Pages

Subscribe:

Tuesday, June 23, 2015

ယူနိုက်တက်တွင် ရှိစဉ်ကတည်းက ပွဲထွက် ကစားရန် ပေါ့ဂ်ဘာ အဆင့်မီခဲ့ဟု အွန်နရီ မှတ်ချက်ပြု



ယူနိုက်တက်တွင် ရှိစဉ်ကတည်းက ပွဲထွက် ကစားရန် ပေါ့ဂ်ဘာ အဆင့်မီခဲ့ဟု အွန်နရီ မှတ်ချက်ပြု

ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့မသွားမီ ဆယ်ကျော်သက် ကစားသမား ဘဝကတည်းက ပေါလ်ပေါ့ဂ်ဘာသည် မန်ချက်စတာ ယူနိုက်တက်တွင် ပါဝင်ကစားရန် အရည်အသွေး ပြည့်ဝနေခဲ့ပြီး ဖြစ်ကြောင်း သီအာရီ အွန်နရီက မှတ်ချက်ပြု ပြောကြားလိုက်သည်။
ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ပွဲထွက်နေရာပေးရန် ငြင်းဆိုခြင်း ခံရသည့်နောက် ပေါ့ဂ်ဘာသည် အသင်းနှင့် သက်တမ်းတိုး စာမချုပ်တော့ဘဲ ဂျူဗင်းတပ်စ်သို့ အလွတ်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က ပေါ့ဂ်ဘာအသက်သည် (၁၉)နှစ်မျှသာ ရှိသေးပြီး ထို့နောက်ပိုင်းတွင် ဂျူဗင်းတပ်စ်နှင့် အတူ တစ်ဟုန်ထိုး တိုးတက်လာသလို (၃)နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် တောက်ပ လာခဲ့သည်။ အာဆင်နယ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း အွန်နရီက ၎င်းနှင့် တစ်နိုင်ငံတည်းသား ပြင်သစ် လက်ရွေးစင်သည် ထူးထူးကဲကဲ ကစားသမား တစ်ဦးဟု ညွှန်းဆိုခဲ့ပြီး ယူနိုက်တက် အနေဖြင့် ပေါ့ဂ်ဘာကို အခွင့်အရေး ပေးခဲ့သင့်ကြောင်း ဝေဖန်ခဲ့သည်။
လက်ရှိအချိန်တွင် အသက်(၂၂)နှစ်အရွယ် ပေါ့ဂ်ဘာကို ဥရောပထိပ်သီး အသင်းများစွာက အပြိုင် ချိတ်ဆက်နေပြီး ၎င်း၏ ပေါက်ဈေးသည်လည်း ပေါင်စတာလင် သန်း(၇၀)မျှထိ မြင့်တက်မည်ဟု သတင်းကြီးနေသည်။ အွန်နရီက “ပေါ့ဂ်ဘာဟာ တကယ့်ကို ထူးကဲကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါကြောင့်လည်း အသင်းတိုင်းက လိုချင်တာပေါ့”ဟု ဆိုသည်။ ၎င်းက “ဂျူဗင်းတပ်စ်မှာ သူဆက်နေဖြစ်မလား၊ ဒါတော့ ကျွန်တော်လည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သူက ဘယ်အသင်းမှာမဆို အံ့ဩစရာတွေ လုပ်ပြနိုင်မှာတော့ သေချာတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
အွန်နရီက ယူနိုက်တက်တွင် ပေါ့ဂ်ဘာ အနေဖြင့် အံဝင်စွာ ကစားနိုင်သည့် အဆင့်မျိုးထိ ရှိနှင့်ခဲ့ကြောင်းလည်း ဆိုသည်။ “တကယ်တော့ သူဟာ ယူနိုက်တက်ကို စွန့်ခွာသွားချိန်မှာ အသင်းအတွက် ကစားပေးဖို့ အဆင်သင့် အနေအထားလောက် ဖြစ်နေပါပြီ။ အဲဒီတုန်းက ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာတော့ ကျွန်တော် မသိဘူး။ ကျွန်တော့် အမြင်အရတော့ သူဟာ အဆင်သင့် ဖြစ်နေပြီ။ သူက ပြင်သစ်လူငယ် အသင်းနဲ့အတူ ကမ္ဘာ့ဖလားအဆင့် ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာကို ကျွန်တော် မြင်ခဲ့တယ်။ အဲဒီကတည်းက ပေါ့ဂ်ဘာဟာ တခြားလူငယ် ကစားသမားတွေနဲ့ ကွဲပြားနေမှန်း သတိထားမိပါတယ်။ သူဟာ ယူနိုက်တက်ကို စွန့်ခွာပြီး ဂျူဗင်းတပ်စ်ကို ပြောင်းခဲ့တယ်။ သူက တကယ့်ကို ထိပ်တန်းအဆင့် ကစားနိုင်ကြောင်း ပြခဲ့တယ်။ အခုဆိုရင်တော့ သူ့ကို လူတိုင်းက လိုချင်နေပါပြီ”ဟု အွန်နရီက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment