မန်စီးတီးတွင် ဆက်နေရန် မီလ်နာကို ပယ်လီဂရီနီ တိုက်တွန်း
မန်ချက်စတာ စီးတီးတွင်သာ အနာဂတ် ဆက်လက် မြှုပ်နှံထားရန် ဂျိမ်းစ်မီလ်နာကို အသင်းမန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက တိုက်တွန်း တောင်းဆိုလိုက်သည်။
အင်္ဂလန် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ အသင်းသည် စတုတ်ခ်စီးတီးကို ဗုဒ္ဓဟူးနေ့ညက (၄-၁)ဖြင့် အနိုင်ရခဲ့ရာတွင် အင်္ဂလန် ကွင်းလယ် ကစားသမားက ပေါ်ပေါ်လွင်လွင် ခြေစွမ်းပြသွား ခဲ့သည်။ ကမ္ဘာကျော် အများအပြားဖြင့် စုစည်းထားသည့် မန်စီးတီးတွင် မီလ်နာသည် အမြဲတမ်း ပွဲထွက်ခွင့်ရ ကစားသမားမျိုး မဖြစ်ခဲ့သော်လည်း အသင်းအတွက် လိုအပ်ချိန်တိုင်းတွင် ကျားကုတ်ကျားခဲ ကစားပေးလေ့ ရှိသဖြင့် အစ်တီဟတ် ပရိသတ် အချစ်တော်တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့သည်။
စတုတ်ခ်နှင့်ပွဲတွင် မီလ်နာ အနေဖြင့် ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံးတွင် လုပ်အားနှုန်း အကောင်းဆုံး ပြသနိုင်သည့် ကစားသမားအဖြစ် ပွဲချိန်အတွင်း စုစုပေါင်း (၁၃.၅၆၀ ကီလိုမီတာထိ ပြေးလွှားရွေ့လျားကာ စံချိန်သစ် တင်နိုင်ခဲ့သည်။ မန်စီးတီးသည် မီလ်နာ၏ စာချုပ်ကို သက်တမ်းတိုးမြှင့်ရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ သဘော တူညီမှု မတည်ဆောက်နိုင်သေးချေ။ ချီလီသား မန်နေဂျာကြီး ပယ်လီဂရီနီက အသက်(၂၉)နှစ်ရှိ ကစားသမားကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ဝန်ခံခဲ့သည်။
“စာချုပ်သစ် လက်မှတ် ရေးထိုးဖို့ ဆိုတာက နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရဖို့လိုတယ်။ လောလောဆယ်မှာတော့ စာချုပ် လက်မှတ်ထိုးဖို့ သိပ်ပြီး လွယ်လွယ်ကူကူ မဟုတ်လှသေးဘူး။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောပါမယ်။ အရေးအကြီးဆုံး အချက်က အသင်းမှာ မီလ်နာကို ကျွန်တော်တို့ ဆက်နေစေချင်တယ် ဆိုတာပါ။ သူ့အနေနဲ့ အနာဂတ်မှာ ဘာဖြစ်ချင်တယ် ဆိုတာကိုတော့ ဆုံးဖြတ်ရပါလိမ့်မယ်”ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မီလ်နာ၏ စာချုပ်သည် ယခုရာသီအကုန်တွင် သက်တမ်းစေ့မည်ဖြစ်ပြီး ၎င်းကို အာဆင်နယ်၊ လီဗာပူးလ်တို့အပြင် ဥရောပ ကလပ်အချို့ကလည်း ချိတ်ဆက်လျက် ရှိသည်။
Soccer Myanmar
0 comments:
Post a Comment