Pages

Subscribe:

Wednesday, February 25, 2015

အာဆင်နယ်ကို အံ့ဩသွားအောင် မိုနာကို စွမ်းဆောင်ပြစေလိုဟု ဘာဘာတော့ဗ်ဆို



အာဆင်နယ်ကို အံ့ဩသွားအောင် မိုနာကို စွမ်းဆောင်ပြစေလိုဟု ဘာဘာတော့ဗ်ဆို

ချန်ပီယံလိဂ်တွင် အာဆင်နယ်ကို တုန်လှုပ် အံ့ဩသွားအောင် စွမ်းဆောင်ပြလိုကြောင်း မိုနာကို တိုက်စစ်မှူး ဒီမစ်တာ ဘာဘာတော့ဗ်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဘူလ်ဂေးရီးယား ဝါရင့် ကစားသမားကြီးက ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် တွေ့ဆုံမှုတွင် မိမိတို့သည် အောက်အသင်း ဖြစ်နေသည်ကို နားလည်သော်လည်း မန်နေဂျာ အာစင်ဝင်းဂါး၏ အသင်းကို ဒုက္ခပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ဘာဘာတော့ဗ်သည် ပရီးမီးယားလိဂ်တွင် အာဆင်နယ်၏ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်၊ ခါးသီး မြို့ခံပြိုင်ဘက်များ ဖြစ်ကြသည့် တော့တင်ဟမ် ဟော့စပါး၊ ဖူလ်ဟမ်တို့အတွက် ကစားပေးခဲ့ဖူးသူလည်း ဖြစ်သည်။

ဘာဘာတော့ဗ်က “ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က အောက်အသင်းလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်မျိုးကိုတော့ ဆောင်ယူနိုင်စွမ်း ရှိပါတယ်။ မိုနာကိုဟာ ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ တကယ်ပဲ စိတ်ကူးထားတဲ့အတိုင်း လက်တွေ့ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ကျွန်တော် မိုနာကို ရောက်နေတာ တစ်နှစ်၊ နှစ်နှစ်လောက် ရှိပါပြီ။ ဒီလိုပွဲမျိုးဟာ အရမ်းကျပ်တည်းမယ် ဆိုတာကို အသင်းဖော်တွေကို ပြောပြထားပါတယ်။ မိုနာကိုမှာ ကစားရတာ ကျွန်တော့်အတွက် ကျေနပ်စရာပါ။ အမှတ်ရစရာ ကာလတချို့ ရှိခဲ့ပြီး ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်။ တစ်ခါတစ်လေ ဆိုးရွားတဲ့ အမှတ်ရစရာလေးတွေလည်း ကြုံတတ်တာပေါ့”ဟုလည်း ပြောကြားခဲ့သည်။

၎င်းက အာဆင်နယ်နှင့် ပတ်သက်ပြီး “ကျွန်တော့်အတွက်တော့ အသစ်အဆန်း မဟုတ်ပါဘူး။ သူတို့ ကစားပုံကို ကျွန်တော် သိပါတယ်။ အာဆင်နယ် ပွဲတွေကို TVကနေ စောင့်ကြည့်ဖြစ်တယ်။ သူတို့က လောလောဆယ် ကစားတာ သိပ်ကောင်းတယ်။ အာဆင်နယ်ဟာ ဘောလုံးဖြန့်ဝေမှုတွေ အများကြီးနဲ့ ဝန်းရံ ကစားတဲ့ အသင်းပါ။ စုစည်းမှုကို အခြေပြုပြီး ကစားကွက် တည်လေ့ရှိတယ်။ ဘောလုံးဆိုတာကလည်း ဒီလိုမျိုး ကစားသင့်တာလေ။ ပြီးတော့ တန်ပြန် တိုက်စစ်မှာလည်း အရမ်းမြန်တဲ့ ကစားသမားတွေကို အသုံးပြုပြီး နည်းစနစ်ပိုင်း ပိုင်ပိုင်နိုင်နိုင်နဲ့ အာဆင်နယ် ကစားတတ်တယ်။ ကျွန်တော့် အသင်းဖော်တွေ အတွက်တော့ အာဆင်နယ်ရဲ့ ကစားဟန်ဟာ အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမဲ့ ကျွန်တော်က ဘယ်နေရာတွေမှာ အခက်ကြုံနိုင်တယ် ဆိုတာကို သူတို့ကို ရှင်းပြထားပြီးပါပြီ။ ဒီတော့ သူတို့က ဒါကို အိမ်စာလို သဘောထားပြီး ပြင်ဆင်နေပါတယ်။ နည်းပြကလည်း အသင်းအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လန်ဒန်မှာ ကျွန်တော်တို့ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုလည်း ပြောဆိုသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment