Pages

Subscribe:

Saturday, February 28, 2015

ဘာစီလိုနာနှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ခြင်း အတွက် ဘုရှ်ကွက်စ် ဝမ်းသာနေ



ဘာစီလိုနာနှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ခြင်း အတွက် ဘုရှ်ကွက်စ် ဝမ်းသာနေ

ဘာစီလိုနာနှင့် သက်တမ်းတိုး စာချုပ်နိုင်ခဲ့ခြင်းအတွက် အလွန် ဝမ်းသာ ပျော်ရွှင်မိကြောင်း ဆာဂျီယို ဘုရှ်ကွက်စ်က ဖွင့်ဟ ဝန်ခံခဲ့သည်။

ကာတာလန် အခြေစိုက် အသင်းကြီးသည် ကွင်းလယ် ဝင်ရိုးတွင် အဓိက အားထားရသူ တစ်ဦးဖြစ်သည့် စပိန်လက်ရွေးစင်ကို (၂၀၂၀)ပြည့်နှစ်ထိ သက်တမ်းတိုး စာချုပ်လိုက်သည်။ ဘာစီလိုနာ၏ လာမာစီယာ အကယ်ဒမီမှ ပေါ်ထွန်းလာသူ တစ်ဦးဖြစ်သည့် ဘုရှ်ကွက်စ်က ဘာစီလိုနာသည် ၎င်း၏ ဘဝအတွက် တစ်ခုတည်းသော အသင်းအဖြစ် ညွှန်းဆိုခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဘုရှ်ကွက်စ်သည် (၂၀၀၈)ခုနှစ်တွင် ဘာစီလိုနာတွက် စတင်ပွဲထွက်ခဲ့ပြီး နူးကမ့်၏ အရေးပါသော ကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ဘာစီလိုနာ၏ စာချုပ်သည် (၂၀၁၉)ထိ ဖြစ်သော်လည်း နောက်ထပ်တစ်နှစ် အလိုအလျောက် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်း သဘောတူညီထားသည်။ ဘုရှ်ကွက်စ်က ငယ်ဘဝ အသင်းနှင့် ရေရှည် ရှေ့ဆက် ကစားရမည့် အခြေအနေအပေါ် “ကျွန်တော် ပျော်ပါတယ်။ ဘာစီလိုနာဟာ ကျွန်တော့်အတွက်တော့ တစ်ဘဝလုံးစာ အသင်းပါပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော့်အသက် (၂၆)နှစ် ရှိပါပြီ။ ကျွန်တော့် အနာဂတ် အချိန်တွေ အများကြီးကို ဘာစီလိုနာအတွက် ရည်စူးထားပါတယ်။ ဘာစီလိုနာမှာ ရှာဗီဟာနန်ဒက်ဇ်၊ ကားလက်စ်ပူယိုးလ်နဲ့ အန်းဒရက်စ် အင်နီယေစတာတို့လို စံပြုစရာ ကစားသမားတွေ ရှိနေပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာက ခြေစွမ်းကောင်းကောင်းနဲ့ အရာရာကို စိတ်ကျေနပ်မှုအပြည့် ဖြတ်သန်းဖို့ပါ။ ဒါက တကယ့်ကို မရှိမဖြစ် လိုအပ်တဲ့ အနေအထားပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

ဘုရှ်ကွက်စ်သည် ယခုရာသီ ဘာစီလိုအတွက် ပွဲပေါင်း(၃၀) ကစားပြီး (၁)ဂိုး သွင်းယူထားနိုင်ခဲ့သည်။

Soccer Myanmar

ခြေစွမ်းပိုင်း အတန်ငယ် နိမ့်ကျနေကြောင်း ဒီမာရီယာ ဝန်ခံ ~ အင်္ဂလန်တွင် အထိုင်ကျရန် အချိန် ယူနေရဆဲဟု ဖွင့်ဟ



ခြေစွမ်းပိုင်း အတန်ငယ် နိမ့်ကျနေကြောင်း ဒီမာရီယာ ဝန်ခံ ~ အင်္ဂလန်တွင် အထိုင်ကျရန် အချိန် ယူနေရဆဲဟု ဖွင့်ဟ

မိမိ အနေဖြင့် ခြေစွမ်းပိုင်းအရ အတန်ငယ် ရုန်းကန်နေရကြောင်း ဝန်ခံခဲ့သော်လည်း အကောင်းဆုံး စွမ်းဆောင်ရည် ပြန်လည်ရရှိလာအောင် အားထုတ် ကြိုးစားနေကြောင်း အိန်ဂျယ်လ် ဒီမာရီယာက ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ အာဂျင်တီးနား တောင်ပံတိုက်စစ်သမားသည် အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိကာစ အချိန်ပိုင်းတွင် အထူးတလည် ခြေစွမ်းပြခဲ့သော်လည်း မကြာသေးမီ ပွဲစဉ်များတွင်မူ ရုန်းကန်နေခဲ့ရသည်။ ရီးယဲလ်မက်ဒရစ်မှ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၆၀)ဖြင့် ခေါ်ယူထားသည့် ကစားသမားက လက်ရှိ ရုန်းကန်နေရသော အခြေအနေသည် အင်္ဂလန် ဘောလုံးလောကနှင့် အထိုင်မကျသေး၍ ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

MUTVနှင့် အင်တာဗျူးတွင် ဒီမာရီယာက “ကျွန်တော် ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ မှန်းဆသလောက် ကောင်းကောင်း ကစားမပြနိုင်ခဲ့ဘူး။ ဒါကလည်း အင်္ဂလန်မှာ အထိုင်ကျအောင် အချိန်ယူ ပြင်ဆင်နေရခြင်းရဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ထင်ပါတယ်။ ကျွန်တော်က ယူနိုက်တက်မှာ အရမ်း အစကောင်းခဲ့တယ်။ ဒီတော့ ပရိသတ်ဆီက မျှော်လင့်ချက်က အရမ်းကြီး မြင့်တက်လာတယ်။ ကျွန်တော်ကတော့ တူညီတဲ့ အနေအထားအတိုင်း ရှေ့ဆက် ကြိုးစားနေမှာပါပဲ။ ဘောလုံးမှာတော့ တစ်ခါတစ်လေ အနိမ့်အမြင့် ကာလတွေ ကြုံတတ်ပါတယ်” ဟု ဆိုသည်။

၎င်းက “အရင် အသင်းတွေမှာလည်း ပုံမှန် ခြေစွမ်းရဖို့ ကျွန်တော် နည်းနည်းတော့ အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်အခု ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေဆဲပါ။ ကိုယ်ဘာလိုချင်တယ် ဆိုတာကိုပဲ တွေးတော အာရုံ စိုက်ထားပါတယ်။ ယူနိုက်တက်အတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ကျွန်တော် ပေးဆပ် ကစားသွားချင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

လီဗာပူးလ် ယူရိုပါလိဂ် ကစားခဲ့ရခြင်းက မိမိတို့ အတွက် အသာစီး အခြေအနေ တစ်ရပ်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု



လီဗာပူးလ် ယူရိုပါလိဂ် ကစားခဲ့ရခြင်းက မိမိတို့ အတွက် အသာစီး အခြေအနေ တစ်ရပ်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု

လီဗာပူးလ်အသင်း ယူရိုပါလိဂ် ကစား ထားရခြင်းက အန်းဖီးလ်တွင် ရင်ဆိုင်မည့် ပွဲစဉ်အတွက် မိမိတို့ကို အတန်ငယ် အသာစီးရစေကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

လီဗာပူးလ်သည် ကြားရက်တွင် ယူရိုပါလိဂ် ပွဲစဉ် ကစားထားရပြီး တနင်္ဂနွေနေ့တွင် မန်စီးတီးကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင် သွားမည်ဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘီဆစ်ခ်တက်စ်ကို အရေးနိမ့်ခဲ့သည့် ယူရိုပါလိဂ် ပွဲစဉ်တွင် ကစားသမား အချို့ကို အနားပေးပြီး ယခုပွဲစဉ်အတွက် လူချန်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ မန်စီးတီး ရုန်းကန်ရလေ့ရှိသည့် အန်းဖီးလ်တွင် ယခုတစ်ကြိမ်၌ ခြေစွမ်းပြ အနိုင်ရရန် ချီလီသား မန်နေဂျာကြီးက ယုံကြည်နေသည်။

ပယ်လီဂရီနီက တူရကီမှ လီဗာပူးလ် အချိန်နောက်ကျ ပြန်လာရသည့် ခရီးစဉ်နှင့် ပတ်သက်ပြီး “ဒါဟာ ကျွန်တော်တို့အတွက် သေချာပေါက် အသာစီးရမှု တစ်ခုလို့တော့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးတဲ့ အရာမှန်သမျှဟာ ပွဲကစားနေချိန် စွမ်းဆောင်ရည်ကြောင့်ပဲ ဖြစ်တည်လာတာကြောင့်ပါ။ တကယ်လို့ လီဗာပူးလ်က အင်္ဂလန်ကို မနေ့ညကမှ ပြန်ရောက်တဲ့အတွက် ကျွန်တော်တို့ နိုင်လိမ့်မယ် ဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ အယူအဆ မဟုတ်ပါဘူး” ဟု ဆိုသည်။

၎င်းက “ဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ် ကစားပြီး သောကြာနေ့မှ ပြန်ရောက်လာတယ် ဆိုတာက လီဗာပူးလ်အတွက် တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကို အကောင်းဆုံး ကြိုတင်ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒါကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းပါပဲ။ သူတို့ဟာ ယူရိုပါလိဂ် ကစားနေရတယ်လေ။ နောက်တစ်ပွဲကျရင် ကျွန်တော်တို့က ပြင်ဆင်ဖို့ ဆိုးရွားတဲ့ အနေအထား ကြုံနေတာ ဖြစ်ကောင်း ဖြစ်မယ်။ အန်းဖီးလ်မှာတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်မှ ဖြစ်ပါမယ်။ လီဗာပူးလ်မှာ တောင့်တင်းတဲ့ လူစာရင်းမျိုး ပိုင်ဆိုင်ထားတာကြောင့်ပါ။ သူတို့ဟာ ဘီဆစ်ခ်တက်စ်နဲ့ပွဲက ပွဲထွက်လူစာရင်းကို ထုတ်သုံးမယ်တော့ မထင်ဘူး။ လီဗာပူးလ်က တောင့်တင်းပြီး သူတို့ကွင်းကလည်း ကစားရတာ ခက်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ဗန်ဂါးလ်နှင့် ဆက်ဆံရေး မပြေလည်ဆိုသော သတင်းများကို ဒီဂီယာ ယတိပြတ် ငြင်းပယ်



ဗန်ဂါးလ်နှင့် ဆက်ဆံရေး မပြေလည်ဆိုသော သတင်းများကို ဒီဂီယာ ယတိပြတ် ငြင်းပယ်

မန်နေဂျာ လူးဝစ်ဗန်ဂါးလ်နှင့် ဆက်ဆံရေး ပျက်ပြားနေကြောင်း သတင်းများကို မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက ငြင်းဆိုသွားခဲ့သည်။

စပိန်ရှိ သတင်းဌာန အချို့ ယူနိုက်တက်တွင် ဒီဂီယာနှင့် ဗန်ဂါးလ်တို့ အချင်းချင်း စကားမပြောကြသည်မှာ တစ်လမျှ ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော်လည်း စပိန်လက်ရွေးစင် ဒီဂီယာက MUTVနှင့် အင်တာဗျူး အစီအစဉ်တွင် ယင်းကောလာဟလများသည် မုသားသက်သက်သာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ “ကျွန်တော်တို့အကြောင်း ရေးနေသမျှ ကိစ္စအားလုံးက မုသားသက်သက်တွေပဲ။ ကျွန်တော်ရော၊ မန်နေဂျာပါ အသင်းအတွက်၊ ကလပ်အတွက် အကောင်းဆုံး ဖြစ်စေဖို့ပဲ မျှော်လင့်ကြတယ်။ အဲဒီ ယုံတမ်းပုံပြင်တွေက အလိမ်အညာတွေချည်း ပြည့်နှက်နေတာပါ”ဟာ ပြောကြားသွားသည်။

အသက်(၂၄)နှစ်ရှိ ဒီဂီယာသည် ယခုရာသီ အထူးတလည် လက်စွမ်းပြနေသည့်နောက် ရီးယဲလ်မက်ဒရစ် အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။ ယူနိုက်တက်သည် ပထမအသင်းမှ ကစားသမား (၇)ဦးကို သက်တမ်းတိုး စာချုပ်ပြီး ဖြစ်သည့်တိုင် စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့သည့် ဒီဂီယာကို သက်တမ်းတိုးမြှင့်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ ဒီဂီယာက လက်ရှိကာလသည် ကစားသမား ဘဝ၏ အကောင်းဆုံး လက်စွမ်းကို ပိုင်ဆိုင်နေသော အနေအထားဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော့် ကစားသမား ဘဝမှာတော့ လောလောဆယ် အချိန်ဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ကျွန်တော် ကစားဖူးသမျှ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရနေတယ်။ လက်ရှိ အနေအထားကို ကျေနပ်နေတယ် ဆိုပေမယ့် လေ့ကျင့်ရေး အစီအစဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ ပိုပြီး တိုးတက်လာအောင်၊ ပိုပြီး ကောင်းမွန်လာအောင် ကျွန်တော် ကြိုးစားနေဆဲပါ။ အာရုံစူးစိုက်မှုကို (၁၀၀)ရာခိုင်နှုန်းအပြည့် အသုံးချထားပါတယ်။ ကျွန်တော့် အနေနဲ့ ရှေ့ဆက်ပြီးလည်း အခုလိုပဲ စွမ်းဆောင်ပြသွားချင်ပါတယ်”ဟု ဒီဂီယာက ပြောဆိုသွားသည်။

Soccer Myanmar

ယနေ့ ဘောလုံးပွဲခန့်မှန်းချက်များ











Friday, February 27, 2015

ဆိုလ်ဒါဒို၏ အပိုင်အခွင့်အရေး ဆုံးရှုံးမှုအတွက် စပါးမန်နေဂျာ ပိုချက်တီနို ညည်းညူ



ဆိုလ်ဒါဒို၏ အပိုင်အခွင့်အရေး ဆုံးရှုံးမှုအတွက် စပါးမန်နေဂျာ ပိုချက်တီနို ညည်းညူ

တိုက်စစ်မှူး ရောဘတ်တို ဆိုလ်ဒါဒို၏ အပိုင်အခွင့်အရေး ဆုံးရှုံးခဲ့မှုသည် ဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်၏ အဓိက အဆုံးအဖြတ် အခိုက်အတန့်တစ်ရပ် ဖြစ်ခဲ့ကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက ဝန်ခံခဲ့သည်။

စပါးသည် ပထမအကျော့ အိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျထားပြီးနောက် အီတလီမြေတွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် ပိုချက်တီနိုသည် ယခုသီတင်းပတ်ကုန် ချယ်လ်ဆီးနှင့် ကစားမည့် ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲအတွက် ကစားသမားကောင်း အမြောက်အမြားကို ချန်လှပ်ထားခဲ့ပြီး တိုက်စစ်တွင် ပုံစံကောင်း ရနေသည့် ဟယ်ရီကိန်းကို အနားပေးကာ ပုံမှန်ခြေစွမ်း ပျောက်နေသည့် စပိန်သား ဆိုလ်ဒါဒိုကို ပွဲထုတ်ခဲ့သည်။ ထိုပွဲ ပထမပိုင်းတွင် နာဆာချက်ဒ်လီနှင့် တွဲလုံးမှတစ်ဆင့် အပိုင်အခွင့်အရေး ရခဲ့သော်လည်း ယုံကြည်မှု ပျောက်ဆုံးနေဟန်ရှိသည့် ဆိုလ်ဒါဒိုက ကိုယ်တိုင်ကန်မသွင်းရဲဘဲ လူပေးရန် ကြိုးစားခဲ့ရာမှ ဖီအိုရင်တီးနားဂိုးသမား ကာကွယ်သွားနိုင်ခဲ့သည်။

ပိုချက်တီနိုက “ကျွန်တော်တို့အားလုံး စိတ်ပျက်မိကြပါတယ်။ ကစားသမားတွေလည်း အတူတူပါပဲ”ဟု ဆိုလ်ဒါဒို၏ အခွင့်အရေး ဖြုန်းတီးမှုနှင့် ပတ်သက်ပြီး ဝန်ခံခဲ့သည်။ ၎င်းက “ဒါက ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်တို့ ရှေ့အတွက်ပဲ ကြည့်ဖို့ လိုတော့တယ်။ အသင်းအနေနဲ့ အရှုံးကနေ အမြန်ဆုံး ရုန်းထလာဖို့ လိုပါတယ်။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အတွက် နောက်တစ်ပွဲ ကစားဖို့ ရှိနေတယ်။ ဆိုလ်ဒါဒိုရဲ့ လွဲချော်မှုဟာ ဒီပွဲရလဒ်အတွက် သော့ချက်လို ဖြစ်ခဲ့တာ အမှန်ပါ။ တစ်ခါတစ်လေတော့လည်း ကိုယ်ကစားတဲ့ပွဲ အနိုင်ရဖို့ ဂိုးသွင်းယူတဲ့အခါ နည်းနည်းကံကောင်းဖို့လည်း လိုအပ်တတ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက ကိန်းကို ချန်လှပ်ပြီး ဆိုလ်ဒါဒိုကို ထုတ်သုံးခဲ့ခြင်းအတွက် နောင်တမရကြောင်း အခိုင်အမာဆိုသည်။ “ဖီအိုရင်တီးနားဟာ ပထမပွဲ လူစာရင်းကနေ (၉)ယောက် အပြောင်းအလဲလုပ်ခဲ့တယ်။ ကျွန်တော်တို့က (၇)ယောက် ပြောင်းခဲ့တာပါ။ ဒီကိစ္စအတွက် ဘာကို ရှင်းပြနေရမယ်မှန်း မသိဘူး။ လောလောဆယ် ကျွန်တော်တို့ဟာ ပွဲစဉ်တွေ ကျပ်တည်းနေတယ်။ အသင်းမှာက တောင့်တင်းတဲ့ လူစာရင်းရှိတယ်။ ဒီအခြေအနေမှာ ကစားသမားတွေ အားလုံးကို အခွင့်အရေးပေးပြီး အသုံးချရမှာပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့သလို ပြိုင်ဘက်ကိုလည်း စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါတွေက ကြုံရတတ်တာပါပဲ”ဟုလည်း ပိုချက်တီနိုက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

ပရီးမီးယားလိဂ်ကိုသာ လီဗာပူးလ် အပြည့်အဝ အာရုံစိုက်တော့မည်ဟု ရော့ဂျာပြောကြား



ပရီးမီးယားလိဂ်ကိုသာ လီဗာပူးလ် အပြည့်အဝ အာရုံစိုက်တော့မည်ဟု ရော့ဂျာပြောကြား

ယူရိုပါလိဂ်မှ ထွက်ခွာလိုက်ရသည့်နောက် ပရီးမီးယားလိဂ်ကိုသာ အပြည့်အဝ အာရုံစိုက်တော့မည်ဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။

လီဗာပူးလ်သည် တူရကီမြေတွင် ဘီဆစ်ခ်တက်စ်ကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုးစီ သရေဖြစ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် (၅-၄)ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ခရိုအေးရှား ခံစစ်မှူး ဒီယန်လော့ဗ်ရန်း၏ ပင်နယ်တီ မဝင်မှုက လီဗာပူးလ်ကို ယူရိုပါလိဂ်နှင့် ဝေးကွာစေခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက “ကျွန်တော်တို့ အားထုတ် ကစားခဲ့တဲ့ စိတ်ဓာတ်ပိုင်းအရ ဒီလိုရလဒ်နဲ့ ကြုံခဲ့ရတာကို စိတ်ပျက်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဘက်ကို အခက်ကြုံအောင် ကစားနိုင်ခဲ့တယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော့် အသင်းအတွက် ဂုဏ်ယူပါတယ်။ ဒီပွဲမှာ အကောင်းဆုံး အားထုတ် ကစားပြခဲ့ကြတယ်။ ဒါပေမဲ့ အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ဖြစ်မလာတဲ့ အတွက်တော့ စိတ်ပျက်မိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ဖြတ်သန်းမှုကိုပဲ ဆက်ပြီး အာရုံစိုက်ရပါတော့မယ်။ ဒါဟာ အသင်းအတွက် ပိုကောင်းတဲ့ အခြေအနေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး အားထုတ် ကစားခဲ့တဲ့ ကျွန်တော့် အသင်းသားတွေကို အသိအမှတ် ပြုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ရော့ဂျာက လီဗာပူးလ်၏ ပဉ္စမမြောက် ပင်နယ်တီကို လွဲချော်အောင် ကန်သွင်းမိသည့် လော့ဗ်ရန်းကိုလည်း နှစ်သိမ့်စကား ဆိုခဲ့သည်။ “သူအကောင်းဆုံး ကစားနိုင်ခဲ့လျက်နဲ့ ဒါမျိုးဖြစ်ခဲ့တော့ ကျွန်တော်တို့လည်း စိတ်ပျက်ပါတယ်။ ဒါပေမဲ့ ပင်နယ်တီဆိုတာ ကန်တဲ့သူတိုင်း လွဲချော်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒီပွဲအတွက် သူက ပင်နယ်တီ လွဲသွားတယ်။ ဒါပါပဲ”ဟု မြောက်အိုင်ယာလန်သား မန်နေဂျာက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

လာမည့်ရာသီ ယူနိုက်တက်တွင် ပြန်ကစားလိုကြောင်း နာနီဝန်ခံ



လာမည့်ရာသီ ယူနိုက်တက်တွင် ပြန်ကစားလိုကြောင်း နာနီဝန်ခံ

မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားပြီး ကစားသမားဘဝ အကောင်းဆုံး ရှေ့ဆက်နိုင်ရန် မျှော်လင့်ထားဆဲဟု လူးဝစ်နာနီက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၈)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် နွေရာသီ ဈေးကွက်ကာလအတွင်း မားကို့စ်ရိုဟိုကို ယူနိုက်တက်က ခေါ်ယူချိန်၌ အလိုက်ပေး ကစားသမားအဖြစ် စပို့တင်း လစ္စဘွန်းထံ အငှားပြောင်းရွှေ့ခဲ့ရသည်။ ၎င်း၏ ငယ်မွေးခြံပေါက် ကလပ်တွင် လတ်တလော ခြေစွမ်းပြနေသည့် နာနီက ရာသီကုန်တွင် စပို့တင်းမှ ယူနိုက်တက်သို့ ပြန်လည် ပြောင်းရွှေ့ပြီး မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ အသင်းအတွက် ကစားလိုကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ယူနိုက်တက်တွင် ကစားရန် အခွင့်အလမ်း ရှိနေဆဲဟု အပြည့်အဝ ယုံကြည်ကြောင်း ဆိုသည်။

“ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ချစ်ပါတယ်”ဟု နာနီက ပြောကြားခဲ့သည်။ ၎င်းက “နွေရာသီတုန်းက ကျွန်တော် ဆုံးဖြတ်ခဲ့တာက ပွဲကစားခွင့်များများ ပိုရဖို့ပါ။ ကိုယ့်ရဲ့ အကောင်းဆုံး အနေအထားကို ပြန်ရောက်လာဖို့ပါ။ အဲဒီမတိုင်ခင် ရာသီက ကျွန်တော့်မှာ အဆုံးအရှုံးတွေ အများကြီး ရှိခဲ့တယ်။ အသင်းမှာ မန်နေဂျာ ပြောင်းသွားတယ်။ ကျွန်တော် ဒဏ်ရာတွေ ရခဲ့တယ်။ အနာဂတ်ကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါက အခြေအနေ အများကြီးအပေါ် မူတည်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို အသင်းမှာ ဆက်နေစေချင်တယ်ဆိုရင် လာမယ့်ရာသီ အသင်းမှာ ကျွန်တော် ဆက်ကစားချင်ပါတယ်။ ဒါပေမဲ့ ဒီအတွက် ဆွေးနွေးစရာ ကိစ္စတွေတော့ အများကြီး ကျန်နေဆဲပါ”ဟုလည်း နာနီက မှတ်ချက်ပြုခဲ့သည်။

နာနီသည် ပေါ်တူဂီလိဂ် ပွဲစဉ်အဖြစ် ဂီလ်ဗင်းဆင့်ကို အနိုင်ယူခဲ့ရာ၌ လှပသည့် မြေမကျ အဝေးကန်ချက်ဖြင့် တစ်ဂိုးသွင်းယူခဲ့သည်။ အဆိုပါ ဂိုးနှင့်ပတ်သက်ပြီး ယူနိုက်တက် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က နာနီကို ချီးကျူးဂုဏ်ပြုသည့် သတင်းစကား ပေးပို့ခဲ့ကြောင်း သိရသည်။ နာနီက “ဝုဒ်ဝက်ဒ်ဆီက Message ရခဲ့ပါတယ်။ သူက အဲဒီဂိုးနဲ့ ပတ်သက်ပြီး ရေးထားတာပါ။ ပြီးတော့ စပို့တင်းနဲ့အတူ အကောင်းဆုံး ရာသီတစ်ခု ဖြတ်သန်းနေနိုင်လို့ ဂုဏ်ယူတဲ့အကြောင်းလည်း ပြောပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဗန်ပါစီကို ယူနိုက်တက် တစ်လမျှ လက်လွှတ်ထားရဖွယ်ရှိ



ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဗန်ပါစီကို ယူနိုက်တက် တစ်လမျှ လက်လွှတ်ထားရဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ခြေကျင်းဝတ် ဒဏ်ရာကြောင့် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီကို တစ်လမျှ လက်လွှတ်ရဖွယ် ရှိနေကြောင်း သိရှိရသည်။

နယ်သာလန် လက်ရွေးစင် ကစားသမား၏ ဒဏ်ရာအခြေအနေကို သောကြာနေ့တွင် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အတည်ပြု ပြောကြားဖွယ် ရှိနေသည်။ ယူနိုက်တက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ဗန်ပါစီသည် အနည်းဆုံး သုံးပတ်နှင့် လေးပတ်မျှ အနားယူရမည်ဟု ခန့်မှန်းထားသည်။ ဗန်ပါစီသည် စနေနေ့က ဆွမ်ဆီးစီးတီးကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လေဘာတီ ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ထွက်ခွာသွားပြီး ၎င်း၏ ညာဘက်ခြေထောက်တွင် အကာအကွယ်ဖိနပ် စီးထားသည်ကို တွေ့ရသည်။

ထိုပွဲတွင် ဗန်ပါစီ ဒဏ်ရာရသွားချိန်၌ ယူနိုက်တက်သည် လူစားထိုးမှု သုံးခုစလုံး ပြုလုပ်ပြီး ဖြစ်နေခြင်းကြောင့် ကစားသမားသည် ပွဲအပြီးထိ လမ်းလျှောက်ရင်းသာ ကစားခဲ့ရသည်။ ဗန်ပါစီသည် အဆိုပါ ပွဲစဉ်တွင် ခြေစွမ်း ညံ့ဖျင်းခဲ့သော်လည်း ယခုရာသီတွင် သွင်းဂိုး(၁၀)ဂိုးဖြင့် အသင်း၏ ဦးဆောင် တိုက်စစ်မှူးအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ ဗန်ပါစီသည် ယခုရာသီတွင် အခြားခြေကျင်းဝတ် ဒဏ်ရာတစ်ရပ်ကိုလည်း ရရှိပြီး ဖြစ်သည်။ ဗန်ဂါးလ်သည် စနေနေ့တွင် ဆန်းဒါးလန်းနှင့် ကစားမည့် ပွဲစဉ်၌ ရာဒါမယ် ဖယ်လ်ကာအိုနှင့် ဂျိမ်းစ်ဝီလ်ဆင်တို့ကို တိုက်စစ်အတွက် အသုံးပြုသွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

ဘလက်ကက်ကို ယူနိုက်တက် စာချုပ်သက်တမ်းတိုး ချုပ်ဆို



ဘလက်ကက်ကို ယူနိုက်တက် စာချုပ်သက်တမ်းတိုး ချုပ်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်းသည် လူငယ်ခံစစ်မှူး တိုင်လာဘလက်ကက်ကို (၂၀၁၇)ထိ သက်တမ်းတိုး စာချုပ်လိုက်ကြောင်း သိရှိရသည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ဘယ်ခြမ်းနှင့် ဗဟိုခံစစ်တို့တွင် ကစားနိုင်သည့် အသက်(၂၀)အရွယ် ကစားသမားလေးကို ဆက်လက် ထိန်းသိမ်းထားရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ဖူးပြီး ယခုအခါ အသင်းနှင့် ဘလက်ကက်တို့ကြား အပြီးသတ် စာချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေးသည် ယခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဆွမ်ဆီးစီးတီးနှင့် ကစားရာတွင် အသင်းအတွက် ပြိုင်ပွဲအဆင့် ပထမဆုံးအကြိမ် ပါဝင်ခွင့် ရခဲ့သည်။

ဘလက်ကက်၏ စာချုပ်သည် ယခုရာသီ အကုန်တွင် ပြီးဆုံးမည် ဖြစ်သော်လည်း နောက်ထပ် (၂)နှစ် သက်တမ်းတိုးမြှင့်ခဲ့သလို အသင်းဘက်က တောင်းဆိုလျှင် (၂၀၁၈)ထိ အလိုအလျောက် သက်တမ်းတိုးမည့် အချက်ကိုပါ ထည့်သွင်းထားကြောင်း သိရသည်။ “ဘလက်ကက်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်။ သူ့မှာ အလားအလာကောင်းတွေ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်တယ်။ အခုဆို သူဟာ မှန်ကန်သင့်တော်တဲ့ အသင်းတစ်သင်းမှာ ရှိနေပြီး ခံစစ်မှူးကောင်း တစ်ယောက်ဖြစ်လာဖို့ တဖြည်းဖြည်း တိုးတက်လာနေဆဲလို့ ထင်ပါတယ်”ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ယခုလ အစောပိုင်းက ဘလက်ကက်ကဲ့သို့ အခြားလူငယ်ခြေတက် ခံစစ်မှူး တစ်ဦးဖြစ်သည့် ပက်ဒီ မက္ကနေးကိုလည်း စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

Soccer Myanmar

ရီးယဲလ်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည့် ခီဒီရာ



ရီးယဲလ်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည့် ခီဒီရာ

သီတင်းသုံးပတ်မျှ အနားယူနေရပြီးနောက် ကွင်းလယ်လူ ဆမ်မီ ခီဒီရာသည် ရီးယဲလ်မက်ဒရစ် အသင်းတွင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မည်ဟု သိရှိရသည်။

ဂျာမန်လက်ရွေးစင် ကစားသမားသည် ကြွက်သားဒဏ်ရာကြောင့် အနားယူနေရခြင်း ဖြစ်သည်။ ယခုအခါ စပိန်ကလပ်၏ ဆေးအဖွဲ့က လာမည့်သီတင်းပတ်မှ စတင်ကာ ခီဒီရာကို ပြန်လည် လေ့ကျင့်ခန်းဆင်းရန် ခွင့်ပြုပေးခဲ့သည်။ ယင်းအခြေအနေက ရီးယဲလ်နည်းပြ ကာလိုအန်ဆလော့တီအတွက် အားတက်စရာ ဖြစ်လာခဲ့သည်။ ခီဒီရာသည် အက်သလက်တီကို မက်ဒရစ်နှင့် ပွဲစဉ်တွင် ဒဏ်ရာ ရရှိသွားခဲ့သည့်နောက် ဒီပို့တီဗို လာကရူးနား၊ အယ်လ်ချေး၊ ရှော်လ်ကေးတို့နှင့် ပွဲစဉ်များကို လွဲချော်ခဲ့သည်။

“အဆုံးမှာတော့ ဆရာဝန်တွေက ကျွန်တော့် ဒဏ်ရာ ကင်းစင်ပြီး နောက်တစ်ပတ် လေ့ကျင့်ခန်း ဆင်းနိုင်ပြီလို့ ပြောကြားခဲ့ပါတယ်”ဟု ခီဒီရာက Social Mediaမှတစ်ဆင့် ကြေညာခဲ့သည်။ အသက်(၂၇)နှစ် အရွယ်ရှိ ခီဒီရာသည် ယခုရာသီ ရီးယဲလ်ကစားသည့် ပွဲစဉ်စုစုပေါင်း (၁၈)ပွဲကို လွဲချော်ခဲ့ပြီး ဆောင်းရာသီ ဈေးကွက်တွင် ဘာနေဗျူးမှ ထွက်ခွာမည်ဟု အလေးအနက် သတင်းကြီးခဲ့သည်။ ခီဒီရာ၏ စာချုပ်သည် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းသည် ရာသီမကုန်မီ မည်သည့်အသင်းနှင့်မဆို ကြိုတင်ဆွေးနွေးပြီး နွေရာသီတွင် အလွတ်ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။

ခီဒီရာကို လတ်တလောတွင် လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင်ကမူ ရီးယဲလ်တွင် စာချုပ်သက်တမ်း တိုးမြှင့်ကာ ဆက်ကစားလိုကြောင်း ဖွင့်ဟထားသည်။

Soccer Myanmar

ပင်ကို ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု ကော်စတာ ပြောကြား



ပင်ကို ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု ကော်စတာ ပြောကြား

ယှဉ်ပြိုင်လိုစိတ် ပြင်းပြင်းပြပြနှင့် ပွဲအပေါ် ချဉ်းကပ်တတ်သည့် မိမိ၏ ပင်ကိုဟန်ကို ပြောင်းလဲသွားမည် မဟုတ်ဟု ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာက ပြောကြားလိုက်သည်။

လီဗာပူးလ်နှင့်ပွဲတွင် ပြိုင်ဘက် ကစားသမား အမ်မရီကန်၏ လက်ကို တက်နင်းခဲ့သဖြင့် သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည့် စပိန်လက်ရွေးစင်သည် ဘန်လေနှင့်ပွဲတွင် ပြန်လည် ပါဝင်လာပြီး ယခုအခါ တော့တင်ဟမ် ဟော့စပါးနှင့် ကစားမည့် ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲအတွက် အသင့်ရှိနေပြီ ဖြစ်သည်။ ကော်စတာသည် ပြိုင်ဘက်ကို ဆွကစားသည့် အခြေအနေမျိုး ရှိနေကြောင်း မီဒီယာများ၏ ဝေဖန်မှုကို ခံရသည့်တိုင် ၎င်း၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ ကစားသမားဘဝ အဖွင့်ရာသီမှာ လှပအောင်မြင်နေပြီး (၁၈)ဂိုးထိ သွင်းယူထားနိုင်ခဲ့သည်။

ကော်စတာက “ကျွန်တော်ကတော့ ကိုယ့်ကစားဟန်ကို ပြောင်းပစ်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်ဟာ အရင်ကထက် နည်းနည်းတော့ ပိုဂရုစိုက်ဖို့ လိုလာပြီဆိုတာ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘာလုပ်လုပ် တခြားသူတွေနဲ့တန်းတူ ရှုမြင်ခံရတာ ဟုတ်ချင်မှ ဟုတ်မယ်လေ။ ကျွန်တော် တစ်ခုခု လုပ်လိုက်ပြီဆိုရင် တခြားကစားသမားတွေထက် ပိုပြီး ချဲ့ကားပြောဆို ခံရတယ်။ ကျွန်တော်က သူများထက်ပိုပြီး စောင့်ကြည့် ခံနေရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်ကို ပြောင်းဖို့ ဆိုတာကတော့ ဘယ်တော့မှ ဖြစ်မလာမယ့် ကိစ္စပါ။ ကျွန်တော်ကတော့ ကိုယ်လိုလားတဲ့ အခြေအနေအတိုင်းပဲ ဆက်ကစားသွားမှာပါ”ဟု ပြောကြားသွားသည်။

Soccer Myanmar

လီဗာပူးလ်ကို ပင်နယ်တီတွင် မည်ကဲ့သို့ အနိုင်ယူရမည်ကို သိရှိထားကြောင်း ဘီလစ် ပြောကြား



လီဗာပူးလ်ကို ပင်နယ်တီတွင် မည်ကဲ့သို့ အနိုင်ယူရမည်ကို သိရှိထားကြောင်း ဘီလစ် ပြောကြား

ကြာသပတေးနေ့က ယူရိုပါလိဂ်တွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မိမိ၏ အသင်းသည် လီဗာပူးလ်ကို အနိုင်ရရှိရန်အတွက် ယုံကြည်မှုအပြည့် ရှိခဲ့ကြောင်း ဘက်ဆစ်တက် နည်းပြ ဆလာဗန်ဘီလစ်က ပြောကြားလိုက်သည်။

တူရကီကလပ်သည် အန်ဖီးလ်တွင် ကစားခဲ့သည့် ယူရိုပါလိဂ် ပထမအကျော့တွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဂိုးစီ ဖြစ်နေသောကြောင့် အချိန်ပို ကစားခဲ့သော်လည်း အနိုင်အရှုံးမပေါ်သဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဘက်ဆစ်တပ်က လီဗာပူးလ်ကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ဒီအနိုင်ရလဒ်က ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ပင်နယ်တီမကန်ခင်မှာ ကစားသမားတွေကို ဖိအားမရှိဖို့ ပြောခဲ့ပါတယ်။ ဒါကပဲ အသင်းအတွက် ယုံကြည်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ဘီလစ်က ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် ပွဲသည် ဘီလစ်အတွက် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အသင်းနှင့် ၃ ကြိမ်မြောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဘက်ဆစ်တပ်သည် အာဆင်နယ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသလို ယူရိုပါ လိဂ်တွင် လည်း တော့တင်ဟမ် ဟော့စပါး နှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့နောက် အဲဗာတန် နောက်ခံ ကစားသမားဟောင်း ဘီလစ်က မိမိအနေဖြင့် ယူရိုပါလိဂ် နောက်တစ်ဆင့်တွင် အသင်းဟောင်းနှင့် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ဆိုခဲ့သည်။ “ကျွန်တော်တို့က အင်္ဂလိပ်အသင်း ၃ သင်းနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။ တကယ်လို့ အဲဗာတန်က အသင်းရဲ့ နောက်ထပ် ပြိုင်ဘက် ဖြစ်လာခဲ့မယ် ဆိုရင်လည်း ကျွန်တော် အံ့အားသင့်မိမှာ မဟုတ်ပါဘူး” ဟု ဘီလစ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒမ်ဘာဘားကလည်း “ကျွန်တော်တို့က အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ အသင်းမှာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ အသင်းအနေနဲ့ အကောင်းဆုံး ကစားနိုင်တယ်ဆိုရင် ဘယ်ပြိုင်ဘက်အသင်းနဲ့မဆို ရင်ဆိုင်နိုင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

နေပြည်တော် အကယ်ဒမီ လစာနှင့် ထောက်ပံ့ကြေး ကိစ္စများ အဆင် မပြေသေး



နေပြည်တော် အကယ်ဒမီ လစာနှင့် ထောက်ပံ့ကြေး ကိစ္စများ အဆင် မပြေသေး

နေပြည်တော် ဘောလုံး အသင်းမှ ဖွင့်လှစ်ထားသည့် နေပြည်တော် ဘောလုံး အကယ်ဒမီမှ အုပ်ချုပ်နည်းပြ အဖွဲ့ ဝင်တွေနဲ့ အကယ်ဒမီ ကစားသမားတွေလစာနှင့် ထောက်ပံ့ကြေးများ မရှိသေးဘူးလို့ သိရပါသည်။ နေပြည်တော် ဘောလုံး အကယ်ဒမီ အုပ်ချုပ်နည်းပြ အဖွဲ့ ဝင် ငါးဦး ရှိပြီးအကယ်ဒမီကစား သမားတွေကတော့ အယောက် သုံးဆယ်ခန့် ရှိတယ်လို့ သိရပြီး လက်ရှိ အချိန်အထိ လစာ နှင့် ထောက်ပံ့ကြေးများ မရရှိသည်မှာ ကိုးလခန့် ရှိပြီလို့ သိရပါသည်။
“ကျွန်တော်တို့ အနေနဲ့ မရတာ လစာနှင့် ထောက်ပံ့ကြေးများ မရရှိတာက ကိုးလကျော်လောက် ရှိပါပြီ။ သည်ကိစ္စနဲ့ ပတ်သတ်ပြီး အသင်း ဥက္ကဌ ဦးဖြိုးကိုကိုတင့်ဆန်းထံ စာတင်ပြ ထားပါတယ်။ သူတို့ ဖြေရှင်း ပေးရမှာက ငွေကျပ်သိန်းသုံးရာကျော်ဖိုးလောက် ရှိပါတယ်” လို့ နေပြည်တော် ဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးဝင်းမြင့်ကပြောပါသည်။
နေပြည်တော် ဘောလုံး အကယ်ဒမီဟာ ယခင် ဘောလုံး လေ့ကျင့်ရေး သင်တန်းကျောင်း အဖြစ် စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ခန့် က ဘောလုံး အကယ်ဒမီ အဖြစ် ပြောင်းလဲ ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး သက်တမ်းအလိုက် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းတွေမှာလည်း ကစားသမားတွေ အရွေးချယ် ခံခဲ့ရတယ်လို့ သိရပါသည်။ လစာနှင့် ထောက်ပံ့ကြေးများ မရရှိသေးတဲ့ နေပြည်တော် ဘောလုံး အကယ်ဒမီ အုပ်ချုပ် နည်းပြ အဖွဲ့ နဲ့ အကယ်ဒမီ ဘောလုံး အသင်း ကစားသမားတွေရဲ့ မိဘတွေဟာ ယခုရက် ပိုင်း အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားဖို့ ပြေလည်မှု မရှိပါက ဆန္ဒ ထုတ်ဖော်ပွဲ ပြုလုပ်မယ်လို့ သိရပါသည်။ နေပြည်တော် ဘောလုံး အသင်းဟာ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းရဲ့သား ဦးဖြိုးကိုကိုတင့်ဆန်း ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ အသင်း ဖြစ်ပြီးပြီးခဲ့တဲ့ နှစ်ကလည်း နေပြည်တော် ဖူဆယ် အုပ်ချုပ်နည်းပြ အဖွဲ့ နဲ့  ကစားသမားတွေနဲ့ လစာပြသနာ ကိစ္စ ဖြစ်ပေါ် ခဲ့ဖူးသလို ယခုအချိန် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သိ ရပါသည်။

Soccer Myanmar

ယနေ့ ဘောလုံးပွဲ ခန့်မှန်းချက်များ





Thursday, February 26, 2015

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ အက်သလက်တီကို တက်ရောက်နိုင်ခြေ ရှိနေဆဲဟု ဆီမြွန်းယုံကြည်



ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ အက်သလက်တီကို တက်ရောက်နိုင်ခြေ ရှိနေဆဲဟု ဆီမြွန်းယုံကြည်

ဘေယာလေဗာကူဆင်ကို အရေးနိမ်ခဲ့သည့်တိုင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်မည်ဟု ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်းက ပြောကြားလိုက်သည်။

စပိန်လာလီဂါ ချန်ပီယံ အသင်းသည် ဂျာမန်ကလပ်ကို အဝေးကွင်းတွင် (၁-၀)ဖြင့် အရေးနိမ့်ခဲ့ရာ ယင်းသည် (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ချန်ပီယံလိဂ်တွင် ဒုတိယမြောက် အဝေးကွင်းပွဲစဉ် အရေးနိမ့်မှု ဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဘေးအေရီနာ ကွင်းကြီးတွင် အိမ်ရှင်ကို ရှုံးခဲ့သည့်တိုင် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည်ဟု အာဂျင်တီးနားနည်းပြ ဆီမြွန်းက ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အက်သလက်တီကို ကွင်းလယ်လူ တီယာဂိုမန်းဒက်စ် အထုတ်ခံရပြီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၏ ဒုတိယပိုင်း ချေပဂိုးမှာလည်း အငြင်းပွားဖွယ် အခြေအနေဖြင့် ငြင်းပယ်ခံခဲ့ရသည်။

ဆီမြွန်းက “လေဗာကူဆင်ဟာ သူတို့ ကစားနေကျ ပုံစံအတိုင်း အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီပွဲမှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ရခဲ့ကြတယ်။ သူတို့ဘက်က ဒီအခွင့်အရေးကို ရအောင်ယူပြီး ကျွန်တော်တို့က မယူနိုင်ခဲ့ဘူး။ ပြောရရင် ဒီထက်ဆိုးတဲ့ ရလဒ်မျိုးတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယ အကျော့မှာတော့ ကျွန်တော်တို့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်မယ်လို့ ယုံကြည်မှု ရှိပါတယ်”ဟု ပြောကြားသွားသည်။ ယခုပွဲတွင် လေဗာကူဆင်အတွက် လက်စွမ်းပြခဲ့သည့် ဂိုးသမား ဘန်းလီနိုက အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

၎င်းက “ကျွန်တော်တို့အတွက် သိပ်ကို ကောင်းမွန်ထူးကဲတဲ့ ပွဲတစ်ပွဲပါပဲ။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ စွမ်းဆောင်ရည် အားနည်းမှုတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်ပြခဲ့တယ်။ ကျွန်တော်တို့ ခြေစွမ်းညံ့တဲ့ ပွဲတချို့တော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်ရုန်းထနိုင်တယ်ဆိုတာ သက်သေပါပဲ”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

အမ်းမရိတ်ကွင်းမှာ ချေမှုန်းခံလိုက်ရလို့ နောက်တဆင့်တက်ဖို့ မလွယ်တော့တဲ့ အာဆင်နယ်



အမ်းမရိတ်ကွင်းမှာ ချေမှုန်းခံလိုက်ရလို့ နောက်တဆင့်တက်ဖို့ မလွယ်တော့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ၁-၃ ဂိုးနဲ့ အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်သွားခဲ့တာကြောင့် နောက်တဆင့်တက်ဖို့အရေးဟာ မှေးမှိန်သွားခဲ့ပြီဖြစ်ဖြစ်ပါတယ်။ အိမ်ကွင်းမှာ သုံးဂိုးပေးရပြီး ရှုံးတာကြောင့် ပြင်သစ်မြေမှာ အာဆင်နယ်အသင်း ဂိုးမပေးရပဲ အနည်းဆုံး သုံးဂိုး သွင်း နိုင်မှ သာနောက် တဆင့် မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဘက်က တိုက်စစ်မှူးဂျီရုဒ်ကို အထောင်ထားပြီး အိုဇေး၊ ဆန်းချက်ဇ်၊ ဝဲလ်ဘက်တို့နဲ့ ပွဲထွက်လာခဲ့ပြီး မိုနာကိုကတော့ ဘာဘာတော့ဗ်နဲ့ ကော်တင်ဟိုကို ထုံးစံအတိုင်း ရှေ့တင်ပြီး ခံစစ်ကိုလုံခြုံအောင်ပိတ်ဆို့ခဲ့တာတွေ့ရပါတယ်။ အာဆင်နယ်ဟာ အိမ်ရှင်အသင်းဖြစ်နေတဲ့အတွက် ဂိုးသွင်းရမယ်ဆိုတဲ့ ဖိအားနဲ့ ကစားနေခဲ့ပေမယ့် အမှားအယွင်းမရှိ ဖြစ်နေတဲ့ မိုနာကိုနောက်တန်းကို ကျော်ဖြတ်လို့ မရဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်အသင်းရဲ့ ဖိအားပေးထိုးဖောက်မှုက အဆုံးသတ်သေချာမယ်ဆိုရင် အနည်းဆုံး နှစ်ဂိုးလောက်ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မိုနာကိုအသင်းဘက်က မထင်မှတ်တဲ့အချိန်မှာ ဂိုးရသွားချိန်မှာတော့ အာဆင်နယ်ရဲ့ကစားပုံ ကျဆင်းသွားခဲ့သလို မိုနာကိုကလည်း ကစားပုံ ပိုမိုကျစ်လစ်လာ ခဲ့တာတွေ့ရပါတယ်။ ပွဲချိန် ၃၈ မှာ ကိုက် ၃၀ လောက်က မိုနာကိုကွင်းလယ်ကစားသမား ကန်ဒေါ့ဘီယာ ရဲ့ကန်ချက်ဟာ ဂိုးပေါက်မတည့်ပေမယ့် မာတီဆက်ကာနဲ့ထိပြီးလမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဧည့်သည်အသင်း အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ပထမပိုင်းမှာပဲ အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်အပိုင်အခွင့်အရေး နှစ်ကြိမ် ဖြုန်းတီးပစ်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ဖိအားပေးတာ အာဆင်နယ်ဖြစ်ပေမယ့် ဂိုးရသွားတာကတော့ မိုနာကိုဖြစ်ပါတယ်။ ၅၃ မိနစ်မှာ ဘာဘာတော့ဗ်ကသွင်းယူသွားခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ အာဆင်နယ်ဟာ ကစားပုံပထမပိုင်းကလောက် မကောင်းမွန်တော့တာ တွေ့ရပါတယ်။ ပွဲပြီးဆုံးခါနီးမှာ ဂိုးကွာဟချက် ကျဉ်းမြောင်းသွာေးအာင် အာဆင်နယ်တက တစ်ဂိုးလောက်ရဖို့ ကြိုးစားရုန်းကန်ခဲ့တာ တွေ့ရပါတယ်။ မိနစ်ကိုးဆယ်ပြည့်သွားလို့ နာကျင်အချိန် စပေးတဲ့ အချိန်မှာပဲ လူစားဝင်လာတဲ့ ချိန်ဘာလိန်က အာဆင်နယ်အတွက် မျှော်လင့်ချက် ရှင်သန်စေမယ့် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အိုဇေးဖြတ်တင်လိုက်တဲ့ ဘောလုံးကို မိုနာကိုနောက်တန်းရှင်းထုတ်ရာကတဆင့် ချိန်ဘာလိန်ဆီဘောလုံးရောက်ပြီး ကန်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် မိုနာကိုလူစားဝင်ကစားသမား ကာရက်စ်ကိုရဲ့ဂိုးကို နှစ်မိနစ်အကြာမှာ ထပ်ပြီးခွင့်ပြုပေးလိုက်ရလို့ အာဆင်နယ်အတွက် မျှော်လင့်ချက်ကုန်သလောက်ဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ တစ်ပွဲလုံးမှာ ပင်နယ်တီဧရိယာထဲကနေ မိုနာကိုဂိုးဘက်ကို ၁၃ ကြိမ်လောက် ကန်သွင်းခဲ့ပေမယ့် တစ်ဂိုးပဲရအောင် စွမ်းဆောင်နိုင်ခဲ့တာက ဒီလိုအဖြေကို ထွက်လာစေတာဖြစ်ခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ဟာ ပြင်သစ်အသင်းတစ်သင်းကို ပထမဆုံးအကြိမ်ရှုံးဖူးသွားပြီဖြစ်ပါတယ်။

Soccer Myanmar

တယောက်လျော့ အသလက်တီကို ဂျာမနီမြေမှာ ရှုံးပွဲတွေ့



တယောက်လျော့ အသလက်တီကို ဂျာမနီမြေမှာ ရှုံးပွဲတွေ့

ပြည်တွင်းပြိုင်ပွဲမှာ ခြေစွမ်းတည်ငြိမ်မှာ အားနည်းနေတဲ့ လေဗာကူဆင်ဟာ အသလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ဂိုးသွင်းထားနိုင်မှ နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိမယ်ဆိုတာကို နားလည်ထားတဲ့ လေဗာကူဆင်ဟာ တိုက်စစ်ခံစစ် မျှတအောင် ကစားနိုင်ခဲ့တာတွေ့ရပါတယ်။

အသလက်တီကိုဘက်က မန်ဇူကစ်နဲ့ ဂရစ်ဇ်မန်းကို ရှေ့မှာထားပြီး ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့သလို လေဗာကူဆင်ကလည်း တိုက်စစ်မှူး ဒါမစ်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ ခံစစ်ကိုအမှားမရှိအောင် ကစားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ကွင်းလယ်ချင်းသာ အားပြိုင်နေခဲ့ပြီး ထိရောက်တဲ့ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ အသလက်တီကိုရဲ့ ထိုးဖောက်မှုတွေကို ပထမပိုင်းမှာ လေဗာကူဆင်နောက်ခံကစားသမား စပါဟစ် နှစ်ကြိမ်လောက်ဖျက်ထုတ်နိုင်ခဲ့လို့လည်း အသလက်တီကိုအခက်ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ အိမ်ရှင်အသင်းလိုအပ်နေတဲ့ ဦးဆောင်ဂိုးကို စတင်ရရှိသွားခဲ့တာ တွေ့ရပါတယ်။ ဦးဆောင်ဂိုးရလိုက်လို့လည်း လေဗာကူဆင်ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပိုမိုတက်ကြွလာခဲ့ပြီး အသလက်ကိုအသင်း ကစားရခက်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာ လေဗာကူဆင်ကစားသမား ဘယ်လာရာဗီက ပင်နယ်တီအစပ်နားကိုဆွဲလာပြီး အသင်းဖော် ကာဟာနော့ဂ်လူကို ဖနောင့်နဲ့ချပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကာဟာနော့ဂ်လူက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့လို့ အိမ်ရှင်အဖွင့်ဂိုး ရသွားခဲ့တာပါ။ လူစားဝင်လာတဲ့တောရက်စ်ကလည်း အသလက်တိုကိုအသင်းကို မကူညီနိုင်ခဲ့ပါဘူး။ ၇၆ မိနစ်မှာ မလိုအပ်တဲ့ ဖျက်ထုတ်မှုကြောင့် အသလက်တီကိုကစားသမား တီယာဂို နှစ်ဝါ၊ တစ်နီနဲ့ ထွက်ခဲ့ရပါတယ်။ ချေပဂိုးရဖို့ ကြိုးစားနေတဲ့ အသလက်တီကိုအတွက် နစ်နာခဲ့ရပြီး ကစားအားပိုလျော့ကျသွားခဲ့ရပါတယ်။ ဒုတိပိုင်းမှာ အသလက်တီကိုရဲ့ ဂိုးပေါက်အပိုင်ကန်ချက်ကို နှစ်ကြိမ်ထက်မနည်း ကာကွယ်သွားခဲ့တဲ့ လေဗာကူဆင် ဂိုးသမားလီနိုရဲ့ လက်စွမ်းကလည်း ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

အဆုံးသတ်မှာတော့ လေဗာကူဆင်အသင်းနိုင်ပွဲရခဲ့ပေမယ့် ကျဉ်းမြောင်းတဲ့ရလဒ်ဖြစ်နေတာကြောင့် အိမ်ကွင်းမှာ ပြန်ကစားရမယ့် အသလက်တီကိုအတွက်လည်း အခွင့်အရေးရှိနေပါသေးတယ်။

Soccer Myanmar

အာဆင်နယ်ထက် မိုနာကိုက နိုင်ပွဲဆာလောင်မှု ပိုပြင်းပြခဲ့ဟု ဘာဘာတော့ဗ် မှတ်ချက်ပြု



အာဆင်နယ်ထက် မိုနာကိုက နိုင်ပွဲဆာလောင်မှု ပိုပြင်းပြခဲ့ဟု ဘာဘာတော့ဗ် မှတ်ချက်ပြု

အမ်းမရိတ်စ်တွင် မိုနာကိုသည် အာဆင်နယ်ထက် ပွဲကို ဆာဆာလောင်လောင် ကစားသွားခဲ့ကြောင်း တိုက်စစ်မှူး ဒီမစ်တာ ဘာဘာတော့ဗ်က မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။

ဘူလ်ဂေးရီးယား ဝါရင့်တိုက်စစ်မှူးသည် ပြင်သစ်ကလပ်က အိမ်ရှင်အပေါ် (၃-၁)ဖြင့် အနိုင်ရခဲ့သည့် အောင်ပွဲတွင် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ ဖူလ်ဟမ်တို့နှင့်အတူ ပရီးမီးယားလိဂ် အတွေ့အကြုံများစွာ ရှိခဲ့ဖူးသည့် ဘာဘာတော့ဗ်က မြောက်လန်ဒန် နိုင်ပွဲနှင့် ပတ်သက်ပြီး မိမိ၏အသင်း မိုနာကိုသည် အာဆင်နယ်ထက် စိတ်ဓာတ်ပိုင်း ပိုမိုကောင်းမွန်စွာဖြင့် ဆာလောင်မှုအပြည့် အားထုတ်သွားခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ရလဒ်ကြောင့် မိုနာကိုသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းရန် အလွန်နီးစပ်သွားပြီ ဖြစ်သည်။

ဘာဘာတော့ဗ်က “ဒီရလဒ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မထားလောက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်အရည်အသွေးအပေါ် ကိုယ်ယုံကြည်ထားပြီးသားပါ။ ဒီနိုင်ပွဲဟာ မိုနာကိုအတွက် အပြည့်အဝ ထိုက်တန်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ကျွန်တော်တို့ အနေနဲ့ ရလာတဲ့ အခွင့်အရေးတွေကို ဂိုးရအောင် လက်တွေ့ သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ အသင်းအတွက် ခမ်းနားတဲ့ နိုင်ပွဲတစ်ပွဲပဲ။ ဘယ်သူမှ ထင်မထားဘူးလေ။ ဒါပေမဲ့လည်း ပွဲမပြီးသေးပါဘူး။ နောက်တစ်ပွဲ ကစားဖို့ ကျန်နေသေးတယ်။ အာဆင်နယ်ဟာ အန္တရာယ် ပေးနိုင်ဆဲ အသင်းတစ်သင်းပါ”ဟု မှတ်ချက်ပြုခဲ့သည်။

ဘာဘာတော့ဗ်က “အာဆင်နယ်က အသင်းကောင်းပါ။ ဒါပေမဲ့ အနိုင်ရလဒ်ကို ကျွန်တော်တို့က သူတို့ထက် ပိုပြီး ဆာလောင်ခဲ့တယ်။ တစ်ကွင်းလုံး စိတ်ဓာတ်အပြည့် လိုက်ကစားခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ်ထားတဲ့ အရာကို အောင်မြင်အောင် လုပ်ပြခဲ့တယ်။ ဂိုးတွေ သွင်းခဲ့တယ်။ ဘောလုံးရဲ့ အနှစ်ချုပ်က ဂိုးတွေပါပဲ။ ကျွန်တော်တို့ သုံးဂိုးသွင်းပြီး နိုင်ခဲ့တယ်။ အာဆင်နယ်လို အသင်းမျိုးက လျှော့တွက်ခံမယ့် အခြေအနေမှာ မရှိပါဘူး။ ဒါပေမဲ့ သူတို့ ဒီလိုဖြစ်သွားပြီ ဆိုရင်လည်း သူတို့အတွက် တော်တော်လေး အခြေအနေ ဆိုးတယ်လေ။ အခုဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့ပါပြီ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

ကိုယ့်အဝတ် ကိုယ်လျှော်ရတော့မည့် ပါးမား ကစားသမားများ



ကိုယ့်အဝတ် ကိုယ်လျှော်ရတော့မည့် ပါးမား ကစားသမားများ

ပါးမား ကစားသမားများ အနေဖြင့် မိမိတို့ ဝတ်ဆင်ထားသည့် ဂျာစီများကို ကိုယ်တိုင် လျှော်ဖွပ်ရတော့မည်ဟု သိရှိရသည်။

ငွေရေးကြေးရေး အကျပ်အတည်းများ ဆိုးဆိုးရွားရွား ကြုံနေရသည့် အီတလီ စီးရီးအေ ကလပ်အသင်းသည် စီးရီးဘီသို့ တန်းဆင်းရန် ကြိုတင် သတ်မှတ်ခံထားရပြီး ဖြစ်သည်။ ပါးမားသည် လွန်ခဲ့သည့် နှစ်လအတွင်း ပိုင်ရှင်နှစ်လက် ပြောင်းခဲ့ပြီး ကစားသမားများ အနေဖြင့်လည်း တစ်ရာသီလုံးစာ လုပ်ခလစာ မရရှိသေးချေ။ အမှတ်ပေးဇယား အောက်ခြေတွင် ရှိနေသည့် ပါးမားအသင်းသည် ကွင်းလုံခြုံရေး ဝန်ဆောင်မှု အဖိုးအခများ မပေးချေနိုင်သဖြင့် ယခုသီတင်းပတ်ကုန် အူဒီးနီးစ်နှင့် ကစားမည့် စီးရီးအေ ပွဲစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပြီး ဖြစ်သည်။ ယင်းအတိုင်း ဆက်သွားပါက ပါးမားသည် ရာသီကုန်ထိ လက်ကျန်အသင်းတိုင်းကို (၃-၀)ဖြင့် အလိုအလျောက် အရှုံးပေးရမည့် သဘောလည်း သက်ရောက်လာသည်။

“ဒီနေ့သတင်းကတော့ ကျွန်တော်တို့ ကိုယ့်အဝတ် ကိုယ်လျှော်ရတော့မယ် ဆိုတာပါပဲ။ မနက်ဖြန်ကစလို့ အသင်းမှာ အဝတ်လျှော်ပေးတဲ့ ဝန်ဆောင်မှု ဆက်မထားနိုင်တော့ဘူး။ ကိုယ့်အဝတ်အစားတွေ ကိုယ်အိမ်ပြန်သယ်ပြီး လျှော်ဖို့ပဲ ရှိတော့တယ်”ဟု ပါးမား အသင်းခေါင်းဆောင် အလက်ဇန္ဒရို လူကာရယ်လီက ပြောကြားခဲ့သည်။ ပါးမားသည် ငွေကြေး အကျပ်အတည်း ဆိုးရွားစွာ ကြုံတွေ့နေရသည့်အတွက် နည်းပြ ရောဘတ်တို ဒိုနာဒိုနီ အသုံးပြုသည့် ခုံတန်းတစ်ခု အပါအဝင် အဝတ်လဲခန်းထဲရှိ ပစ္စည်းအားလုံးကိုလည်း လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း ANSA သတင်းဌာနက ဖော်ပြခဲ့သည်။

ပါးမား၏ နောက်ဆုံး ဥက္ကဋ္ဌဖြစ်သူ ဂီယမ်ပီယက်ထရို မာနန်တီက ဂျီနိုအာနှင့်ပွဲစဉ်ကို ဆက်ကစားနိုင်အောင် ကြိုးပမ်းနေသော်လည်း ကစားသမားများကို အကြိုအပို့ ပြုလုပ်ပေးရုံသာ တတ်နိုင်မည်ဟု ဝန်ခံထားသည်။ “အသင်းအနေနဲ့ ငွေရေးကြေးရေး ပေးချေရမယ့် ကိစ္စ ဘာမှ မလုပ်နိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ လူကာရယ်လီကမူ အသင်းက အကြိုအပို့ မလုပ်လျှင်ပင် ကစားသမားများ အနေဖြင့် ကိုယ့်ကားဖြင့်ကိုယ် သွားရောက်ပြီး ပွဲကစားရန် ဆန္ဒရှိကြောင်း ဆိုသည်။ “အသင်းဘတ်စ်ကား ရှိမရှိ ဆိုတာက စိတ်ပူရမယ့် ကိစ္စမဟုတ်တော့ဘူးလို့ ကျွန်တော် ထင်တယ်။ ခက်တာက ဟိုတယ်ကိစ္စပါ အဆင်မပြေရင်တော့ နည်းနည်း ဒုက္ခရောက်နိုင်တယ်”ဟု ၎င်းက ဖွင့်ဟခဲ့သည်။

ပါးမားသည် စီးရီးအေ ချန်ပီယံဆုကို တစ်ကြိမ်မျှ မရရှိခဲ့ဖူးသည့်တိုင် အီတလီတွင် သမိုင်းကြောင်းကောင်းသော အသင်းတစ်ခုအဖြစ် ရပ်တည်ခဲ့ဖူးပြီး UEFAဖလား နှစ်ကြိမ်၊ UEFA ရှုံးထွက်ဖလား တစ်ကြိမ်နှင့် အီတလီ ရှုံးထွက်ဖလား သုံးကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ဖူးသည်။

Soccer Myanmar

ပေါ့ဂ်ဘာ လမ်းစဉ်အတိုင်း ပီရဲရားကိုလည်း ဂျူဗင်းတပ်စ် ချဉ်းကပ်ခေါ်ယူဖွယ်ရှိနေ



ပေါ့ဂ်ဘာ လမ်းစဉ်အတိုင်း ပီရဲရားကိုလည်း ဂျူဗင်းတပ်စ် ချဉ်းကပ်ခေါ်ယူဖွယ်ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေသည့် လူငယ် ကွင်းလယ် ကစားသမား အန်ဒရက်စ် ပီရဲရားကို ခေါ်ယူရန် ဂျူဗင်းတပ်စ် အသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်က ယူနိုက်တက်တွင် စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့သည့် ပြင်သစ်လူငယ် ပေါလ်ပေါ့ဂ်ဘာကို အလွတ်ဈေးဖြင့် ခေါ်ယူခဲ့သည့် ခြေလှမ်းမျိုး နောက်တစ်ကြိမ် ထပ်လှမ်းရန် အီတလီ စီးရီးအေ ချန်ပီယံ အသင်းက ပြင်ဆင်နေကြောင်း သိရသည်။ အသက်(၁၉)နှစ် အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေးသည် နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် ပြင်ဆင်နေသည်။ အသင်းက ၎င်းကို စာချုပ်သစ် ကမ်းလှမ်းထားသည့်တိုင် ကာယကံရှင် ကစားသမားက ပယ်ချထားခဲ့သည်။

ယူနိုက်တက် အနေဖြင့် ပီရဲရားကို ဆက်ထိန်းထားရန် ကြိုးပမ်းနေဆဲ ဖြစ်သည့်တိုင် ဂျူဗင်းတပ်စ်က အဆိုပါ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။ ဘယ်လ်ဂျီယံ ပတ်စ်ပို့တ်လည်း ကိုင်ဆောင်ထားသည့် ပီရဲရားကို ပြင်သစ်ချန်ပီယံ PSGကလည်း ချိန်ရွယ်နေသည်။ ပီရဲရားသည် ယူနိုက်တက်တွင် (၃)နှစ်ခွဲကြာ ပညာယူ ကစားပြီးနောက် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် စီစဉ်လျက် ရှိသည်။ ၎င်းကိုယ်တိုင်ကလည်း ပေါ့ဂ်ဘာနည်းတူ ဂျူဗင်းတပ်စ်နှင့် စာချုပ်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပီရဲရားက အရိပ်အမြွက် ဖွင့်ဟထားသည်။

“ဂျူဗင်းတပ်စ်ဟာ ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်ခုဆိုတာ လူတိုင်းအသိပဲလေ။ ပေါ့ဂ်ဘာနဲ့လည်း ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော့်အတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ တူရင်ကို ပြောင်းလာမယ်ဆိုရင် ကျွန်တော့်ကို ကောင်းကောင်း ကြိုဆိုမယ်လို့ သူက ကတိပေးခဲ့ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် အနေနဲ့ရော၊ ပုဂ္ဂိုလ်ရေးအရပါ ကျွန်တော်နဲ့ အကျွမ်းဝင် ခင်မင်သူပါ။ လောလောဆယ် ကျွန်တော် ယူနိုက်တက်မှာပဲ ရှိပါသေးတယ်။ ကျွန်တော့် အေးဂျင့်ကတော့ ကမ်းလှမ်းမှုတွေကို ဆန်းစစ်နေပါတယ်။ ဂျူဗင်းတပ်စ်ဆီက အပါအဝင်ပေါ့။ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော့် လက်ရှိအသင်းဆီက ကမ်းလှမ်းမှုကို ကျွန်တော် ပယ်ချထားတယ် ဆိုတာကလည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး”ဟု ပီရဲရားက ပြောကြားခဲ့သည်။

၎င်းက “အီတလီ လိဂ်ပြိုင်ပွဲတွေအကြောင်း ကျွန်တော် ကြားဖူးပါတယ်။ တကယ်လို့ အဲဒီမှာ သွားကစားဖြစ်ရင်လည်း ကျွန်တော် စိတ်ပျက်မှာ မဟုတ်ပါဘူး။ စီးရီးအေဟာ အကောင်းဆုံး စာရင်းဝင် လိဂ်ပြိုင်ပွဲ တစ်ခုပါ။ ဒါပေမဲ့ အခုအချိန်ထိတော့ ကျွန်တော် ဘာကိုမှ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

နိုက်ဂျီးရီးယား၏ စိတ်ဝင်စားမှုကြောင့် အိုင်ဘီကို အင်္ဂလန် လက်ရွေးစင်အသင်းတွင် အလျင်အမြန် နေရာပေးဖွယ်ရှိ



နိုက်ဂျီးရီးယား၏ စိတ်ဝင်စားမှုကြောင့် အိုင်ဘီကို အင်္ဂလန် လက်ရွေးစင်အသင်းတွင် အလျင်အမြန် နေရာပေးဖွယ်ရှိ

နိုက်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်၏ စိတ်ဝင်စားမှု အရိပ်အယောင်များကြောင့် ယော်ဒန်အိုင်ဘီကို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အမြန်ဆုံး ရွေးချယ်ရန် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ကြိုးပမ်းလာဖွယ် ရှိနေကြောင်း သိရသည်။

အသက်(၁၉)နှစ် အရွယ်ရှိ လူငယ်တောင်ပံ တိုက်စစ်သမားလေးသည် ဒါဘီကောင်တီတွင် အငှားထွက်ကစားရာမှ ပြန်လာပြီးနောက်ပိုင်း လီဗာပူးလ် ပထမအသင်းတွင် တောက်လျှောက် ခြေစွမ်းပြလျက် ရှိသည်။ ၎င်းသည် အင်္ဂလန် အသက်(၁၈)နှစ်အောက်၊ (၁၉)နှစ်အောက်နှင့် (၂၀)နှစ်အောက် လက်ရွေးစင် အသင်းများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအခါ မန်နေဂျာ ဂါရတ်သ်ဆောက်သ်ဂိတ်၏ အသက်(၂၁)နှစ်အောက် အသင်းတွင် ရွေးချယ်ခံထားရသည်။ သို့သော်လည်း မိဘမျိုးရိုး ဆင်းသက်မှုအရ အိုင်ဘီသည် နိုက်ဂျီးရီးယား လက်ရွေးစင် အသင်းကို ကိုယ်စားပြုခွင့် ရှိနေရာ ယင်းကို နိုက်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က စိတ်ဝင်စားလာခြင်း ဖြစ်သည်။

အိုင်ဘီ၏ ဖခင်သည် နိုက်ဂျီးရီးယားနွယ်ဖွား တစ်ဦးဖြစ်ရာ အာဖရိက ထိပ်တန်းအသင်းက ၎င်းတို့ကို ကိုယ်စားပြုရန် အိုင်ဘီ၏ ဖခင်ထံမှတစ်ဆင့် ချဉ်းကပ်လာဖွယ် ရှိနေသည်။ ထိုသို့သော အခြေအနေများကြောင့် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် ကိုင်တွယ်နေသည့် အင်္ဂလန် အသင်းသည် အိုင်ဘီကို လက်ရွေးစင် ပွဲဦးထွက်ခွင့် အမြန်ဆုံး ပေးအပ်သွားဖွယ် ရှိနေသည်။ ဟော့ဂ်ဆန်သည် အိုင်ဘီ၏ တိုးတက် ဖြစ်ထွန်းမှုများကို တောက်လျှောက် စောင့်ကြည့်နေပြီး ဇွန်လတွင် ကစားမည့် အိုင်ယာလန်၊ ဆလိုဗေးနီးယားတို့နှင့် ပွဲစဉ်များတွင် အသင်းလူစာရင်း၌ ထည့်သွင်းရွေးချယ်သွားဖွယ် ရှီနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလရွှေ့ ဆိုင်းခြင်းဖြင့် နစ်နာမည့် ကလပ်များ ကိုလျော်ကြေးပေး ရန်ဖီဖာငြင်းဆန်



ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလရွှေ့ ဆိုင်းခြင်းဖြင့် နစ်နာမည့် ကလပ်များ ကိုလျော်ကြေးပေး ရန်ဖီဖာငြင်းဆန်
Written by  ဝေဘုန်းလူ
ဇူးရစ်၊ ဖေဖော်ဝါရီ ၂၆။    ။၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ ကိုနိုဝင်ဘာနှင့် ဒီဇင်ဘာ  သို့ရွှေ့ဆိုင်း မည့်အစီ အစဉ်နှင့် ပတ်သက်ပြီး  ကလပ်အသင်း များနှင့် လိဂ်များ ကိုလျော်ကြေးပေး မည်မဟုတ်ဟု ဖီဖာ ကကြေညာ လိုက်သည်။
အမှတ်အပေးပြိုင်ပွဲ အများအပြားကို ကမောက် ကမဖြစ်စေမည့် ယင်းအစီအစဉ် အတွက် လည်းတောင်းပန် ရန်မရှိ ဟုဖီဖာက ဆိုသည်။ ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲ ကိုမြင့်မား သည့်နွေရာသီ အပူရှိန် ကိုရှောင်လွှဲနိုင် ရန်ဆောင်းရာသီကာလ သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်။
"လျော်ကြေးပေးမှာ မဟုတ်ပါဘူး။ လိဂ်တွေအစီအစဉ် တကျဖြစ်အောင်လုပ်ဖို့ ခုနစ်နှစ်အချိန်ရ ပါသေးတယ်"ဟု ဖီဖာအထွေထွေအ တွင်းရေးမှူး ဂျာရိုမီဗယ် ကီ ကပြောသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကာအချိန်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး ဖီဖာ အမှုဆောင်ကော်မတီသည် လာမည့်လတွင် ဇူးရစ်မြို့၌ အတည်ပြု ချက်ရယူ မည်ဖြစ်သည်။ ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင်ကစားခြင်း ကအသင့်တော် ဆုံးဖြစ်သည်ဟုလည်း ဗယ်ကီက အကြံပြုထားသည်။
ဖီဖာ ဒုဥက္ကဌဂျင်ဘွိုက်စ်က ယင်းထက် တစ်ပတ်စောပြီး ကျင်းပစေ  လိုနေချိန်တွင် ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးက ဗိုလ်လုပွဲကို ခရစ္စမတ် ကာလနှင့်ကပ်ပြီး ကျင်းပခြင်းမှာ ကလပ် အသင်းများ၏ အစဉ်အဆက် ကျင်းပလာသည့် ပွဲစဉ်များကို အကြီးအကျယ်ထိ ခိုက်ပျက် စီးစေလိမ့်မည် ဟုပြောကြား ခဲ့သည်။
ဒီဇင်ဘာ ၁၈ တွင်ကစားရန်ဖြစ်နိုင်သော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်နှင့် အခြားတိုက်ကြီးများ မှဘောလုံး အဖွဲ့ချုပ်များမှာ ဒီဇင်ဘာ ၂၃၊သောကြာနေ့ တွင် သာကျင်းပစေ လိုနေကြသည်ဟု ဗယ်ကီ ကပြောကြားခဲ့သည်။
ကလပ်အသင်း များ၏လို အပ်ချက်အရ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလသည် ပုံမှန် ၃၁ ရက်၊ ၃၂ ရက်ကြာမြင့် သည်ထက်လေး ရက်ပိုနည်းကာ ၂၈ ရက်သာ ကျင်းပမည်ဖြစ်ကြောင်းနှင့် အာဖရိက ဖလားပြိုင်ပွဲကို  ဇွန်လမှ ဇန်န၀ါရီလ သို့ပြောင်းရွှေ့ကျင်းပ မည်ဖြစ်ကြောင်းလည်း ဗယ်ကီက ဆိုခဲ့သည်။
ပုံမှန်ကမ္ဘာ့ဖလား ပြိုင်ပွဲများမှာ ကမ္ဘာတစ်ဝန်း လုံးမှအမှတ်ပေး ပြိုင်ပွဲများရပ်နား ထားသည့် ဇွန်၊ ဇူလိုင် မှသာကျင်းပသော်လည်း ကာတာတွင်မူ အပူချိန်မြင့် မား သဖြင့်ဆောင်းရာသီ သို့ရွှေ့ပြောင်း ကျင်းပရန် ဖီဖာက စီစဉ်ခဲ့ခြင်းဖြစ်သည်။
Ref: Daily Mail

Mizzima

ယနေ့ ဘောလုံးပွဲခန့်မှန်းချက်များ



Wednesday, February 25, 2015

၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် မြန်မာ ယူ-၂၃ အသင်း လူစာရင်းထုတ်ပြန်



၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် မြန်မာ ယူ-၂၃ အသင်း လူစာရင်းထုတ်ပြန်
===================================================
တရုတ်(တိုင်ပေ) နိုင်ငံတွင် (၂၃.၃.၂၀၁၅) ရက်နေ့မှ (၃၁.၃.၂၀၁၅) ရက်နေ့အထိ ကျင်းပမည့် ၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ (AFC U-23 Championship 2016 Qualifier) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်
ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမားများ စာရင်းကို ယနေ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာ ယူ၂၃ အသင်း အုပ်ချုပ်/ နည်းပြအဖွဲ့
-------------------------------
အုပ်ချုပ်သူ - ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး ၀န်ကြီးဌာန)
နည်းပြချုပ် - ဦးကြည်လွင် (မကွေးအသင်း)
လက်ထောက်နည်းပြ - ဦးကျော်လွင် (ဧရာဝတီ ယူနိုက်တက် အသင်း) ၊ ဦးမြင့်ကို (ရတနာပုံအသင်း)
ဂိုးနည်းပြ ၊ ဦးအောင်သက် (ဟံသာဝတီ အသင်း)
ဆရာဝန် ၊ ဒေါက်တာ အောင်ကျော်ဦး (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
Physiotherapist ၊ ဦးထွန်းဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
သတင်းနှင့် ပြန်ကြားရေး အရာရှိ ၊ ဦးဇော်မင်းထိုက် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
ကစားသမား စာရင်း
---------------------
ဂိုး - ကျော်ဇင်ဖြိုး (မကွေးအသင်း) ၊ ဇော်ဇော်နိုင် (ဇေယာရွှေမြေ အသင်း) ၊ ရန်အောင်လင်း (ဟံသာဝတီ အသင်း)
နောက်တန်း- ကျော်ဇင်လင်း (မကွေးအသင်း) ၊ ဇော်ဝင်း (ရန်ကုန်အသင်း) ၊ တောင်ဖွက်ထန် (ချင်းအသင်း) ၊ ကိုကိုဟိန်း (ဇွဲကပင် ယူနိုက်တက် အသင်း) ၊ ဇော်ရဲထွန်း (ရတနာပုံအသင်း) ၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊ စည်သူအောင် (ရတနာပုံ အသင်း) ၊ ဟိန်းသီဟဇော် (ဧရာဝတီ ယူနိုက်တက် အသင်း)
အလယ်တန်း - နေလင်းထွန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊ ချစ်စုမိုး (ချင်း အသင်း) ၊ လှိုင်ဘိုဘို (ရတနာပုံ အသင်း) ၊ အောင်ရှိုးသာမောင် (မကွေး အသင်း) ၊ ရဲကိုဦး (ရတနာပုံ အသင်း) ၊ ဇွန်မိုးအောင် (ရန်ကုန်အသင်း) ၊ မျိုးမင်းဇော် (မကွေး အသင်း)
ရှေ့တန်း-ကောင်းဆက်နိုင် (မကွေး အသင်း) ၊ ရှိုင်းသူရ (ရတနာပုံ အသင်း) ၊ သန်းထက်အောင် (ရန်ကုန် အသင်း) ၊ ဒွေးကိုကိုချစ် (ရတနာပုံ အသင်း) ၊ သီဟဇော် (ဧရာဝတီ အသင်း)တို့ ဖြစ်ကြသည်။
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၁၆ အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (စ)တွင် ပါဝင်နေပြီး မတ်လ(၂၇)ရက်နေ့တွင် တိုင်ပေ ယူ-၂၃အသင်း ၊ မတ်လ ၂၉ ရက်နေ့တွင် ဟောင်ကောင် ယူ-၂၃ အသင်း ၊ မတ်လ ၃၁ ရက်နေ့တွင် သြစတြေးလျ ယူ-၂၃ အသင်း များနှင့်ယှဉ်ပြိုင် ကစား မည် ဖြစ် သည်။
မြန်မာ ယူ၂၃ အသင်းသည် အဆိုပါ အာရှ ယူ၂၃ ခြေစစ်ပွဲ အတွက်သာမက ၂၀၁၅ ဆီးဂိမ်းစ် အတွက်ပါ ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ ခြေစမ်းပွဲများ သွားရောက် ကစား မည် ဖြစ်သည်။ မြန်မာ ယူ၂၃ အသင်းနှင့် ဂျပန် ယူ၂၃ အသင်းတို့သည် မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ ချီဘားမြို့၌ လည်းကောင်း မြန်မာ ယူ၂၃ အသင်းနှင့် တောင်ကိုရီးယား နိုင်ငံမှ ကလပ်အသင်း အချို့သည် မတ်လ ၁၃-၁၅ ရက်နေ့များ တွင်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Myanmar Football Federation

ယနေ့ ဘောလုံးပွဲခန့်မှန်းချက်များ




ဂျူဗင်းတပ်စ်ကို ပထမအကျော့ ရှုံးနိမ့်ထားခြင်းအတွက် စိုးရိမ်မှု မရှိဟု ရူးစ်ပြောကြား



ဂျူဗင်းတပ်စ်ကို ပထမအကျော့ ရှုံးနိမ့်ထားခြင်းအတွက် စိုးရိမ်မှု မရှိဟု ရူးစ်ပြောကြား

အီတလီမြေတွင် ဂျူဗင်းတပ်စ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့်တိုင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်ရေးအတွက် စိတ်ပူမှု မရှိဟု ဘိုရပ်ရှားဒေါ့တ်မန် ကစားသမား မာကိုရူးစ်က ပြောကြားလိုက်သည်။

စီးရီးအေ ကလပ်အတွက် အယ်လ်ဗာရို မိုရာတာနှင့် ကားလို့စ်တီဗက်ဇ်တို့က ဂိုးများ သွင်းယူခဲ့သော်လည်း ဂျာမန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ရူးစ်၏ ချေပဂိုးကြောင့် ဒေါ့တ်မန်သည် အဖိုးတန် အဝေးဂိုးတစ်ဂိုး ရရှိခဲ့သည်။ ဒုတိယ အကျော့ကို ဂျာမန်မြေတွင် ကစားရဦးမည် ဖြစ်ရာ ရူးစ်က ဂျူဗင်းတပ်စ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။ ၎င်းက ဒေါ့တ်မန် အနေဖြင့် အိမ်ကွင်းတွင်မူ တူရင်တွင် ကစားခဲ့သည့် စွမ်းဆောင်ရည်ထက် ပိုမိုကောင်းမွန်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒီစွမ်းဆောင်ရည်ထက်တော့ ကျွန်တော်တို့ ပိုပြီး လိုကောင်း လိုလာမယ်။ တစ်ဂိုးစီ သရေဆိုရင်တော့ ကောင်းတာပေါ့။ (၂-၁)နဲ့ ရှုံးခဲ့တာကတော့ ညံ့ဖျင်းသလို ဖြစ်သွားတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံးက ကိုယ့်ရည်မှန်းချက် ကိုယ်အကောင်အထည်ဖော်ဖို့ အားထုတ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခုဆို ကျွန်တော်တို့ ဒုတိယအကျော့ ကစားရတော့မယ်။ ပိုပြီး အာရုံစူးစိုက်ဖို့ လိုတယ်။ ဒီပွဲအတွက် ဘာမှတော့ မစိုးရိမ်ပါဘူး။ ဒုတိယအကျော့မှာ ဘာမဆို အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်”ဟု ရူးစ်က ပြောကြားခဲ့သည်။

ယခုပွဲတွင် ရူးစ်၏ သွင်းဂိုးသည် ဂျော်ဂျီယို ချီလီယေနီ၏ အမှားမှတစ်ဆင့် ရရှိလာခဲ့ပြီး ရူးစ်က ၎င်းနှင့် ပီယေး အမ်းမရစ်ခ် အူဘာမီယန်တို့သည် ဂျူဗင်းတပ်စ် ခံစစ်ကို ဖိအားပေးနိုင်ရန် အချိန်ပြည့် ကြိုးစားခဲ့ကြောင်း ဆိုသည်။ “အားလုံးလည်း မြင်မှာပါ။ အူဘာမီယန်နဲ့ ကျွန်တော်က ခံစစ်မှူးတွေဆီ ဝင်ပြေးဖို့ တောက်လျှောက် ကြိုးစားခဲ့တယ်။ ဆီရို အင်မိုဘလီကတော့ အင်ဒရီ ပီယာလိုကို ဖိအားပေးခဲ့တယ်။ အဲဒီနောက်မှာ ချီလီယေနီ ခြေချော်သွားတယ်။ ဒါမျိုးက ပွဲတော်တော်များများမှာမှ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ဖြစ်တတ်တာပါ။ ကံမကောင်းတာက လက်ရှိ ရလဒ်ဟာ ကျွန်တော်တို့အတွက် လုံခြုံတဲ့ အနေအထားမျိုး မရှိသေးဘူး ဆိုတာပါပဲ။ ဒုတိယအကျော့ ပွဲစဉ်မှာ ကျွန်တော်တို့ နောက်ထပ် ဂိုးထပ်ပေးရနိုင်တယ် ဆိုတာကို သတိထားဖို့ လိုပါတယ်”ဟု ရူးစ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

အာဆင်နယ်ကို အံ့ဩသွားအောင် မိုနာကို စွမ်းဆောင်ပြစေလိုဟု ဘာဘာတော့ဗ်ဆို



အာဆင်နယ်ကို အံ့ဩသွားအောင် မိုနာကို စွမ်းဆောင်ပြစေလိုဟု ဘာဘာတော့ဗ်ဆို

ချန်ပီယံလိဂ်တွင် အာဆင်နယ်ကို တုန်လှုပ် အံ့ဩသွားအောင် စွမ်းဆောင်ပြလိုကြောင်း မိုနာကို တိုက်စစ်မှူး ဒီမစ်တာ ဘာဘာတော့ဗ်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဘူလ်ဂေးရီးယား ဝါရင့် ကစားသမားကြီးက ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် တွေ့ဆုံမှုတွင် မိမိတို့သည် အောက်အသင်း ဖြစ်နေသည်ကို နားလည်သော်လည်း မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းကို ဒုက္ခပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ဘာဘာတော့ဗ်သည် ပရီးမီးယားလိဂ်တွင် အာဆင်နယ်၏ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်၊ ခါးသီး မြို့ခံပြိုင်ဘက်များ ဖြစ်ကြသည့် တော့တင်ဟမ် ဟော့စပါး၊ ဖူလ်ဟမ်တို့အတွက် ကစားပေးခဲ့ဖူးသူလည်း ဖြစ်သည်။

ဘာဘာတော့ဗ်က “ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က အောက်အသင်းလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်မျိုးကိုတော့ ဆောင်ယူနိုင်စွမ်း ရှိပါတယ်။ မိုနာကိုဟာ ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ တကယ်ပဲ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ကျွန်တော် မိုနာကို ရောက်နေတာ တစ်နှစ်၊ နှစ်နှစ်လောက် ရှိပါပြီ။ ဒီလိုပွဲမျိုးဟာ အရမ်းကျပ်တည်းမယ် ဆိုတာကို အသင်းဖော်တွေကို ပြောပြထားပါတယ်။ မိုနာကိုမှာ ကစားရတာ ကျွန်တော့်အတွက် ကျေနပ်စရာပါ။ အမှတ်ရစရာ ကာလတချို့ ရှိခဲ့ပြီး ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ တစ်ခါတစ်လေ ဆိုးရွားတဲ့ အမှတ်ရစရာလေးတွေလည်း ကြုံတတ်တာပေါ့”ဟုလည်း ပြောကြားခဲ့သည်။

၎င်းက အာဆင်နယ်နှင့် ပတ်သက်ပြီး “ကျွန်တော့်အတွက်တော့ အသစ်အဆန်း မဟုတ်ပါဘူး။ သူတို့ ကစားပုံကို ကျွန်တော် သိပါတယ်။ အာဆင်နယ် ပွဲတွေကို TVကနေ စောင့်ကြည့်ဖြစ်တယ်။ သူတို့က လောလောဆယ် ကစားတာ သိပ်ကောင်းတယ်။ အာဆင်နယ်ဟာ ဘောလုံးဖြန့်ဝေမှုတွေ အများကြီးနဲ့ ဝန်းရံ ကစားတဲ့ အသင်းပါ။ စုစည်းမှုကို အခြေပြုပြီး ကစားကွက် တည်လေ့ရှိတယ်။ ဘောလုံးဆိုတာကလည်း ဒီလိုမျိုး ကစားသင့်တာလေ။ ပြီးတော့ တန်ပြန် တိုက်စစ်မှာလည်း အရမ်းမြန်တဲ့ ကစားသမားတွေကို အသုံးပြုပြီး နည်းစနစ်ပိုင်း ပိုင်ပိုင်နိုင်နိုင်နဲ့ အာဆင်နယ် ကစားတတ်တယ်။ ကျွန်တော့် အသင်းဖော်တွေ အတွက်တော့ အာဆင်နယ်ရဲ့ ကစားဟန်ဟာ အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ ကျွန်တော်က ဘယ်နေရာတွေမှာ အခက်ကြုံနိုင်တယ် ဆိုတာကို သူတို့ကို ရှင်းပြထားပြီးပါပြီ။ ဒီတော့ သူတို့က ဒါကို အိမ်စာလို သဘောထားပြီး ပြင်ဆင်နေပါတယ်။ နည်းပြကလည်း အသင်းအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လန်ဒန်မှာ ကျွန်တော်တို့ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုလည်း ပြောဆိုသွားခဲ့သည်။

Soccer Myanmar

ပရီးမီးယားလိဂ်၏ မြန်နှုန်းကြောင့် အခက်အခဲရှိခဲ့ဟု ဘလင်းဝန်ခံ



ပရီးမီးယားလိဂ်၏ မြန်နှုန်းကြောင့် အခက်အခဲရှိခဲ့ဟု ဘလင်းဝန်ခံ

ပရီးမီးယားလိဂ် ကစားသမားဘဝ အစောပိုင်း နေ့ရက်များတွင် ပြိုင်ပွဲ၏ အရှိန်အဟုန်ကို လိုက်မီရန် အလွန် အားစိုက် ကြိုးပမ်းခဲ့ရကြောင်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဒါလေဘလင်းက ဝန်ခံ ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်ရှိ နယ်သာလန် လက်ရွေးစင်သည် နိုင်ငံအသင်းတွင် အတူလက်တွဲခဲ့သည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ ခေါ်ယူမှုကြောင့် နွေရာသီ ဈေးကွက်အတွင်း ပေါင်စတာလင် (၁၄)သန်းဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့သည်။ ဘလင်းသည် ယခုရာသီ ယူနိုက်တက်တွင် ပရီးမီးယားလိဂ် (၁၄)ပွဲ ကစားကာ (၂)ဂိုးသွင်းယူထားပြီး ဖြစ်သည်။ ၎င်းက ယူနိုက်တက် ကစားသမားဘဝ အစပိုင်းတွင် ပရီးမီးယားလိဂ်၏ မြန်နှုန်းတင် ကစားသော ပွဲအရှိန်ကို လိုက်မီရန် ရုန်းကန် ကြိုးစားရင်း ပင်ပန်းနွမ်းနယ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

“ပရီးမီးယားလိဂ်နဲ့ နယ်သာလန်လိဂ် ကြားထဲမှာ အဓိက ခြားနားတာကတော့ ဒီမှာက ပွဲအရှိန်ကို အမြင့်ဆုံး ထားကစားကြတာပဲ။ ကျွန်တော် ဒီမှာ ပထမဆုံးပွဲ ဝင်ကစား ကတည်းက ဒီကွာခြားချက်ကို သတိပြုမိခဲ့တယ်။ နည်းနည်းလည်း ပင်ပန်းသွားတယ်။ အင်္ဂလန်မှာက ပွဲတစ်ပွဲရဲ့ Tempoဟာ သိသိသာသာ မြင့်နေတတ်တယ်လေ။ နယ်သာလန်မှာဆိုရင် ပွဲကစားနေရင်း ဘောလုံးကို မြေပေါ်မှာ ထိန်းထားရင်း နည်းနည်းလေး အမောဖြေလို့ ရသေးတယ်။ ဒီမှာကတော့ ဒီအချိုးမျိုး မရနိုင်ဘူးလေ”ဟု ဘလင်းက ပြောကြားသွားသည်။

Soccer Myanmar

ဘာစီလိုနာ၏ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် မက်ဆီ ဆက်ရှိနေဆဲဟု အန်ရီကေး အတည်ပြု



ဘာစီလိုနာ၏ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် မက်ဆီ ဆက်ရှိနေဆဲဟု အန်ရီကေး အတည်ပြု

မန်ချက်စတာ စီးတီးနှင့်ပွဲတွင် ပင်နယ်တီ မဝင်ခဲ့သော်လည်း လီယွန်နယ် မက်ဆီသည် ဘာစီလိုနာ၏ အဓိက ပင်နယ်တီ ကန်သွင်းသူအဖြစ် ဆက်ရှိနေမည်ဟု နည်းပြ လူးဝစ် အန်ရီကေးက ပြောကြားခဲ့သည်။

အစ်တီဟတ်တွင် စပိန်ကလပ်က အိမ်ရှင် အင်္ဂလန် ချန်ပီယံ အသင်းကို (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်၌ ပွဲချိန်နှောင်းပိုင်းတွင် ရရှိသော ပင်နယ်တီကို မက်ဆီ ကန်သွင်းသော်လည်း ဂိုးသမား ဂျိုးဟတ် ကာကွယ်သွားခဲ့သည်။ အကယ်၍ အဆိုပါ ပင်နယ်တီသာ ဝင်ခဲ့ပါက ဘာစီလိုနာသည် (၃-၁)ဖြင့် အနိုင်ရနေပြီး နောက်တစ်ဆင့်တက်ရန် ရာနှုန်းပြည့်နီးပါး အာမခံချက် ရရှိသွားနိုင်မည် ဖြစ်သည်။ မက်ဆီသည် ယခုရာသီတွင် ပင်နယ်တီ (၃)ကြိမ် မဝင်ခဲ့သည့်တိုင် အန်ရီကေးကမူ ၎င်းကိုပင် အဆိုပါတာဝန် ဆက်ပေးသွားမည်ဟု ဆိုသည်။

စပိန်သား နည်းပြက “ပင်နယ်တီ မဝင်တဲ့သူတွေ ဆိုတာကိုက ဒီပင်နယ်တီကို တာဝန်ယူပြီး ကန်ရဲတဲ့ သတ္တိကို ပြနေတာပဲလေ။ ကျွန်တော်တို့ အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူဟာ အငြင်းပွားဖွယ်မရှိ မက်ဆီပါပဲ။ ပင်နယ်တီ ကန်သွင်းမှု အပိုင်းနဲ့ ပတ်သက်ရင် သူ့ရဲ့ စွမ်းရည်ကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပါ”ဟု ပြောကြားခဲ့သည်။ အန်ရီကေးက မန်စီးတီးကို အနိုင်ကစားခဲ့သည့် ဘာစီလိုနာ၏ စွမ်းဆောင်ရည် အပိုင်းနှင့် ပတ်သက်ပြီးလည်း ချီးကျူးခဲ့သည်။

“ရလဒ်က တကယ်ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဂုဏ်ယူသင့်တယ်။ ဂိုးမပြတ်ပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ပထမပိုင်းမှာဆို ကစားပုံ သိပ်ကောင်းပြီး ကွင်းလယ်ကနေ ပံ့ပိုးမှုတွေ အများကြီး ပြုလုပ်နိုင်ခဲ့တယ်။ ခံစစ်ကလည်း ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်က သူတို့ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြလာတယ်။ အဲဒီကနေ ကျွန်တော်တို့ တစ်ချက်တော့ ထိုးနှက် ခံလိုက်ရတယ်။ ဒါပေမဲ့ ရလဒ်က ထိုက်တန်ပါတယ်။ ဒီအတွက် ပျော်ပါတယ်”ဟု အန်ရီကေးက ပြောကြားသွားသည်။

Soccer Myanmar

ဘောလုံးလောကတွင် ပြန်လည်ခြေချမည်ဟု ရော်နယ်ဒို အတည်ပြု



ဘောလုံးလောကတွင် ပြန်လည်ခြေချမည်ဟု ရော်နယ်ဒို အတည်ပြု

ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟောင်း ရော်နယ်ဒိုက လေးနှစ်ကြာ ကင်းကွာ နေသည့် ဘောလုံးလောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေကြောင်း အတည်ပြု ပြောကြားလိုက်သည်။

၂၀၁၁ ခုနှစ်က ဘောလုံးလောကမှ အနားယူခဲ့သည့် အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုသည် North American Soccer League (NASL) အမှတ်ပေးပြိုင်ပွဲမှ အသင်းတစ်သင်းဖြစ်သည့် Fort Lauderdale Strikers ၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။

ထို့နောက် ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆု ရရှိထားသည့် ရော်နယ်ဒိုက ဘောလုံးလောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပါပဲ။ မကြာခင် ဘောလုံးလောကမှာ ပြန်လည်ခြေချဖို့ ပြင်ဆင်နေပါတယ်။ အရင်ပြောခဲ့တာထက် နည်းနည်းနောက်ကျသွားတာပဲ ရှိတာပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

ရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖလော်ရီဒါ အခြေစိုက် အသင်း၏ အဓိကရှယ်ယာရှင် ဖြစ်လာခဲ့သူ ဖြစ်သည်။
ယခင်က Miami FC အဖြစ် ဖွဲ့စည်းခဲ့သည့် အဆိုပါအသင်းကို ၂၀၁၁ ခုနှစ်တွင် Strikers ဟူသောအမည်ဖြင့် ပြောင်းလဲခဲ့သည်။
ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးယဲမက်ဒရစ်၊ အေစီမီလန်နှင့် ကိုရစ်သီယန် တိုက်စစ်မှူးဟောင်းသည် ဘရာဇီးလ်အတွက် ၉၈ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းယူထားသည်။

Soccer Myanmar

မန်စီးတီးဘက်သို့ နှစ်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကို ဂျိုးဟတ် ချီးကျူး



မန်စီးတီးဘက်သို့ နှစ်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကို ဂျိုးဟတ် ချီးကျူး

အင်္ဂါနေ့ညက အီတီဟတ်တွင် မန်ချက်စတာစီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဘာစီလိုနာ အတွက် နှစ်ဂိုးသွင်းယူခဲ့သည့် လူးဝစ်ဆွာရက်ဇ်၏ ခြေစွမ်းအပေါ် အံ့အားသင့်မိခြင်း မရှိကြောင်း ဂျိုးဟတ်က ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် လီဗာပူးလ် တိုက်စစ်မှူးဟောင်းသည် ဗင်းဆင့်ကွန်ပနီနှင့် ထိထွက်လာသည့် ဘောလုံးကို ဘယ်ခြေဖြင့် ဂိုးထောင့်ထဲသို့ ကန်သွင်းကာ အဖွင့်ဂိုး သွင်းယူခဲ့သလို ဂျော်ဒီအယ်လ်ဘာ၏ ဖြတ်တင်ဘောကိုလည်း ပိတ်ကာ အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့် နွေရာသီက ယူရို ၉၄ သန်းဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အဆိုပါ ဥရုဂွေး တိုက်စစ်မှူးသည် ၎င်းနှင့် ထိုက်တန်သည့် ခြေစွမ်းကို ပြသနိုင်ခဲ့ကြောင်း ဟတ်က ဆိုခဲ့သည်။ “ဆွာရက်ဇ်က သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အခြား ကစားသမားတွေထက် သူ့ကို ကျွန်တော်တို့ ထိန်းချုပ်ခဲ့တာတောင်မှ သူ နှစ်ဂိုး သွင်းသွားခဲ့ပါတယ်” ဟု ဟတ်က ပြောကြားခဲ့သည်။

မန်စီးတီးသည် ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး တိုက်စစ်မှူး ဆာဂျီယို အဂူရိုက ချေပဂိုး တစ်ဂိုးပြန်လည် သွင်းယူခဲ့သည်။ ထို့နောက် မိမိနှင့် အသင်းဖော်များသည် ဆွာရက်ဇ်၏ အဖွင့်ဂိုးကြောင့် အနည်းငယ် တုန်လှုပ်ခဲ့ကြကြောင်း ဟတ်က ဝန်ခံခဲ့သည်။

“ပထမဂိုး မတိုင်ခင်အထိ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ အနည်းငယ် တုန်လှုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ အသင်းက ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီညအတွက် ရလဒ်ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်” ဟု ဟတ်က ပြောကြားခဲ့သည်။

ထို့အပြင် နာကျင်အချိန်ပိုတွင် လီယွန်နယ်မက်ဆီ၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည့် ဟတ်က စီးတီးအနေဖြင့် နူးကမ့်တွင် ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့တွင် ရလဒ်ကောင်းရယူပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

Soccer Myanmar

ဘာစီလိုနာနှင့်ပွဲမှ နည်းစနစ်ပိုင်းအတွက် နောင်တရမည် မဟုတ်ကြောင်း ပယ်လီဂရီနီ ပြောကြား



ဘာစီလိုနာနှင့်ပွဲမှ နည်းစနစ်ပိုင်းအတွက် နောင်တရမည် မဟုတ်ကြောင်း ပယ်လီဂရီနီ ပြောကြား

အီတီဟတ်တွင် ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲမှ မန်ချက်စတာစီးတီး၏ နည်းစနစ်ပိုင်းအတွက် နောင်တရခြင်း မရှိကြောင်း မန်နျူရယ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

အဆိုပါ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ပထမအကျော့တွင် မန်စီးတီးသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် ဘာစီလိုနာက ပွဲကို စိုးမိုးထားခဲ့ကာ လူးဝစ်ဆွာရက်ဇ်က နှစ်ဂိုး သွင်းယူခဲ့သည်။

သို့သော်လည်း မန်စီးတီးသည် ဒုတိယပိုင်းတွင် ကစားပုံ ပိုကောင်းလာခဲ့ပြီး ဆာဂျီယို အဂူရိုက ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။ ဘာစီလိုနာကမူ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ပင်နယ်တီ ရရှိခဲ့သော်လည်း လီယွန်နယ်မက်ဆီ၏ ကန်သွင်းချက်ကို ဂျိုးဟတ်က ကာကွယ်သွားခဲ့သည်။

အဆိုပါ ရလဒ်ကြောင့် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း အနေဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်လှမ်းရန် ခက်ခဲသွားခဲ့သော်လည်း အသင်း၏ ပထမအကျော့ရလဒ်အတွက် ပျော်ရွှင်မိကြောင်း ပယ်လီဂရီနီက ဆိုခဲ့သည်။

“စီးတီးရဲ့ နည်းစနစ်ပိုင်းအတွက် နောင်တရနေမှာ မဟုတ်ပါဘူး။ ဒါဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် နည်းလမ်းပါပဲ။ ကျွန်တော်တို့က မတူညီတဲ့ ပွဲနှစ်ပွဲကို ကစားခဲ့ရတာပါ။ ပထမပိုင်းနဲ့ ဒုတိယပိုင်းက အတော့်ကို ကွာခြားခဲ့တာပါ။ ပထမဂိုး မပေးရခင်အထိက ပွဲက ပုံမှန်ပါပဲ။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့က အရမ်းလွယ်တဲ့ ဂိုးတစ်ဂိုး ပေးလိုက်ရပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ရဲ့ ကစားပုံ ဆိုးရွားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲမစခင်က ပြောခဲ့တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့က နှစ်ဂိုး ပေးလိုက်ရပေမယ့် တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ နောက်ပြီး ဂိုးသွင်းနိုင်မယ့် အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်လောက် ရရှိခဲ့ပါတယ်။ အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးတာက ရလဒ်ကောင်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအကျော့မှာ အကောင်းဆုံး လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ။ ဂျိုးဟတ်ရဲ့ ပင်နယ်တီ ကာကွယ်မှုက အရမ်းကို အရေးပါခဲ့ပါတယ်။ ၃-၁ ဂိုးဆိုတဲ့ ရလဒ်က အင်မတန်ကို ခက်ခဲသွားနိုင်ပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားသွားခဲ့သည်။

Soccer Myanmar

အမ်းမရိတ် ကွင်းမှာ ပြင်သစ် အသင်းတွေကို မရှုံးဖူးတဲ့ အာဆင်နယ် (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)



အမ်းမရိတ် ကွင်းမှာ ပြင်သစ် အသင်းတွေကို မရှုံးဖူးတဲ့ အာဆင်နယ် (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယပတ်၊ ဒုတိယနေ့ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပွဲတွေ ပြီးရင်တော့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေ ပြီးဆုံးပြီဖြစ်ပါတယ်။ အာဆင်နယ် – မိုနာကို၊ လေဗာကူဆင် – အသလက်တီကို တို့ရဲ့ပွဲစဉ်တွေဟာ ချန်ပီယံလိဂ် ပရိတ်သတ်တွေကို တနည်းတဖုံ ဆွဲဆောင် နေဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်- မိုနာက ပွဲစဉ်က အရင်စကြရအောင်ပါ။

အာဆင်နယ် – မိုနာကို

သမိုင်းတစ်လျှောက်မှာတော့ အာဆင်နယ်နဲ့ မိုနာကို တွေ့ဆုံတဲ့ ပထမဆုံးပွဲကို ပရိသတ်တွေ ကြည့်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ၁၅ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အင်္ဂလိပ်အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲကျင်းပတဲ့ ပုံစံ ပြောင်းလဲလိုက်တဲ့ ၂၀၀၃-၀၄ ခုနှစ်ကစလို့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို နှစ်တိုင်းတက်ရောက်နိုင်တာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်နှစ်သင်းပဲ ရှိတယ်လို့ဆိုရမှာပါ။ ဒီတော့ မိုနာကို ရင်ဆိုင်ရမယ့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ဖလားမရဖူးပေမယ့် အစဉ်အလာအားဖြင့်တော့ ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။

အာဆင်နယ်အခြေအနေ

အာဆင်နယ်မှာ ရမ်ဆေးဒဏ်ရာမပျောက်သေးသလို ချိန်ဘာလိန်လည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ အာတီတာလည်း ဒီပွဲကိုလွဲဦးမှာဖြစ်ပါတယ်။ ဒီဘူချီလည်း ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အာဆင်နယ်ရဲ့ လူစုံတက်စုံ အခြေအနေကိုတော့ ပရိသတ်တွေ မြင်တွေ့နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်မှာ ဝဲလ်ကော့၊ အိုဇီ၊ ဂျီရုဒ်၊ ဆန်းချက်ဇ်၊ ကာဇိုလာ စတဲ့ ကစားသမားတွေအားလုံး ပါဝင်နိုင်မှာဖြစ်လို့ တိုက်စစ်က ဂိုးရမှာလားဆိုတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပါတယ်။

မိုနာကို အခြေအနေ

မိုနာကိုအသင်းမှာတော့ ကာရက်စ်ကိုနဲ့ ပြင်သစ်နောက်ခံလူ ကာဇာဝါ ဒဏ်ရာကြောင့် ပါနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မိုနာကိုဟာ ဒီလူစာရင်းနဲ့ပဲ လက်ရှိပြင်သစ်လီဂူးမှာ အကောင်းဆုံ ပုံစံရနေတဲ့ အသင်းဖြစ်ပါတယ်။ အဓိကပြိုင်ပွဲတွေမှာ နောက်ဆုံး ၁၇ ပွဲကို တစ်ပွဲပဲရှုံးထားတဲ့ မိုနာကိုရဲ့ လက်ရှိခြေစွမ်းကြောင့် အာဆင်နယ် အတွက်စိုးရိမ်စရာကောင်းတာ အမှန်ပဲဖြစ်ပါတယ်။
မိုနာကိုဘက်မှာ အာဆင်နယ်အသင်း သတိထားရမယ့် ကစားသမားတစ်ဦးရှိပါတယ်။ စပါးရဲ့ ဂိုးသွင်းရှင်ဖြစ်ခဲ့ဘူးတဲ့ဘာဘာတော့ဗ်ပါပဲ။ ဘာဘာတော့ဗ်ဟာ လက်ရှိရာသီမှာ မိုနာကိုအတွက် ၁၆ ဂိုးသွင်းပေးထားပြီး ပြင်သစ်လီဂူးမှာ ထိပ်သီးဂိုးသွင်းရှင်ဖြစ်နေလို့ အာဆင်နယ်အတွက် စိုးရိမ်စရာကောင်းပါတယ်။ ဘာဘာတော့ဗ်ဟာ အာဆင်နယ်နဲ့ ပွဲပေါင်းများစွာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားလည်း ဖြစ်နေပြန်ပါတယ်။

စိတ်ဝင်စားစရာ အချက်အလက်

အာဆင်နယ်အတွက် အားတက်စရာဖြစ်စေမယ့် အချက်အလက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၀၂-၀၃ ဘောလုံးရာသီက ချန်ပီယံလိဂ်မှာ ပြင်သစ်ကလပ် အော်ရှားကို အာဆင်နယ်ရှုံးပြီးနောက်ပိုင်း ဘယ်လိုပြင်သစ်အသင်းကိုမှ အာဆင်နယ်မရှုံးတော့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းသစ်အမ်းမရိတ်ကို ပြောင်းပြီးနောက်ပိုင်း အိမ်ကွင်းမှာ ပြင်သစ်အသင်းတွေနဲ့ သုံးကြိမ် ရင်ဆိုင်ခဲ့ရာမှာ သုံးကြိမ်စလုံး ဂိုးမပေးခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ နောက်ဆုံး လေးနှစ်ဆက် ၁၆ သင်းရှုံးထွက်အဆင့်က လှည့်ပြန်ထားရတဲ့ အသင်းဖြစ်နေပြန်ပါတယ်။ မိုနာကိုကလည်း ၂၀၀၄-၀၅ နောက်ပိုင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို မရောက်နိုင်ခဲ့ပဲ အခုမှ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ မိုနာကိုဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ၇ ပွဲကစားဖူးပြီး အဲဒီ ၇ ပွဲလုံး အဝေးကွင်းမှာ တစ်ပွဲမှ အနိုင်မရတဲ့ အသင်းဖြစ်ပါတယ်။

သုံးသပ်ချက်

အချက်အလက်တွေအရတော့ အာဆင်နယ်က အသာစီးရနေတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ တကယ်ကစားတဲ့အခါ အာဆင်နယ်သာ ခြေမချော်ဘူးဆိုရင် လိုအပ်တဲ့နိုင်ပွဲကို လန်ဒန်မြေပေါ်မှာ ယူနိုင်မှာသေချာပါတယ်။ နောက်တစ်ခုက လက်ရှိချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့ပွဲတွေ ပြီးတော့မယ့် အချိန်မှာ အင်္ဂလန်ကလပ် အသင်းတစ်သင်းမှာ အနိုင်ရထားတာ မရှိသေးပါဘူး။ ချဲလ်ဆီးလည်း ပီအက်စ်ဂျီကို သရေပဲ ကစားနိုင်ခဲ့သလို၊ မန်စီးတီးကလည်း ဘာစီလိုနာကို ရှုံးထားပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်ဟာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ သိက္ခာကို ဆယ်ပေးဖို့ မျှော်လင့်ရပါတယ်။
အာဆင်နယ်အနိုင်သေချာတယ်လို့ ပြောရမှာဖြစ်ပြီး  ဂိုးလည်းပြတ်သွားနိုင်ပါတယ်။

လေဗာကူဆင် – အသလက်တီကို

မနှစ်က ဗိုလ်လုပွဲအထိတက်ပြီး ရီးရဲလ်မက်ဒရစ်ကို အခက်တွေ့စေခဲ့တဲ အသလက်တီကိုကြောင့် ဒီပွဲကလည်း စိတ်ဝင်စားစရာ ကောင်းနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၂ နောက်ပိုင်းမှ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့  ပြန်လည် ထိတွေ့ခဲ့တဲ့ လေဗာ ကူဆင် ကြောင့် ဒီပွဲကလည်း ပုံမှန်ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။လက်ရှိမှာ လေဗာ ကူဆင်ဟာ ဘွန်ဒက်စ် လီဂါ အမှတ်ပေး ဇယား အဆင့်-၆ နေရာမှာရပ်တည်နေရပြီး ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုရောက်လာပေမယ့် လေဗာကူဆင်ရဲ့ခြေစွမ်းက သိပ်တော့အားရစရာ မရှိလှဘူးလို့ ဆိုနိုင် ပါတယ်။ လေဗာကူဆင် အသင်းရဲ့ အဓိက နောက်ခံကစားသမား တစ်ဦးဖြစ်တဲ့ တော့ပ်ရက် ပွဲပယ်ကြောင့် မပါဝင်နိုင်တာကလည်း အိမ်ရှင်ကိုပိုပြီး အားနည်းသွားစေပါတယ်။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲရဖို့ခက်လာတဲ့ လေဗာကူဆင်အတွက် ဒီပွဲဟာ ရလဒ်ကောင်းပါ့မလားဆိုတာ စိတ်ပူဖို့ ကောင်းပါတယ်။

အသလက်တီကိုကတော့ တစ်ချက်ချေချော်ပေမယ့် လေဗာကူဆင်လောက် ဖရိုဖရဲမဖြစ်တဲ့ အသင်းပါ။ မနှစ်က ခြေစွမ်းကို အခုချိန်ထိ ထိန်းထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ တိုက်စစ်မှူးတောရက်စ်ကို ပြန်ခေါ်ထားနိုင်တာက ဒီလိုပွဲတွေမှာ အကျိုးသက်ရောက်မှု များနိုင်တယ်လို့ဆိုရမှာပါ။ အသလက်တီကိုမှာ ကိုကီနဲ့ သီယာဂို မပါနိုင်သေးဘူးဆိုပေမယ့် မန်ဇူကစ်နဲ့ ဂရစ်ဇ်မန်း ပွဲထွက်လာဖို့များနေပါတယ်။

သုံးသပ်ချက်

ဒီနှစ်သင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ တွေ့ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက နှစ်ကျော့လုံး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ပြီးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင်ဟာ ချန်ပီယံရှုံးထွက်အဆင့်မှာ နောက်ဆုံးခုနှစ်ကြိမ်လုံး ရှုံးထားတဲ့ အသင်းဖြစ်နေပါတယ်။ အဲဒီ ၇ ပွဲမှာ ခြောက်ဂိုးပဲ သွင်းနိုင်ပြီး ၂၄ ဂိုးအထိပြန်ပေးထားရလို့ သမိုင်းကြောင်းက သိပ်တော့ မကောင်းလှပါဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ၁၉၇ မိနစ်ကြာ ဂိုးမသွင်းနိုင်တဲ့ စံချိန်ကို ရထားတာလည်း လေဗာကူဆင်ဖြစ်ပါတယ်။
လေဗာကူဆင်ဟာ ခြေစွမ်းအရသာမက၊ အစဉ်အလာအရလည်း အသလက်တီကိုထက် အားနည်းနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဆိုတာ အိမ်ကွင်းအားသားချက်က စကားပြောလွန်းတာကြောင့် လေဗာကူဆင် မထင်မှတ်ပဲ ရုန်းကန်ပြလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဂိုးများနိုင်ပြီး လေဗာကူဆင် မရှုံးနိုင်ပါဘူး။ လေဗာကူဆင်ကပ်နိုင်သွားတာမျိုး ဒါမှမဟုတ် တဖက်နှစ်ဂိုးစီ သရေရလဒ်မျိုး ထွက်လာနိုင်ပါတယ်။

Soccer Myanmar

Tuesday, February 24, 2015

ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း အူဘာမီယန် ဖွင့်ဟ



ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း အူဘာမီယန် ဖွင့်ဟ

အင်္ဂါနေ့တွင် တူရင်၌ ဂျူဗင်တပ်စ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ အန်ဒရီယာ ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း ဘိုရပ်ရှားဒေါ့မွန် ကွင်းလယ်ကစားသမား ပီယာရီ အမ်မာရစ် အူဘာမီယန်က ပြောကြားလိုက်သည်။

အဆိုပါ ဂါဘွန် လက်ရွေးစင် ကစားသမားသည် အေစီမီလန် လူငယ်အကယ်ဒမီထွက် ဖြစ်သည်။ ၎င်းသည် စီးရီးအေတွင် ကစားခဲ့သည့် ၄ နှစ်အတွင်း စီနီယာအသင်း၌ တစ်ပွဲမှ ပါဝင်ကစားခဲ့ရခြင်း မရှိဘဲ အငှားကစားသမား အနေဖြင့် အချိန်ကုန်ဆုံး ခဲ့ရသည်။ သို့သော်လည်း မိမိအနေဖြင့် ဆန်စီရိုတွင် နေထိုင်ခဲ့ရသည့် အချိန်များကို အမှတ်ရနေဆဲဖြစ်ကြောင်း အူဘာမီယန်က ဆိုခဲ့သည်။

“ကျွန်တော် ပီယာလိုနဲ့ မီလန်မှာကတည်းက သိကျွမ်းခဲ့တာပါ။ သူက ကျွန်တော့်ရဲ့ စံပြကစားသမားလည်း ဖြစ်ပါတယ်။ အခုလို အန်ဒီရီယာ၊ ဘူဖွန်တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရမယ့်အတွက် ဂုဏ်ယူမိပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးက ပြောကြားခဲ့သည်။

ဒေါ့မွန်သည် ပြည်တွင်းပြိုင်ပွဲများတွင် ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၂ တွင် ရပ်တည်လျက်ရှိပြီး အသင်းတွင်လည်း ယုံကြည်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ဒေါ့မွန်အနေဖြင့် ဂျူဗင်တပ်စ်ကို အနိုင်ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မည် ဖြစ်ကြောင်း အူဘာမီယန်က ဆိုခဲ့သည်။

“ကျွန်တော်တို့ ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် သိပ်ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ တူရင်မှာ ကစားရမယ့်ပွဲဟာ ခက်ခဲပါလိမ့်မယ်။ ဂျူဗင်တပ်စ်က အခုအချိန်မှာ အီတလီရဲ့ အကောင်းဆုံးအသင်းပါ။ သူတို့က ဘယ်ပြိုင်ဘက်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်” ဟု ဒေါ့မွန်တိုက်စစ်မှူးက ပြောကြားခဲ့သည်။

Soccer Myanmar

ဒန်နီအဲလ်ဗက်စ် ဘာစီလိုနာတွင် ဆက်ရှိ၊ မရှိ မသိရှိကြောင်း ဘာတိုမြူ ပြောကြား



ဒန်နီအဲလ်ဗက်စ် ဘာစီလိုနာတွင် ဆက်ရှိ၊ မရှိ မသိရှိကြောင်း ဘာတိုမြူ ပြောကြား

လာမည့် ဘောလုံးရာသီတွင် နူးကမ့်၌ ဒန်နီအဲလ်ဗက်စ် ဆက်ရှိ၊ မရှိကို မိမိမသိရှိကြောင်း ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိုးဇက် မာရီယာ ဘာတိုမြူက ဝန်ခံပြောကြားလိုက်သည်။

ဘရာဇီးလ် နောက်ခံ ကစားသမား၏ စာချုပ်သည် ယခုနှစ် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ပြီး ကစားသမား အနေဖြင့် ဘာစီလိုနာတွင် ဆက်ကစားရန် ဆန္ဒရှိသော်လည်း အသင်းမှ စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်း မရှိသေးကြောင်း အေးဂျင့်ဖြစ်သူ ဒီနိုရာဆန်တာ အန်နာက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ထို့နောက် ဘာတိုမြူက အသင်းအနေဖြင့် ၂၀၁၆ ခုနှစ်အထိ ကစားသမား အပြောင်းအရွှေ့တွင် ပါဝင်နိုင်မည် မဟုတ်ကြောင်းနှင့် အဲလ်ဗက်စ်ကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်း အရိပ်အမြွက်ဆိုခဲ့သည်။

“လာမယ့်နှစ်အတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ရီဇက်ခ်ျ၊ ဘရိုင်ဒါနဲ့ အခြား ဒါရိုက်တာတွေကလည်း ဒီအတွက် လုပ်ဆောင်နေပါတယ်။ အဲလ်ဗက်စ် အသင်းမှာ ဆက်နေ၊ မနေတဲ့အပေါ် ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၁၆ ဇန်နဝါရီ ၁ ရက်အထိ ကစားသမားသစ်တွေ ခေါ်လို့ရမှာ မဟုတ်ပါဘူး” ဟု ဘာတိုမြူက ပြောကြားခဲ့သည်။

ဒန်နီအဲလ်ဗက်စ်သည် ၂၀၀၈ ခုနှစ်တွင် ဆီဗီလာမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြဟောင်း ပပ်ဂွာဒီယိုလာ လက်အောက်တွင် အရေးပါသည့် ကစားသမား တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။

Soccer Myanmar

ဟမ်မဲလ်စ်ကို ယူနိုက်တက် အရခေါ်ယူရန် ကြိုးပမ်းသင့်ဟု ဂူးလစ်တိုက်တွန်း



ဟမ်မဲလ်စ်ကို ယူနိုက်တက် အရခေါ်ယူရန် ကြိုးပမ်းသင့်ဟု ဂူးလစ်တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် နွေရာသီ ဈေးကွက်ကာလတွင် ဘိုရပ်ရှားဒေါ့တ်မန် ခံစစ်မှူး မတ်စ်ဟမ်မဲလ်စ်ကို မဖြစ်မနေ အရခေါ်ယူသင့်ကြောင်း ရုဒ်ဂူးလစ်က တိုက်တွန်းလိုက်သည်။

နယ်သာလန် ဂန္ထဝင် ကစားသမားဟောင်းကြီးက လက်ရှိ ယူနိုက်တက် မန်နေဂျာ တာဝန်ယူထားသည့် တစ်နိုင်ငံတည်းသား လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဗဟိုခံစစ်ကို ကွပ်ကဲရန် ဟမ်မဲလ်စ်ကဲ့သို့ အတွေ့အကြုံရင့် ခံစစ်မှူးကောင်း တစ်ဦးကို မဖြစ်မနေ လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ယူနိုက်တက်သည် နွေရာသီတွင် ရီယိုဖာဒီနန်နှင့် နီမန်ယာ ဗီဒစ်တို့ကဲ့သို့ သက်တော်ရှည် ဗဟိုခံစစ်မှူးများကို လက်လွှတ်လိုက်ပြီးနောက် လုခ်ရှော၊ မားကို့စ်ရိုဟိုနှင့် ဒါလေဘလင်းတို့ကဲ့သို့ တောင်ပံအားသန်သော ခံစစ်သမားများကိုသာ ပြန်လည် ဝယ်ယူဖြစ်ခဲ့သည်။ Goal.comနှင့် အင်တာဗျူးတွင် ဂူးလစ်က နွေရာသီတွင် ဗန်ဂါးလ် အနေဖြင့် ဗဟိုခံစစ်မှူးကောင်း တစ်ဦးမျှ မခေါ်ယူဖြစ်ခဲ့သည်ကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့သည်။

“ယူနိုက်တက်မှာ ဗန်ဂါးလ် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး တကယ်တမ်း ကျွန်တော် အံ့ဩတာ တစ်ခုပဲ ရှိတယ်။ အရမ်းကောင်းတဲ့ ဗဟိုနောက်ခံလူတွေ မခေါ်ခဲ့တာပဲ။ အဲဒါက သူ့အတွက် ဦးစားပေး လုပ်ဆောင်မှု ဖြစ်ခဲ့တာလေ”ဟု ဂူးလစ်က ဆိုသည်။ ၎င်းက “ဗန်ဂါးလ်ဟာ ဟမ်မဲလ်စ်ကို အရူးအမူး သဘောကျနေပုံရတယ်။ တကယ်လည်း ဝယ်ယူချင်နေတယ်။ ကျွန်တော် ဆိုရင်လည်း ယူနိုက်တက်ကို ကိုင်တွယ်ရင် ဗဟိုနောက်ခံလူ ကောင်းကောင်းတွေ ရှာဝယ်ဖို့ ကြိုးစားမှာပဲ။ အသင်းမှာ အဲဒီအပိုင်းက အားနည်းချက်လေး ဖြစ်နေတယ်လေ။ ဘာပဲဖြစ်ဖြစ် ဗန်ဂါးလ်ဟာ ရလဒ်ပိုင်းအရ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေနိုင်တယ်။ ရလဒ်တွေ ကောင်းလာလေလေ၊ ယုံကြည်မှု တိုးပွားပြီး အသင်းကစားပုံ ကောင်းလာလေလေ ဖြစ်နိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အေစီမီလန် ကြယ်ပွင့်ဟောင်းက ၎င်းကစားဖူးသည့် အသင်းဟောင်း ချယ်လ်ဆီး အနေဖြင့် ရိုမီလူ လူကာကူ၊ ကီဗင် ဒီဘရုမ်းတို့ကဲ့သို့ လူငယ်ကြယ်ပွင့်များကို ထုတ်ရောင်းနေခြင်းအတွက် အတန်ငယ် ဘဝင်မကျမိကြောင်း ဝန်ခံခဲ့သည်။ “ချယ်လ်ဆီးက လူငယ်စီမံကိန်းကနေ တစ်ခုခုတော့ ရနေတယ်လို့ ပြောနိုင်တယ်။ ကစားသမားတွေ ရောင်းထုတ်နိုင်တယ်လေ။ ချယ်လ်ဆီး ပရိသတ် တစ်ယောက် အနေနဲ့ ကျွန်တော့် အမြင်အရတော့ အသင်းဟာ ဒုတိယတန်းစား ပွဲလောက်ကိုသာ ကစားဖူးတဲ့ လူငယ်တွေကို ထုတ်ရောင်းပစ်လိုက်လေ့ ရှိတယ်။ လူငယ်တွေ အတွက်တော့ ကျွန်တော် ဒါမျိုး မဖြစ်စေချင်ဘူး။ လူငယ် ကစားသမားလေးတွေကို သီတင်းပတ်တိုင်း အသင်းမှာ ဝင်ကစားခွင့်ပေးပြီး သူတို့ရဲ့ အရည်အသွေးကို ပြစေချင်တယ်။ ချယ်လ်ဆီးမှာကတော့ ဒါက ပြဿနာ တစ်ခုဖြစ်နိုင်တယ်။ နယ်သာလန်မှာတော့ လူငယ်တွေကို အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံမှာပဲ ဆက်ကစားနေပြီးမှ အသင်းပြောင်းဖို့ ကျွန်တော် အကြံပေးလေ့ ရှိပါတယ်”ဟုလည်း ဂူးလစ်က ပြောကြားသွားသည်။

Soccer Myanmar

ပါးမားအသင်း ပြိုလဲမှုအတွက် ဝမ်းနည်းမိဟု ခရက်စ်ပို ဖွင့်ဟ



ပါးမားအသင်း ပြိုလဲမှုအတွက် ဝမ်းနည်းမိဟု ခရက်စ်ပို ဖွင့်ဟ

ပါးမားအသင်း၏ ပြိုကွဲမှုကို တွေ့မြင်ရခြင်းအတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စ်ပိုက ဖွင့်ဟ ပြောကြားခဲ့သည်။

အာဂျင်တီးနား လက်ရွေးစင်ဟောင်း ခရက်စ်ပိုသည် အီတလီ စီးရီးအေကလပ် ပါးမားနှင့်အတူ ဥရောပ ဘောလုံးနယ်ပယ်တွင် စတင်ထင်ရှားလာပြီး လာဇီယို၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ အေစီမီလန် အစရှိသည့် အသင်းများတွင်လည်း ကစားခဲ့သည်။ (၂၀၁၂)ခုနှစ်တွင် ကစားသမား ဘဝမှ အနားယူသွားပြီဖြစ်သည့် ခရက်စ်ပိုက စီးရီးအေ ပြိုင်ပွဲမှ နုတ်ထွက်လိုက်ပြီဖြစ်သည့် ပါးမားနှင့် ပတ်သက်၍ ဝမ်းနည်းစိတ်ပျက်စွာ ခံစားမိကြောင်း ဆိုသည်။ ခရက်စ်ပိုသည် ပါးမား၏ လူငယ်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။ ပါးမား အသင်းသည် ကစားသမားများကို လုပ်ခများ မပေးချေနိုင်သည့်အပြင် စီးရီးအေတွင် ဆက်လက်ကစားနိုင်ရန် လုံလောက်သော ရင်းမြစ် မရှိတော့ကြောင်း အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ ဝန်ခံ အသိပေးခဲ့သည့်နောက် ဘောလုံးရာသီ မတိုင်မီ စီးရီးဘီသို့ တန်းဆင်းရန် သေချာသွားခဲ့သည်။

လက်ကျန်ရာသီတွင် ပါးမား၏ ပွဲစဉ်များကို ပယ်ဖျက်သွားမည် ဖြစ်ရာ တနင်္ဂနွေနေ့တွင် ကစားမည့် အူဒီးနီးစ်နှင့် ပွဲစဉ်ကို ပထမဆုံး ဖျက်သိမ်းလိုက်သည်။ အသင်း၏ ဘဏ္ဍာရေး ပြိုလဲမှုများကြောင့် ဖြစ်ပွားခဲ့သည့် အခြေအနေဆိုးနှင့် ပတ်သက်ပြီး ခရက်စ်ပိုက “ဒါကို ကြားသိရတာ နာကျင်စရာပါ။ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒီအဆင့်အတန်းမှာ အသင်းတစ်သင်း ဒါမျိုးရုန်းကန်ရတယ် ဆိုတာက လက်ခံဖို့ ခက်လွန်းတယ်။ ပထမအသင်းက ခက်ခက်ခဲခဲ ရုန်းကန်နေရပြီ ဆိုတာနဲ့ ကျွန်တော်တို့ လူငယ်အသင်းဆို ဘယ်လိုဖြစ်မလဲ တွေးနိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သောက်စရာ ရေတောင် မရှိဘူး။ ရေချိုးခန်းမှာ ရေပူမရဘူး။ ရေအေးနဲ့ချိုးလို့ ကျွန်တော့် ကစားသမားတချို့ ဖျားနာခဲ့ပြီးပြီ”ဟု ဆိုသည်။

ပါးမားသည် ယခုရာသီ ကစားသမားများကို လုပ်ခလစာ ပေးချေနိုင်ခြင်း မရှိသည့်အပြင် အူဒီးနီးစ်နှင့် ပွဲစဉ်တွင် ပွဲလုံခြုံရေး ဝန်ဆောင်ခများကိုပင် မတတ်နိုင်ကြောင်း အသိပေးခဲ့သည့်နောက် စီးရီးအေမှ တန်းဆင်းရန် သေချာလာခဲ့သည်။ စည်းမျဉ်းများအရ သတ်မှတ်ထားသော စံနှုန်းများအတိုင်း မလုပ်ဆောင်နိုင်သည့် အသင်းတိုင်း စီးရီးအေမှ တန်းဆင်းရမည် ဖြစ်သည်။ အဆိုပါ အခြေအနေတွင် ပါးမား၏ လက်ကျန်ရာသီ ပွဲစဉ်အားလုံးကို ပယ်ဖျက်ပြီး ပြိုင်ဘက် အသင်းများအား (၃-၀)ဖြင့် အနိုင် သတ်မှတ်ပေးသွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

ဘာစီလိုနာကို မန်စီးတီးရှုံးကြွေးဆပ်နိုင်မှာလား၊ ထပ်တင်မှာလား (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)



ဘာစီလိုနာကို မန်စီးတီးရှုံးကြွေးဆပ်နိုင်မှာလား၊ ထပ်တင်မှာလား (ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲကြို)

သမိုင်းဟာ အမြဲတမ်းတကျော့ပြန်လည်တတ်တယ်ဆိုတဲ့ စကားအတိုင်း အခုလည်း မန်စီးတီးနဲ့ ဘာစီလိုနာတို့ရဲ့ သမိုင်းကြောင်းဟာ တပတ်ပြန်လည်လာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒီအဆင့်မှာပဲ မန်စီးတီးနဲ့ ဘာစီလိုနာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဘာစီလိုနာဟာ ၄-၁ ဆိုတဲ့ပြတ်သားတဲ့ရလဒ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီးကို နှစ်ကျော့ပေါင်း လေးဂိုးသွင်းဖို့ ဘာစီလိုနာအတွက် အခွင့်အရေးရှိပါဦးမလားဆိုတာ စိတ်ဝင်စားစရာအချက်ဖြစ်လာခဲ့ပါတယ်။

မနှစ်ကဒီနှစ်သင်း တွေ့ဆုံမှုဟာ ဥရောပပြိုင်ပွဲတွေသမိုင်းတလျှောက် ပထမဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ကိုလည်း ပြည်တွင်းအမှတ်ပေးဖလားနဲ့အတူတူ ပစ်မှတ်ထားနေတာ ကြောင့်
နှစ်သင်းလုံးအတွက် နောက်တဆင့် ရောက်ဖို့ဆိုတာ အတော်လေးခက်ခဲတဲ့အခြေအနေပါ။ ဒီနေ့ည ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မန်စီးတီး – ဘာစီလိုနာပွဲက စပြီး သုံးသပ်ကြည့်ကြရ အောင်ပါ။

မန်စီးတီး – ဘာစီလိုနာ

ပြီးခဲ့တဲ့နှစ်က မန်စီးတီးဟာ အိမ်ကွင်းမှာ ရလဒ်မကောင်းခဲ့တာဟာ နောက်ခံလူ ဒီမီချီလီ အထုတ်ခံခဲ့ရတာ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မန်စီးတီးဘက်က ဒီမီချီလီ၊ ကွန်ပနီတို့လို့ အနည်းပယ် ပျာယာခတ်တက်တဲ့ကစားသမားမျိုးကို သတိထားဖို့ လိုပါတယ်။ ထူးဆန်းတာက ဒီနှစ်သင်းလုံးဟာ ပြည်တွင်းအမှတ်ပေးဇယားအသီးသီးမှာ ဒုတိယနေရာ လိုက်နေရတဲ့ အသင်းတွေဖြစ်နေတဲ့အချက်ပါပဲ။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ငါးဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပေမယ့် ဘာစီလိုနာကတော့ မာလာဂါကို မထင်မှတ်ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီတော့ ဘာစီလိုနာရဲ့ ခြေစွမ်းဟာ သတိထားရမယ့် ခြေစွမ်းဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအခြေအနေ

မန်စီးတီးအသင်းမှာ ယာယာတိုယေးကလွဲလို့ လူစုံပါဝင်မှာဖြစ်ပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာယာတိုယေးဟာ မန်စီးတီးရဲ့ အဓိကအကျဆုံး ကစားသမား ဖြစ်နေတာကတော့ ဆိုးရွားပါတယ်။

အထူးသဖြင့် ဘာစီလိုနာလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ယာယာတိုယေးလို ကစားသမားမျိုးက မဖြစ်အနေလိုအပ်မှာ သေချာပါတယ်။
ဒါပေမယ့် မန်စီးတီးက အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဘိုနီဒီပွဲမှာပွဲထွက်ပါလာနိုင်ပါတယ်။ ဘိုနီဟာ ချန်ပီယံလိဂ်အတွေ့အကြုံမရှိသေးတဲ့အတွက် ဘယ်လောက်အားကိုးရမလဲဆိုတာ ပွဲချိန်ရောက်မှသာ တိတိကျကျ

အဖြေထုတ်ပေးနိုင်မှာပါ။ ယာယာတိုယေးမပါနိုင်တာကလွဲရင် မန်စီးတီးမှာ လူစုံပါဝင်နိုင်မှာ ဖြစ်လို့ သိပ်တော့ စိတ်ပျက်စရာမရှိလှပါဘူး။

ဘာစီလိုနာ အခြေအနေ

ဘာစီလိုနာဘက်မှာလည်း ကာလကြာရှည်ဒဏ်ရာရနေတဲ့ နောက်ခံလူ ဗာမေလန်က လွဲလို့ လူစုံပါနိုင်မှာ ဖြစ်ပါတယ်။ တိုက်စစ်မှူးဆွာရက်ဇ်အတွက်တော့ ဘာစီလိုနာအတွက်ကစားခဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
ဘာစီလိုနာဟာ ဒီရာသီမှာ ပရိတ်သတ်တွေ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုးဖြစ်အောင် မလုပ်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ တိုက်စစ်က ဂိုးတွေရနေဆဲဖြစ်ပေမယ့် ကွင်းလယ်က အရင်ကလောက် အထင်ကြီးစရာမျိုး မလုပ်ပြနိုင်တော့ပါဘူး။ တစ်ခါတရံမှာ ကစားသမားတွေအကြား နားလည်မှု လွဲနေတာတွေ လည်းတွေ့နေရပါတယ်။

စိတ်ဝင်စားစရာ အချက်အလက်

မန်စီးတီးမှာ စိုးရိမ်စရာကောင်းတဲ့ ချန်ပီယံလိဂ်စံချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့ ချန်ပီယံလိဂ် အိမ်ကွင်းနောက်ဆုံး ၁၃ ပွဲကစားရာမှာ တစ်ပွဲပဲ ဂိုးမပေးခဲ့ရဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း ဘာစီလိုနာကို မန်စီးတီး ဂိုးပေးရဦးမယ်လို့ ယူဆရပါတယ်။
ဘာစီလိုနာဟာ နောက်ဆုံးခုနှစ်နှစ်ဆက်တိုက် ကွာတာဖိုင်နယ်ကို တက်နိုင်ခဲ့တဲ့ အသင်းဖြစ်လို့ မန်စီးတီးထက် အစဉ်အလာအားဖြင့် ပိုသာနေပါတယ်။

နောက်တစ်ချက်က ဘာစီလိုနာဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ အင်္ဂလိပ် အသင်းတွေနဲ့ ခုနှစ်ကြိမ် တွေ့ခဲ့ရာမှာ ခြောက်ကြိမ် အနိုင်ရခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီက ချဲလ်ဆီးကို နှစ်ကျော့ပေါင်း ရလဒ်နဲ့ ၃-၂ ဂိုးနဲ့ ရှုံးခဲ့တာက လွဲလို့ ဘာစီလိုနာဟာ ကျန်တဲ့ပွဲတွေမှာ အောင်ပွဲယူနိုင် ခဲ့တာချည်းပါပဲ။

သုံးသပ်ချက်

ဘာစီလိုနာရဲ့ အဓိကကစားသမာမက်ဆီဟာ ချန်ပီယံလိဂ်နောက်ဆုံးငါးပွဲဆက်တိုက် ဂိုးသွင်းထားသူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာခြောက်ပွဲဆက်တိုက် ဂိုးသွင်းတာမျိုးတော့ တစ်ကြိမ်မှ မလုပ်နိုင်သေးပါဘူး။ ဒီအစဉ်အလာက မန်စီးတီးအတွက် အားသာချက်ဖြစ်လာနိုင်ပါတယ်။ နှစ်သင်းလုံးဟာ တိုက်စစ်ထက်မြက်တဲ့ အသင်းတွေဖြစ်ပေမယ့် မန်စီးတီးကွင်းလယ်မှာ ယာယာတိုယေး မပါနိုင်တာက ကြီးမားတဲ့ အားနည်းချက်ဖြစ်နေပြန်ပါတယ်။

ခံစစ်ကို နှစ်သင်းလုံး အာရုံစိုက်ပြီး ဂရုစိုက်ကြမယ့်ပွဲဖြစ်မှာပါ။ တစ်သင်းနဲ့တစ်သင်း ဂိုးသွင်းဖို့ ခက်ပါလိမ့်မယ်။ တစ်ဖက်တစ်ဂိုးစီသရေ ဒါမှမဟုတ် ဘာစီလိုနာ တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆရပါတယ်။

အိမ်ကွင်းမှာ အောင်ပွဲခံဖို့ ကြိုးစားမယ့် ဂျူဗင်တပ်

နောက်တပွဲက ဂျူဗင်တပ်နဲ့ ဒေါ့မွန်ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ လက်ရှိအခြေအနေမှာ အလွန်မှန်းရခက်တဲ့ အသင်းတွေလို့ဆိုနိုင်ပါတယ်။ စီးရီးအေမှာ ဂျူဗင်တပ်ခြေစွမ်းပြပြီး ဦးဆောင်နေပေမယ့် ချန်ပီယံလိဂ်မှာ ဘယ်လိုလာမလဲဆိုတာ

အတပ်မပြောနိုင်သေးပါဘူး။ ဒေါ့မွန်ကလည်း အမှတ်ပေးပွဲမှာ ရလဒ်ဆိုးရွားခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ တောက်ပတဲ့ခြေစွမ်းကို ပိုင်ဆိုင်ခဲ့တဲ့ အသင်းပါ။ အခုတော့ ဒေါ့မွန်ဟာ ပြည်တွင်းမှာလည်း နိုင်ပွဲတွေ ပြန်ဆက်နေပြီဖြစ်ပါတယ်။

ဂျူဗင်တပ် – ဒေါ့မွန်

နှစ်သင်းလုံး အတွက်တော့ သတင်းကောင်း တွေနဲ့ စောင့်ကြိုနေတဲ့ ရက်သတ္တပတ်ဖြစ်ပါတယ်။ ပြည်တွင်း ပြိုင်ပွဲ တွေမှာလည်း နိုင်ပွဲတွေ အသီးသီး ရနေကြတာ တိုက်ဆိုင်နေပါတယ်။ ဂျူဗင်တပ် မှာလည်း အားထားရတဲ့ ဗီဒယ်ဒဏ်ရာ ပြန်သက် သာလာလို့ ဒီပွဲမှာ ပါဖို့ရှိနေ ပါတယ်။ ဒေါ့မွန်ကလည်း မာကိုရူးစ်ကို ပြန်လည် အသုံးပြု နေနိုင်ပြီဖြစ်လို့ နှစ်ဖက် အင်အားဟာ ပြောစရာ မလိုအောင် တောင့်တင်းနေမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ လေးနှစ် ဆက်တိုက် စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ရဖို့ ကြိုးပမ်း နေချိန်နဲ့ တစ်ပြိုင်နက်မှာပဲ ဒီနှစ်မှာ ချန်ပီယံလိဂ် ကိုလည်း ပစ်မှတ်ထား နေတဲ့သင်း ဖြစ်ပါတယ်။ ၂၀၀၆ နောက်ပိုင်း ကွာတားဖိုင်နယ်ကို မတက်နိုင် တော့တဲ့ အသင်းဆိုတဲ့ နာမည်ဆိုးကို ဂျူဗင်တပ် ချေဖျက်ဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အတွက်တော့ ရှုံးထွက် အဆင့်ကို သုံးနှစ် ဆက်တိုက် တက်လာ နိုင်ခဲ့တဲ့ နှစ်ဖြစ် ပါတယ်။

ဂျူဗင်တပ်ဟာ ၂၀၁၅ မှာ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါတယ်။ ဒီဇင်ဘာ နောက်ဆုံးပတ်တုန်းက နာပိုလီကို စူပါဖလားမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးပြီးနောက်ပိုင်း အခုအချိန်ထိ ဂျူဗင်တပ် ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ ဒါကြောင့်

ဂျာမန်အသင်းဒေါ့မွန်ရဲ့ပြိုင်ဘက်ဟာ အင်အားအကောင်းဆုံး အချိန်ရောက်နေတာကို သတိပြုရပါလိမ့်မယ်။

သုံးသပ်ချက်

ဒေါ့မွန်အတွက် အဝေးကွင်းလည်းဖြစ်နေတဲ့အတွက် သိပ်တော့ မျှော်လင့်ထားလို့ မရနိုင်ပါဘူး။ နောက်တစ်ချက် က ဒေါ့မွန်ဟာ ဂျူဗင်တပ်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ပွဲတိုင်းမှာ ဂိုးပေးထားရတယ်ဆိုတဲ့ သမိုင်းကြောင်းရှိပါတယ်။ ၁၉၉၇ ခုနှစ်က

ဒီနှစ်သင်းတွေ့ဆုံမှုဟာ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဥရောပဖလားဗိုလ်လုပွဲမှာ တွေ့ခဲ့တာဖြစ်ပြီး ဒေါ့မွန်က ၃-၁ ဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ဒေါ့မွန်ပိုင်ဆိုင်ထားတဲ့ လက်က်ရှိခြေစွမ်းအရ စီးရီးအေချန်ပီယံကို အလွယ်တကူကျော်ဖြတ်ဖို့ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာ တိုက်စစ်အားနည်းတက်တဲ့ ဂျူဗင်တပ်ကြောင့် ဒေါ့မွန်အသက်ရှုချောင်နိုင်ပါတယ်။

ဒီပွဲကတော့ နှစ်ဖက်သွင်းဂိုးမထင်မှတ်ပဲ များသွားနိုင်မယ်ထင်ပါတယ်။ ဒေါ့မွန်အတွက်တော့ အမြင့်ဆုံး မျှော်လင့်ချက်ဟာ သရေ သို့မဟုတ် ဂိုးပြတ်မရှုံးဖို့ပဲ ဖြစ်နိုင်ပါတယ်။ ဂျူဗင်တပ် ၂-၁ ဂိုးနဲ့ နိုင်ခြေရှိသလို တစ်ဖက်နှစ်ဂိုး စီလောက်နဲ့လည်း သရေပွဲဖြစ်နိုင်ပါတယ်။

Soccer Myanmar