Pages

Subscribe:

Wednesday, February 25, 2015

ဘာစီလိုနာ၏ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် မက်ဆီ ဆက်ရှိနေဆဲဟု အန်ရီကေး အတည်ပြု



ဘာစီလိုနာ၏ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် မက်ဆီ ဆက်ရှိနေဆဲဟု အန်ရီကေး အတည်ပြု

မန်ချက်စတာ စီးတီးနှင့်ပွဲတွင် ပင်နယ်တီ မဝင်ခဲ့သော်လည်း လီယွန်နယ် မက်ဆီသည် ဘာစီလိုနာ၏ အဓိက ပင်နယ်တီ ကန်သွင်းသူအဖြစ် ဆက်ရှိနေမည်ဟု နည်းပြ လူးဝစ် အန်ရီကေးက ပြောကြားခဲ့သည်။

အစ်တီဟတ်တွင် စပိန်ကလပ်က အိမ်ရှင် အင်္ဂလန် ချန်ပီယံ အသင်းကို (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်၌ ပွဲချိန်နှောင်းပိုင်းတွင် ရရှိသော ပင်နယ်တီကို မက်ဆီ ကန်သွင်းသော်လည်း ဂိုးသမား ဂျိုးဟတ် ကာကွယ်သွားခဲ့သည်။ အကယ်၍ အဆိုပါ ပင်နယ်တီသာ ဝင်ခဲ့ပါက ဘာစီလိုနာသည် (၃-၁)ဖြင့် အနိုင်ရနေပြီး နောက်တစ်ဆင့်တက်ရန် ရာနှုန်းပြည့်နီးပါး အာမခံချက် ရရှိသွားနိုင်မည် ဖြစ်သည်။ မက်ဆီသည် ယခုရာသီတွင် ပင်နယ်တီ (၃)ကြိမ် မဝင်ခဲ့သည့်တိုင် အန်ရီကေးကမူ ၎င်းကိုပင် အဆိုပါတာဝန် ဆက်ပေးသွားမည်ဟု ဆိုသည်။

စပိန်သား နည်းပြက “ပင်နယ်တီ မဝင်တဲ့သူတွေ ဆိုတာကိုက ဒီပင်နယ်တီကို တာဝန်ယူပြီး ကန်ရဲတဲ့ သတ္တိကို ပြနေတာပဲလေ။ ကျွန်တော်တို့ အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူဟာ အငြင်းပွားဖွယ်မရှိ မက်ဆီပါပဲ။ ပင်နယ်တီ ကန်သွင်းမှု အပိုင်းနဲ့ ပတ်သက်ရင် သူ့ရဲ့ စွမ်းရည်ကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်မှု ရှိနေဆဲပါ”ဟု ပြောကြားခဲ့သည်။ အန်ရီကေးက မန်စီးတီးကို အနိုင်ကစားခဲ့သည့် ဘာစီလိုနာ၏ စွမ်းဆောင်ရည် အပိုင်းနှင့် ပတ်သက်ပြီးလည်း ချီးကျူးခဲ့သည်။

“ရလဒ်က တကယ်ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဂုဏ်ယူသင့်တယ်။ ဂိုးမပြတ်ပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ပထမပိုင်းမှာဆို ကစားပုံ သိပ်ကောင်းပြီး ကွင်းလယ်ကနေ ပံ့ပိုးမှုတွေ အများကြီး ပြုလုပ်နိုင်ခဲ့တယ်။ ခံစစ်ကလည်း ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်က သူတို့ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြလာတယ်။ အဲဒီကနေ ကျွန်တော်တို့ တစ်ချက်တော့ ထိုးနှက် ခံလိုက်ရတယ်။ ဒါပေမဲ့ ရလဒ်က ထိုက်တန်ပါတယ်။ ဒီအတွက် ပျော်ပါတယ်”ဟု အန်ရီကေးက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment