Pages

Subscribe:

Friday, February 27, 2015

ဘလက်ကက်ကို ယူနိုက်တက် စာချုပ်သက်တမ်းတိုး ချုပ်ဆို



ဘလက်ကက်ကို ယူနိုက်တက် စာချုပ်သက်တမ်းတိုး ချုပ်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်းသည် လူငယ်ခံစစ်မှူး တိုင်လာဘလက်ကက်ကို (၂၀၁၇)ထိ သက်တမ်းတိုး စာချုပ်လိုက်ကြောင်း သိရှိရသည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ဘယ်ခြမ်းနှင့် ဗဟိုခံစစ်တို့တွင် ကစားနိုင်သည့် အသက်(၂၀)အရွယ် ကစားသမားလေးကို ဆက်လက် ထိန်းသိမ်းထားရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ဖူးပြီး ယခုအခါ အသင်းနှင့် ဘလက်ကက်တို့ကြား အပြီးသတ် စာချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေးသည် ယခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဆွမ်ဆီးစီးတီးနှင့် ကစားရာတွင် အသင်းအတွက် ပြိုင်ပွဲအဆင့် ပထမဆုံးအကြိမ် ပါဝင်ခွင့် ရခဲ့သည်။

ဘလက်ကက်၏ စာချုပ်သည် ယခုရာသီ အကုန်တွင် ပြီးဆုံးမည် ဖြစ်သော်လည်း နောက်ထပ် (၂)နှစ် သက်တမ်းတိုးမြှင့်ခဲ့သလို အသင်းဘက်က တောင်းဆိုလျှင် (၂၀၁၈)ထိ အလိုအလျောက် သက်တမ်းတိုးမည့် အချက်ကိုပါ ထည့်သွင်းထားကြောင်း သိရသည်။ “ဘလက်ကက်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်။ သူ့မှာ အလားအလာကောင်းတွေ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်တယ်။ အခုဆို သူဟာ မှန်ကန်သင့်တော်တဲ့ အသင်းတစ်သင်းမှာ ရှိနေပြီး ခံစစ်မှူးကောင်း တစ်ယောက်ဖြစ်လာဖို့ တဖြည်းဖြည်း တိုးတက်လာနေဆဲလို့ ထင်ပါတယ်”ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

ယူနိုက်တက်သည် ယခုလ အစောပိုင်းက ဘလက်ကက်ကဲ့သို့ အခြားလူငယ်ခြေတက် ခံစစ်မှူး တစ်ဦးဖြစ်သည့် ပက်ဒီ မက္ကနေးကိုလည်း စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment