Pages

Subscribe:

Monday, February 16, 2015

ချယ်လ်ဆီးမှ ထွက်ခွာခဲ့ရာတွင် မော်ရင်ဟိုနှင့် ပြဿနာ တစ်စုံတစ်ရာ မရှိဟု လုဇ်ဖြေရှင်း



ချယ်လ်ဆီးမှ ထွက်ခွာခဲ့ရာတွင် မော်ရင်ဟိုနှင့် ပြဿနာ တစ်စုံတစ်ရာ မရှိဟု လုဇ်ဖြေရှင်း

ချယ်လ်ဆီးမှ ထွက်ခွာလာသည့် အခြေအနေတွင် မန်နေဂျာ ဟိုဆေးမော်ရင်ဟို၏ စနက် တစ်စုံတစ်ရာ မပါဝင်ကြောင်း ဒေးဗစ်လုဇ်က ပြောကြားခဲ့သည်။


ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံလူက မိမိအနေဖြင့် ပြင်သစ်ချန်ပီယံ PSGသို့ ကူးပြောင်းခဲ့ရာတွင် မန်နေဂျာ မော်ရင်ဟိုနှင့် မပြေလည်၍ဆိုသော သတင်းများကို ငြင်းဆန်လိုကြောင်း ဆိုသည်။ လုဇ်သည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် အောင်မြင်သည့် ဘောလုံးရာသီ သုံးခု ဖြတ်သန်းခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီ မစတင်မီ PSGသို့ ပေါင်စတာလင် သန်း(၅၀)ဖြင့် ကူးပြောင်းလာခဲ့သည်။ ၎င်းသည် ချယ်လ်ဆီး ကစားသမား ဘဝတွင် ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဆုဖလားများကို ရယူနိုင်ခဲ့သည်။


အသက်(၂၇)နှစ် ရှိပြီဖြစ်သော လုဇ်က မိမိနှင့် မော်ရင်ဟိုတို့ ဆက်ဆံရေးတွင် အထစ်အငေါ့ တစ်စုံတစ်ရာ မရှိကြောင်းနှင့် ချယ်လ်ဆီးကို စွန့်ခွာခဲ့ခြင်းသည် သင့်တော်မှန်ကန်သည့် အချိန်ရောက်နေပြီဟု ခံစားမိ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “မော်ရင်ဟို ရီးယဲလ်မက်ဒရစ်ကနေ ချယ်လ်ဆီးကို ရောက်လာတော့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ကိုယ့်အနေနဲ့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဆဲလို့ ခံစားမိတဲ့ အချိန်မှာ အဲဒီနေရာကို စွန့်ခွာချင်တယ် ဆိုတာပါ။ ကျွန်တော်ကတော့ ချယ်လ်ဆီးမှာ သိပ်ပြီး မပျော်သလို ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော် အသင်းပြောင်းချင်တယ်လို့ ပြောခဲ့တယ်။ ချယ်လ်ဆီးက ကျွန်တော့်ကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အရင်နှစ်တွေကလို လန်းဆန်းတဲ့ ခံစားချက်မျိုး မရှိတော့ကြောင်း ကျွန်တော်က အသင်းကို ပြောပြခဲ့တယ်”ဟု လုဇ်က ဆိုသည်။


၎င်းက “လူတွေကတော့ ကျွန်တော်နဲ့ မော်ရင်ဟိုကြားမှာ တစ်ခုခု ဖြစ်နေသလို ဇာတ်လမ်းတွေ ဖန်တီးခဲ့ကြတယ်။ တကယ်တော့ ဘာမှကို မရှိခဲ့ပါဘူး။ သူက အသင်းရဲ့ မန်နေဂျာဖြစ်ပြီး ဘယ်သူက ကစားရမယ်၊ ဘယ်သူကတော့ မကစားရဘူး ဆိုတာကို အဓိက ဆုံးဖြတ်ရတာပါ။ ကျွန်တော့်ကို လူစာရင်းမှာ မထည့်ဘူးဆိုရင် ဘုရားတချင် တမိမယ်။ ဒါပေမဲ့ ကျွန်တော်က အသင်းက ကစားသမား တစ်ယောက်ထက် မပိုဘူးလေ။ ဒီတော့ ဘာပြဿနာမှ မရှိဘူး။ မော်ရင်ဟိုဟာ ကွဲပြားတဲ့ ပုံစံနဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူက ခင်ဗျားရဲ့ ဘဝအကြောင်း ပြောဆိုနေမှာ မဟုတ်ဘူး။ ကစားသမား တစ်ယောက်အနေနဲ့လည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝအကြောင်း များများစားစား သိနိုင်မှာ မဟုတ်ဘူး။ သူကလည်း ကစားသမားတွေ ကိစ္စကို သိပ်မသိချင်ဘူး”ဟု ပြောကြားခဲ့သည်။


၎င်းက “ကျွန်တော် ချယ်လ်ဆီးက ထွက်ချင်ကြောင်း ပြောတော့ သူက ‘ဟုတ်ပြီ။ မင်းသွားလို့ ရတယ်’ ဆိုတာလောက်ပဲ ပြောတယ်။ လန်ဒန်မှာ နေခဲ့ရတာက တကယ့်ကို ခမ်းနားတဲ့ ဘဝမျိုးပါ။ ကျွန်တော်တို့ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တယ်။ ပရိသတ်တွေ၊ အသင်းဖော်တွေ၊ အသင်းမှာ ရှိသမျှ လူအားလုံးနဲ့ ကျွန်တော့်မှာ အကောင်းဆုံး ဆက်ဆံရေးမျိုး ရှိခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးမှာ ကျွန်တော့်ဘဝ ဖြတ်သန်းမှု အပိုင်းက ကုန်ဆုံးသွားပြီလို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က အဲဒီမှာ ပွဲများများ မကစားရဘူးလေ။ ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေမှာတော့ ပါဝင်ခွင့် ရခဲ့ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment