Pages

Subscribe:

Thursday, February 19, 2015

ရော်နယ်လ်ဒိုကို ရောင်းထုတ်လိုက်ခြင်းက ရီးယဲလ်အတွက် ပိုမိုအကျိုးရှိနိုင်ဟု စပိန်ဘောလုံး ကျွမ်းကျင်သူသုံးသပ်



ရော်နယ်လ်ဒိုကို ရောင်းထုတ်လိုက်ခြင်းက ရီးယဲလ်အတွက် ပိုမိုအကျိုးရှိနိုင်ဟု စပိန်ဘောလုံး ကျွမ်းကျင်သူသုံးသပ်

ရီးယဲလ်မက်ဒရစ် အနေဖြင့် တစ်ကိုယ်တော် အစွမ်းပြရန် အားသန်လွန်းသည့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရောင်းထုတ်သင့်ကြောင်း စပိန်ဘောလုံးဆိုင်ရာ ကျွမ်းကျင်သူ တယ်ရီဂစ်ဘ်ဆန်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် တောင်ပံတိုက်စစ်သမားသည် ရီးယဲလ်တွင် ပြိုင်ပွဲပေါင်းစုံ (၃၃)ပွဲ၌ (၃၆)ဂိုးသွင်းကာ (၁၁)ကြိမ် ဖန်တီးပံ့ပိုးမှုများ ပြုလုပ်ထားသော်လည်း ဂစ်ဘ်ဆန်ကမူ ရော်နယ်လ်ဒို၏ ဂိုးသွင်းရန် အလွန်အကျွံ စွဲလမ်းနေမှုက အသင်းကို အထိုက်အလျောက် ထိခိုက်စေကြောင်း ယူဆနေသည်။ ၎င်းက ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ကို ဘာနေဗျူးမှ ထွက်ခွာခွင့် ပေးလိုက်ခြင်းသည် ဥရောပ ချန်ပီယံတို့အတွက် ပိုမို ကောင်းကျိုးဖြစ်စေမည်ဟု Sky Sportsနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ရော်နယ်လ်ဒိုကို ၎င်း၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ရော်နယ်လ်ဒိုသည် (၂၀၀၉)ခုနှစ်၊ ဇူလိုင်လက ရီးယဲလ်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ပွဲပေါင်း(၂၈၀)တွင် (၂၈၉)ဂိုးထိ သွင်းယူထားပြီး ဖြစ်သည်။ ဂစ်ဘ်ဆန်ကမူ ရော်နယ်လ်ဒိုနှင့် ပတ်သက်ပြီး ကွဲပြားသည့် အမြင်တစ်ရပ်မှ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော့် အမြင်က အငြင်းပွားစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ရီးယဲလ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော် သေချာ ဆန်းစစ်ကြည့်တဲ့အခါ ဒီရာသီအကုန်ကျရင် ရော်နယ်လ်ဒိုကို ရောင်းထုတ်လိုက်သင့်တယ်လို့ ကျွန်တော် ယူဆလာမိတယ်”ဟု ဂစ်ဘ်ဆန်က ဆိုသည်။ ၎င်းက “ရော်နယ်လ်ဒိုက တစ်ဦးချင်း အစွမ်းပြဖို့ကို စွဲလမ်းနေတာပါ။ သူ့ရဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ ပိုင်ဆိုင်ဖို့ကို အဓိက အားထုတ်လေ့ ရှိတယ်။ ဒီအချက်က ရီးယဲလ်ရဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို အားလျော့သွားစေတတ်တယ်”ဟုလည်း ထောက်ပြခဲ့သည်။

ရီးယဲလ်သည် လတ်တလောတွင် ပြိုင်ဘက်ကြီး ဘာစီလိုနာထက် တစ်မှတ်အသာဖြင့် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ အကယ်၍ ရော်နယ်လ်ဒို မရှိပါက ရီးယဲလ်အနေဖြင့် လာလီဂါ ချန်ပီယံဆုအတွက် လက်ရှိထက် အလားအလာ ကောင်းနိုင် မကောင်းနိုင် မေးမြန်းသည့်အခါ ဂစ်ဘ်ဆန်က “ဟုတ်ကဲ့။ ကောင်းလာနိုင်ပါတယ်။ ကျွန်တော် ဒါကို အခုမှ ပထမဆုံးအကြိမ် တွေးလာမိတာပါ။ သူရီးယဲလ်ကို ဖိအားတွေ တပွေ့တပိုက်နဲ့ ရောက်လာတဲ့ ပထမဆုံး နေ့ကတည်းက ကျွန်တော်ဟာ ရော်နယ်လ်ဒိုရဲ့ ပရိသတ် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက သူ့အတွက် ဝန်ထုပ်ဝန်ပိုးတော့ ဖြစ်စေခဲ့တယ်လေ။ ရော်နယ်လ်ဒိုရဲ့ ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ဘယ်တုန်းကမှ သံသယ မရှိခဲ့ပါဘူး။ သူဟာ နှစ်တိုင်းနှစ်တိုင်း ထိပ်တန်း ဂိုးသွင်းသူ ဖြစ်လာတယ်။ တစ်နှစ်ပြီးတစ်နှစ် ပိုကောင်းလာတယ်။ ဒါပေမဲ့ ကိုယ်တိုင်ဂိုးသွင်းဖို့ လွန်လွန်ကဲကဲ တွေးနေတဲ့ သူ့ရဲ့ အစွဲအလမ်းက ရီးယဲလ်ကို ထိခိုက်လာစေတယ်။ ရီးယဲလ်ဟာ အသင်းက ကစားသမား အားလုံးနဲ့ လိုက်ဖက်မယ့် ကစားကွက်မျိုးတော့ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကြယ်ပွင့် ကစားသမား တစ်ယောက်အကြောင်း ပြောနေပေမယ့် အသင်းမှာ တိုနီခရူးစ်၊ ဟာမက်စ် ရိုဒရီဂွတ်ဇ်နဲ့ ဂါရတ်သ် ဘေးလ်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေသေးတယ်။ ဒါပေမဲ့ ဒီလူစာရင်းနဲ့ ယှဉ်ရင်တောင် ရော်နယ်လ်ဒိုက ဦးစားပေး အနေအထား ရောက်နေသေးတယ်။ ရီးယဲလ်အနေနဲ့ ရော်နယ်လ်ဒိုကို ဈေးများများရရင် ရောင်းထုတ်ပြီး ရလာတဲ့ ငွေကြေးတွေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ထပ်ဝယ်ပြီး ဟန်ချက်ညီညီ တည်ဆောက်တာဟာ ပိုကောင်းမယ်လို့ ကျွန်တော် ယူဆပါတယ်”ဟုလည်း ဖြေကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment