တက်မှ ထွက်ခွာသွားရန် အစီအစဉ် မရှိဟု ဒီမာရီယာ ပြောကြား

မိမိသည် အရန် ကစားသမား ဘဝကို ကျေနပ်ခြင်း မရှိသည့်တိုင် မန်ချက်စတာ ယူနိုက်တက်မှ အလျှော့ပေး ထွက်ခွာသွားမည် မဟုတ်ဟု အိန်ဂျယ်လ်ဒီမာရီယာက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရာသီက ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၆၀)ဖြင့် ရီးယဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ရောက်ရှိခဲ့သည့် ဒီမာရီယာသည် အိုးလ်ထရက်ဖို့ဒ် ကစားသမားဘဝ အစောပိုင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့သည့်နောက်ပိုင်း ကြံ့ခိုင်မှု ပြဿနာများဖြင့် ရုန်းကန်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ၎င်းသည် ယူနိုက်တက်၏ ဘယ်ခြမ်းတိုက်စစ်၌ အက်ရှ်လေယန်း၏ အရန်အဖြစ်သူ သတ်မှတ်ခံရပြီး ရာသီသိမ်း ကာလများတွင် ပွဲချိန်အများစုကို ကွင်းဘေး ခုံတန်း၌သာ အချိန်ကုန်စေခဲ့သည်။

အသက်(၂၇)နှစ် အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင်သည် ယူနိုက်တက်တွင် (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၁)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် သိသိသာသာ ကျဆင်းခဲ့မှုအတွက် ရှင်းပြရ ခက်နေသည်ဟု ခံစားမိကြောင်း ဆိုသည်။ “ဟုတ်တယ်။ တကယ့်ကို ရှင်းပြရ ခက်ပါတယ်။ ကျွန်တော့်အတွက်ရော၊ မိသားစု အတွက်ရောပေါ့။ ကျွန်တော် ဖြစ်ချင်သလို အကုန်လုံး ဖြစ်မလာဘူးလေ။ ကျွန်တော်က ကစားခွင့် သိပ်မရခဲ့ဘူး။ ကျွန်တော့်ဘက်ကတော့ အရန်ခုံပေါ်မှာ အချိန်ကုန်နေဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီအတွက် ခံစားရတဲ့ အခြေအနေက ခက်ခဲလွန်းပါတယ်။ ကျွန်တော် အသင်းမှာ အစပြုပုံ ကောင်းခဲ့သလို ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ အချိန်ကောင်းတွေပေါ့။ နောက်တော့ ကျွန်တော် နားလိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျွန်တော် ဘာကြောင့် ကစားခွင့် မရတော့သလဲ ဆိုတာက ရှင်းပြဖို့ နည်းနည်းတော့ ခက်ပါတယ်”ဟု ဒီမာရီယာက ဖွင့်ဟခဲ့သည်။

၎င်းအနေဖြင့် အသင်းမှ ထွက်ခွာရန် စိတ်ကူးရှိမရှိ မေးခွန်းကိုမူ ဒီမာရီယာက “ဟင့်အင်း။ ကျွန်တော် မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို တွေးတောင် တွေးမထားလို့ပါ။ ရီးယဲလ်မှာတုန်းကဆို လှောင်ပြောင်ခံရတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော် ရဲရဲရင့်ရင့်ပဲ ရင်ဆိုင်ခဲ့တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျွန်တော်ကြိုက်ပါတယ်”ဟု ဖြေကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment