Pages

Subscribe:

Thursday, February 19, 2015

ဒိုင်လူကြီးနှင့် ပတ်သက်သည့် မှတ်ချက်စကားအတွက် ဗန်ဂါးလ်ကို FA သတိပေး



ဒိုင်လူကြီးနှင့် ပတ်သက်သည့် မှတ်ချက်စကားအတွက် ဗန်ဂါးလ်ကို FA သတိပေး

ဒိုင်လူကြီး တစ်ဦးနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည့် မှတ်ချက်အတွက် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က သတိပေးခဲ့ကြောင်း သိရသည်။

ကင်းဘရစ်ခ်ျ ယူနိုက်တက်နှင့် ကစားသည့် FAဖလား စတုတ္ထအဆင့် ပွဲစဉ်တွင် ဒိုင်လူကြီး ခရစ်ဖွိုင်းနှင့် ပတ်သက်ပြီး ဘက်လိုက်သည်ဆိုသော သဘောမျိုး ဗန်ဂါးလ်က မှတ်ချက်ပြုခဲ့ကြောင်း FAက ယူဆနေသည်။ နယ်သာလန်သား မန်နေဂျာ ကိုယ်တိုင်ကမူ မိမိသည် ဖွိုင်းကို ဘက်လိုက်သည်ဟု လုံးဝ မပြောဆိုခဲ့ကြောင်း ငြင်းဆန်ထားသည်။ အက်ဘေးကွင်းတွင် ဂိုးမရှိ သရေကျခဲ့သည့် အဆိုပါ ပွဲစဉ်၌ ဒိုင်လူကြီး၏ အဆုံးအဖြတ် အချို့မှာ ယူနိုက်တက်ကို နစ်နာစေသည့် သဘောမျိုး အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း ဗန်ဂါးလ်က မှတ်ချက်ပြုခဲ့သည်။

ဗန်ဂါးလ်က “ဒီပွဲမှာ ကိစ္စတိုင်းက ကျွန်တော်တို့နဲ့ ဆန့်ကျင်ရပ်တည်ခဲ့တယ်။ ကွင်းအနေအထား၊ ဒိုင်လူကြီး၊ တွေးလို့ရသမျှ အားလုံးပဲ ဆိုပါတော့။ ဒိုင်လူကြီးရဲ့ ကိုင်တွယ်ပုံကို ခင်ဗျားတို့လည်း မြင်မှာပါ။ ဒါကတော့ အမြဲတမ်းလိုလို တူတူပါပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသင်းတစ်သင်းကို ကျွန်တော် နည်းပြ ကိုင်တွယ်ချိန်၊ တခြားအသင်းတွေမှာရောပဲ အမြဲတမ်း အတူတူပဲ ဖြစ်နေကျပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး FAက ပွဲတစ်ပွဲကို ကိုင်တွယ်သည့် ဒိုင်လူကြီးကို ဘက်လိုက်သည်ဆိုသော စွပ်စွဲချက်မျိုး ပြုလုပ်ခြင်းသည် ပွဲကြီးကြပ်သူအပေါ် မလေးစားသည့် သဘောမျိုး သက်ရောက်ပြီး သတ်မှတ်စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

ဗန်ဂါးလ်ကမူ အဆိုပါ သတိပေးမှုအတွက် စိတ်ပျက်မိကြောင်း တုံ့ပြန်ခဲ့သည်။ “တကယ့်ကို စိတ်ရှုပ်မိပါတယ်။ ကျွန်တော်ဟာ နည်းပြ၊ လေ့ကျင့်ရေးမှူး၊ မန်နေဂျာ ဘဝတွေမှာ နှစ်ပေါင်း(၃၀)လောက် ကျင်လည်ခဲ့ပြီးပါပြီ။ ဘယ်တုန်းကမှ စွဲချက်အတင် မခံရဖူးပါဘူး။ အခုကိစ္စမှာလည်း ကျွန်တော် ပြောခဲ့တာ ဘာတစ်ခုမှ အမှားမပါဘူးလို့ ထင်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ စကားစုတစ်ခု ကျွန်တော် သုံးနှုန်းလိုက်တယ်။ ဆိုလိုချင်တာက အောက်အသင်းတွေဟာ နည်းနည်းတော့ ဖေးမခံရတတ်တယ်။ အမြဲတမ်း ဒီလိုဖြစ်နေကျပဲ ဆိုတာလောက်ပါပဲ”ဟု ဗန်ဂါးလ်က ဖြေရှင်းသွားသည်။

Soccer Myanmar

0 comments:

Post a Comment