Pages

Subscribe:

Tuesday, February 24, 2015

အင်တာတွင် စာချုပ်သက်တမ်းတိုးရန် မသေချာသေးဟု အိုင်ကာဒီ ဝန်ခံ



အင်တာတွင် စာချုပ်သက်တမ်းတိုးရန် မသေချာသေးဟု အိုင်ကာဒီ ဝန်ခံ

အင်တာမီလန်တွင် ကစားသမားဘဝ အနာဂတ် ရှေ့ဆက်ရန် ရှိမရှိ ကြိုတင် မစဉ်းစားထားကြောင်း လူငယ် တိုက်စစ်မှူး မော်ရို အိုင်ကာဒီက ဖွင့်ဟ ပြောကြားခဲ့သည်။

အင်တာတွင် အကောင်းဆုံး ခြေစွမ်း ရရှိနေသည့် အိုင်ကာဒီ၏ လက်ရှိစာချုပ်သည် (၃)နှစ်သက်တမ်း ကျန်ရှိနေဆဲ ဖြစ်သည်။ ၎င်းက လက်ရှိ အင်တာနည်းပြ ရောဘတ်တို မန်စီနီ လက်အောက်တွင် ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့သော်လည်း ဆန်စီရိုတွင် သေချာပေါက် စာချုပ်သက်တမ်းတိုးပြီး ဆက်ကစားဖြစ်မည်ဟု အာမခံမည် မဟုတ်ဟု ဆိုသည်။ မန်စီနီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နှောင်းပိုင်းက အင်တာကို ဒုတိယအကြိမ် ပြန်လည် ကိုင်တွယ်ခဲ့သော်လည်း အောင်မြင်မှု မရဘဲ အသင်းအနေဖြင့် ရုန်းကန်နေရသည်။

သို့သော်လည်း အင်တာသည် နောက်ဆုံးကစားသည့် သုံးပွဲဆက် အနိုင်ရခဲ့ပြီး တနင်္လာနေ့ညက ကက်ဂလီယာရီကို (၂-၁)ဖြင့် အနိုင်ရခဲ့ရာတွင် အသက်(၂၂)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးက ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ အိုင်ကာဒီကို ဥရောပ ထိပ်တန်း ကလပ်အသင်း အချို့ကလည်း စောင့်ကြည့်လျက်ရှိရာ ကစားသမားက မိမိ၏ အနာဂတ်ကို ကြိုတင် မစဉ်းစားထားသေးဟု ဆိုသည်။ “စာချုပ်သက်တမ်း တိုးဖို့လား။ ကျွန်တော် မသိသေးဘူး။ အင်တာရဲ့ အားကစား ဒါရိုက်တာ ပိုင်ရို အော်စီလီယိုနဲ့ ကျွန်တော့် အေးဂျင့်ပဲ ဒီကိစ္စကို စကားပြောဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ဖွင့်ဟခဲ့သည်။

“ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေမှာ အသင်းဟာ နည်းပြရဲ့ ဘောလုံး ဒဿနကို ပိုပြီး နားလည်လာတယ်။ ကက်ဂလီယာရီနဲ့ပွဲကို ကျွန်တော်တို့ နိုင်ခဲ့ပါပြီ။ အခုတော့ ဆဲလ်တစ်ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားသွားပါမယ်”ဟုလည်း အိုင်ကာဒီက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment