Pages

Subscribe:

Monday, February 23, 2015

မာတစ် ဖျက်ထုတ်ခံရမှုသည် ရာဇဝတ်မှု တစ်ခုဟု မော်ရင်ဟို ဝေဖန်



မာတစ် ဖျက်ထုတ်ခံရမှုသည် ရာဇဝတ်မှု တစ်ခုဟု မော်ရင်ဟို ဝေဖန်

နီမန်ယာ မာတစ်အပေါ် ဘန်လေ ကစားသမား အက်ရှ်လေဘန်းစ်၏ ဖျက်ထုတ်မှုသည် ရာဇဝတ်မှု တစ်ခုသဖွယ် ဖြစ်နေကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝေဖန် ပြောကြားသွားခဲ့သည်။

တစ်ဂိုးစီ သရေဖြင့် ပွဲပြီးခဲ့သည့် အဆိုပါ ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဘန်းစ်၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကို ဆာဘီးယား လက်ရွေးစင် မာတစ်က ဒေါသတကြီး တွန်းထိုး တုံ့ပြန်ခဲ့သည့်နောက် ဒိုင်လူကြီး မာတင် အက်ကင်ဆန်က မာတစ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ မော်ရင်ဟိုကမူ မိမိ၏ ကစားသမားကို ဘန်းစ်၏ ဖျက်ထုတ်ပုံသည် ဆိုးရွားလွန်းပြီး မာတစ်၏ ကစားသမား ဘဝပင် ဆုံးခန်းတိုင်သွားနိုင်ကြောင်း ဝေဖန်ခဲ့သည်။ ထို့အပြင် ဘန်းစ်သည် အဆိုပါ လုပ်ရပ်အတွက် ကွင်းထဲမှ ထုတ်ပယ်ခံရသင့်သလို ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထိုက်ကြောင်းလည်း ပေါ်တူဂီသား မန်နေဂျာက မှတ်ချက်ပြုခဲ့သည်။

ဘန်းစ်သည် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကိုလည်း ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့သေးရာ ၎င်းကို (၆)ပတ်မျှ ပွဲပယ်သင့်ကြောင်း မော်ရင်ဟိုက ဆိုသည်။ “ဖြစ်သွားပုံက အီဒင်ဟာဇက်ကို စတုတ်ခ်စီးတီးက ဝိုင်းဖျက်ကြပုံနဲ့ ဆင်တူတယ်။ ဘန်လေနဲ့ပွဲက ကိစ္စက ပိုဆိုးတယ်။ ဒီဖျက်ထုတ်မှုမျိုးက ကစားသမား ဘဝကိုတောင် အဆုံးသတ် သွားစေနိုင်ပါတယ်။ ထပ်ပြောမယ်။ ကစားသမား ဘဝကိုတောင် အဆုံးသတ်သွားစေနိုင်တယ်။ မာတစ် ကံကောင်းလွန်းလို့သာပေါ့။ တကယ်ဆို ကစားသမား ဘဝတောင် အဆုံးသတ်သွားနိုင်လောက်တယ်”ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက မာတစ် တုံ့ပြန်ပုံနှင့် ပတ်သက်ပြီး “တစ်ဖက် ကစားသမား လုပ်လိုက်ပုံကို ပြောစရာ စကားလုံးတောင် ရှာမရဘူး။ ဘောလုံးဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အားကစားပါ။ တစ်ခါတစ်လေ စိတ်လွတ်သွားတာတွေ ရှိမယ်။ မာတစ် အနေနဲ့ သူ့စိတ်ကို မထိန်းနိုင်ခြင်းအတွက် လုံလောက်တဲ့ အကြောင်းပြချက် ရှိနေတယ်။ အချိန်ပိုင်းလေးတစ်ခုမှာတင် မာတစ်ရဲ့ ကစားသမားဘဝ အဆုံးသတ်သွားလောက်အောင် ဆိုးရွားတာ တစ်ခုနဲ့ ကြုံခဲ့တာပါ”ဟုလည်း ဆိုသည်။ ၎င်းက “ဒီယေဂို ကော်စတာက တစ်ဖက် ကစားသမားလက်ကို တက်နင်းမိတဲ့အတွက် ရာဇဝတ်မှုဆန်ဆန် ပြောနေကြတယ်။ တကယ်တမ်းဆို မာတစ် ကြုံခဲ့တဲ့ ဆိုးဆိုးရွားရွား ဖျက်ထုတ်မှုကို ဘာကြောင့် ရာဇဝတ်မှုအဖြစ် မသုံးနှုန်းကြသလဲ။ အနည်းဆုံးတော့ ဘန်းစ်ရဲ့ ဖျက်ထုတ်မှုဟာ ရာဇဝတ်မှုဆန်ဆန် ဖြစ်နေတယ်လို့ ခင်ဗျားတို့ ပြောသင့်တယ်လေ”ဟုလည်း ဝေဖန်ခဲ့သေးသည်။

မော်ရင်ဟိုက ဘန်းစ်ကို ထိထိရောက်ရောက် အရေးယူမှု ပြုလုပ်သင့်ကြောင်း ဆိုသည်။ “ကော်စတာတုန်းက သုံးပွဲ အပယ်ခံလိုက်ရတယ်။ ပြောစမ်းပါဦး။ ဘန်းစ်က ဘယ်လောက် ပြစ်ဒဏ်နဲ့ ထိုက်တန်သလဲ ဆိုတာကို။ မာတစ်ကို လုပ်ခဲ့တဲ့ အခြေအနေအတွက် သုံးပွဲ အနည်းဆုံးပေါ့။ သူက အိုင်ဗန်နိုဗစ်ကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ အတွက်လည်း နောက်သုံးပွဲလောက် အပယ်ခံထိုက်သေးတယ်။ ဒါပေမဲ့ ဒိုင်လူကြီး အက်ကင်ဆန်ကတော့ ပွဲချိန်အတွင်းမှာ မြင်လိုက်ပုံ မရဘူး။ ဒီအတွက် ဗီဒီယို မှတ်တမ်းတွေကို ပြန်ကြည့်သင့်တယ်။ မာတစ်က သုံးပွဲ ပယ်ခံရမယ်ဆိုရင် ကျွန်တော်ကတော့ ဒါကို တောင်းဆိုသွားမှာပဲ”ဟုလည်း မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment