Pages

Subscribe:

Saturday, February 28, 2015

လီဗာပူးလ် ယူရိုပါလိဂ် ကစားခဲ့ရခြင်းက မိမိတို့ အတွက် အသာစီး အခြေအနေ တစ်ရပ်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု



လီဗာပူးလ် ယူရိုပါလိဂ် ကစားခဲ့ရခြင်းက မိမိတို့ အတွက် အသာစီး အခြေအနေ တစ်ရပ်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု

လီဗာပူးလ်အသင်း ယူရိုပါလိဂ် ကစား ထားရခြင်းက အန်းဖီးလ်တွင် ရင်ဆိုင်မည့် ပွဲစဉ်အတွက် မိမိတို့ကို အတန်ငယ် အသာစီးရစေကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

လီဗာပူးလ်သည် ကြားရက်တွင် ယူရိုပါလိဂ် ပွဲစဉ် ကစားထားရပြီး တနင်္ဂနွေနေ့တွင် မန်စီးတီးကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင် သွားမည်ဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် ဘီဆစ်ခ်တက်စ်ကို အရေးနိမ့်ခဲ့သည့် ယူရိုပါလိဂ် ပွဲစဉ်တွင် ကစားသမား အချို့ကို အနားပေးပြီး ယခုပွဲစဉ်အတွက် လူချန်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ မန်စီးတီး ရုန်းကန်ရလေ့ရှိသည့် အန်းဖီးလ်တွင် ယခုတစ်ကြိမ်၌ ခြေစွမ်းပြ အနိုင်ရရန် ချီလီသား မန်နေဂျာကြီးက ယုံကြည်နေသည်။

ပယ်လီဂရီနီက တူရကီမှ လီဗာပူးလ် အချိန်နောက်ကျ ပြန်လာရသည့် ခရီးစဉ်နှင့် ပတ်သက်ပြီး “ဒါဟာ ကျွန်တော်တို့အတွက် သေချာပေါက် အသာစီးရမှု တစ်ခုလို့တော့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးတဲ့ အရာမှန်သမျှဟာ ပွဲကစားနေချိန် စွမ်းဆောင်ရည်ကြောင့်ပဲ ဖြစ်တည်လာတာကြောင့်ပါ။ တကယ်လို့ လီဗာပူးလ်က အင်္ဂလန်ကို မနေ့ညကမှ ပြန်ရောက်တဲ့အတွက် ကျွန်တော်တို့ နိုင်လိမ့်မယ် ဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ အယူအဆ မဟုတ်ပါဘူး” ဟု ဆိုသည်။

၎င်းက “ဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ် ကစားပြီး သောကြာနေ့မှ ပြန်ရောက်လာတယ် ဆိုတာက လီဗာပူးလ်အတွက် တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကို အကောင်းဆုံး ကြိုတင်ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒါကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းပါပဲ။ သူတို့ဟာ ယူရိုပါလိဂ် ကစားနေရတယ်လေ။ နောက်တစ်ပွဲကျရင် ကျွန်တော်တို့က ပြင်ဆင်ဖို့ ဆိုးရွားတဲ့ အနေအထား ကြုံနေတာ ဖြစ်ကောင်း ဖြစ်မယ်။ အန်းဖီးလ်မှာတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်မှ ဖြစ်ပါမယ်။ လီဗာပူးလ်မှာ တောင့်တင်းတဲ့ လူစာရင်းမျိုး ပိုင်ဆိုင်ထားတာကြောင့်ပါ။ သူတို့ဟာ ဘီဆစ်ခ်တက်စ်နဲ့ပွဲက ပွဲထွက်လူစာရင်းကို ထုတ်သုံးမယ်တော့ မထင်ဘူး။ လီဗာပူးလ်က တောင့်တင်းပြီး သူတို့ကွင်းကလည်း ကစားရတာ ခက်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment