Pages

Subscribe:

Tuesday, June 23, 2015

အာဆင်နယ်သို့ ပြောင်းရွှေ့မှု မဖြစ်မြောက်သေးကြောင်း ဆက်ခ်ျပြန်လည်ဖြေရှင်း



အာဆင်နယ်သို့ ပြောင်းရွှေ့မှု မဖြစ်မြောက်သေးကြောင်း ဆက်ခ်ျပြန်လည်ဖြေရှင်း

အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ကိစ္စသည် တရားဝင် ပြီးပြတ်အောင်မြင်မှု မရှိသေးကြောင်း ပီတာဆက်ခ်ျက ပြန်လည် ဖြေရှင်းခဲ့သည်။
ယမန်နေ့ညက ချယ်လ်ဆီး အသင်း၏ ချက်လက်ရွေးစင် ဝါရင့် ဂိုးသမားသည် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိခဲ့ပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာသော်လည်း အပြောင်းအရွှေ့မှာ လက်တွေ့ မဖြစ်မြောက်ခဲ့ချေ။ ချယ်လ်ဆီးတွင် (၁၁)နှစ်ကြာ ကစားခဲ့သည့် ဆက်ခ်ျသည် ၎င်း၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ နောက်ဆုံး ရာသီတွင် ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမား သီဘောက်ကော်တွိုက်စ်၏ အရန်အဖြစ်သာ သတ်မှတ် ခံရသည့်နောက် အသင်းပြောင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အာဆင်နယ်နှင့် သတင်းများ ထွက်ပေါ်လာသည့်နောက် ဆက်ခ်ျက ၎င်း၏ အေးဂျင့်ကုမ္ပဏီဖြစ်သော Sports PR၏ Twitter ဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်သည် ဆက်ခ်ျကို ပေါင်စတာလင် (၁၁)သန်းဖြင့် စာချုပ် ခေါ်ယူခဲ့ပြီဟူသော သတင်းများ အပြီးတွင် Sports PR ကုမ္ပဏီက “ပြောနိုင်တာက လောလောဆယ် ဘာအပြောင်းအရွှေ့ သဘောတူညီမှုမှ အပြီးသတ် မရရှိသေးပါဘူး။ တကယ်လို့ တစ်ခုခု သတင်းထူးရင် ဆက်ခ်ျက အတည်ပြုချက် ပေးပါလိမ့်မယ်”ဟု ရေးသား ဖော်ပြထားသည်။
ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကမူ အာဆင်နယ် အနေဖြင့် ဆက်ခ်ျကို ခေါ်ယူနိုင်ခြင်းကြောင့် အကျိုးကျေးဇူး ခံစား ရလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ “အာဆင်နယ်က ဆက်ခ်ျကို စာချုပ်မယ့်အကြောင်း ပြောဆိုနေတာတွေ ကြားမိတယ်။ တကယ်လို့ သူ့ကိုသာ လက်တွေ့ ခေါ်ယူနိုင်မယ် ဆိုရင် အာဆင်နယ် ပိုတောင့်တင်း သွားမှာ အမှန်ပဲ။ ဆက်ခ်ျဟာ အာဆင်နယ်အတွက် တစ်ရာသီကို ရမှတ် (၁၂)မှတ်၊ ဒါမှမဟုတ် (၁၅)မှတ်လောက်ထိ အဖတ် ဆည်ပေးနိုင်လိမ့်မယ်”ဟု တယ်ရီက ပြောဆို သွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment