Pages

Subscribe:

Tuesday, February 24, 2015

ပါးမားအသင်း ပြိုလဲမှုအတွက် ဝမ်းနည်းမိဟု ခရက်စ်ပို ဖွင့်ဟ



ပါးမားအသင်း ပြိုလဲမှုအတွက် ဝမ်းနည်းမိဟု ခရက်စ်ပို ဖွင့်ဟ

ပါးမားအသင်း၏ ပြိုကွဲမှုကို တွေ့မြင်ရခြင်းအတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း တိုက်စစ်မှူးဟောင်း ဟာနန် ခရက်စ်ပိုက ဖွင့်ဟ ပြောကြားခဲ့သည်။

အာဂျင်တီးနား လက်ရွေးစင်ဟောင်း ခရက်စ်ပိုသည် အီတလီ စီးရီးအေကလပ် ပါးမားနှင့်အတူ ဥရောပ ဘောလုံးနယ်ပယ်တွင် စတင်ထင်ရှားလာပြီး လာဇီယို၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ အေစီမီလန် အစရှိသည့် အသင်းများတွင်လည်း ကစားခဲ့သည်။ (၂၀၁၂)ခုနှစ်တွင် ကစားသမား ဘဝမှ အနားယူသွားပြီဖြစ်သည့် ခရက်စ်ပိုက စီးရီးအေ ပြိုင်ပွဲမှ နုတ်ထွက်လိုက်ပြီဖြစ်သည့် ပါးမားနှင့် ပတ်သက်၍ ဝမ်းနည်းစိတ်ပျက်စွာ ခံစားမိကြောင်း ဆိုသည်။ ခရက်စ်ပိုသည် ပါးမား၏ လူငယ်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။ ပါးမား အသင်းသည် ကစားသမားများကို လုပ်ခများ မပေးချေနိုင်သည့်အပြင် စီးရီးအေတွင် ဆက်လက်ကစားနိုင်ရန် လုံလောက်သော ရင်းမြစ် မရှိတော့ကြောင်း အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ ဝန်ခံ အသိပေးခဲ့သည့်နောက် ဘောလုံးရာသီ မတိုင်မီ စီးရီးဘီသို့ တန်းဆင်းရန် သေချာသွားခဲ့သည်။

လက်ကျန်ရာသီတွင် ပါးမား၏ ပွဲစဉ်များကို ပယ်ဖျက်သွားမည် ဖြစ်ရာ တနင်္ဂနွေနေ့တွင် ကစားမည့် အူဒီးနီးစ်နှင့် ပွဲစဉ်ကို ပထမဆုံး ဖျက်သိမ်းလိုက်သည်။ အသင်း၏ ဘဏ္ဍာရေး ပြိုလဲမှုများကြောင့် ဖြစ်ပွားခဲ့သည့် အခြေအနေဆိုးနှင့် ပတ်သက်ပြီး ခရက်စ်ပိုက “ဒါကို ကြားသိရတာ နာကျင်စရာပါ။ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒီအဆင့်အတန်းမှာ အသင်းတစ်သင်း ဒါမျိုးရုန်းကန်ရတယ် ဆိုတာက လက်ခံဖို့ ခက်လွန်းတယ်။ ပထမအသင်းက ခက်ခက်ခဲခဲ ရုန်းကန်နေရပြီ ဆိုတာနဲ့ ကျွန်တော်တို့ လူငယ်အသင်းဆို ဘယ်လိုဖြစ်မလဲ တွေးနိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သောက်စရာ ရေတောင် မရှိဘူး။ ရေချိုးခန်းမှာ ရေပူမရဘူး။ ရေအေးနဲ့ချိုးလို့ ကျွန်တော့် ကစားသမားတချို့ ဖျားနာခဲ့ပြီးပြီ”ဟု ဆိုသည်။

ပါးမားသည် ယခုရာသီ ကစားသမားများကို လုပ်ခလစာ ပေးချေနိုင်ခြင်း မရှိသည့်အပြင် အူဒီးနီးစ်နှင့် ပွဲစဉ်တွင် ပွဲလုံခြုံရေး ဝန်ဆောင်ခများကိုပင် မတတ်နိုင်ကြောင်း အသိပေးခဲ့သည့်နောက် စီးရီးအေမှ တန်းဆင်းရန် သေချာလာခဲ့သည်။ စည်းမျဉ်းများအရ သတ်မှတ်ထားသော စံနှုန်းများအတိုင်း မလုပ်ဆောင်နိုင်သည့် အသင်းတိုင်း စီးရီးအေမှ တန်းဆင်းရမည် ဖြစ်သည်။ အဆိုပါ အခြေအနေတွင် ပါးမား၏ လက်ကျန်ရာသီ ပွဲစဉ်အားလုံးကို ပယ်ဖျက်ပြီး ပြိုင်ဘက် အသင်းများအား (၃-၀)ဖြင့် အနိုင် သတ်မှတ်ပေးသွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment