Pages

Subscribe:

Friday, February 20, 2015

အသင်းက စာချုပ်သက်တမ်း တိုးလိုသော်လည်း ဗီလာမှ ဗလားထွက်ခွာရန် သေချာသလောက်ရှိနေ



အသင်းက စာချုပ်သက်တမ်း တိုးလိုသော်လည်း ဗီလာမှ ဗလားထွက်ခွာရန် သေချာသလောက်ရှိနေ

အသင်းက ဆက်လက် ထိန်းသိမ်းထားလိုသော်လည်း ရွန်ဗလားသည် အက်စ်တန်ဗီလာကို စွန့်ခွာရန် သေချာသလောက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူကို ဗီလာ မန်နေဂျာသစ် တင်မ်ရှားဝုဒ်က သက်တမ်းတိုး စာချုပ်နိုင်ရန် မျှော်လင့်နေသည်။ သို့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ ရာသီကုန်တွင် ဗီလာပါ့ခ်ကို စွန့်ခွာပြီး သေချာပေါက် အသင်းသစ် ရှာဖွေရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိရသည်။ ဗလားကို မန်ချက်စတာ ယူနိုက်တက်နှင့် ဆောက်သမ်တန် အသင်းများက စိတ်ဝင်စားမှု ပြသခဲ့ဖူးသည်။ ဗလားသည် လက်ရှိတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀)မျှ ရရှိနေသူဖြစ်ပြီး နွေရာသီတွင် အလွတ်ဈေးဖြင့် စိတ်ကြိုက် အသင်းတစ်ခုသို့ ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။

အသက်(၃၀) အရွယ်ရှိ ဗလားသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် ကိုင်တွယ်နေသည့် နယ်သာလန် လက်ရွေးစင် အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည်။ ထို့အပြင် ဒူးဒဏ်ရာကြောင့် (၆)ပတ်မျှ အနားယူခဲ့ရပြီး ပြန်ကစားနိုင်ချိန်တွင်လည်း စွမ်းဆောင်ရည်ကောင်းများ ရရှိနေသည်။ ရှားဝုဒ်က “အသင်းအနေနဲ့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နိုင်မလား ဆိုတာကို ကျွန်တော်လည်း သေချာ မပြောတတ်ဘူး။ ဒါပေမဲ့ သေချာတာက ဗီလာဟာ အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းထားချင်တယ် ဆိုတာပါပဲ။ ကျွန်တော် ပြောနိုင်တာက ဗီလာဟာ ဗလားကို ဆက်ထိန်းထားဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ ကျွန်တော်ကလည်း သူ့အတွေ့အကြုံ၊ သူ့ခြေစွမ်းကို အရမ်း သဘောကျပါတယ်”ဟု ဝန်ခံသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment