ချယ်ဆီးနှင့် ဟာဇက် ငါးနှစ်ခွဲ စာချုပ်သစ် ချုပ်ဆို
ချယ်ဆီး အသင်းသည် အီဒင်ဟာဇက်နှင့် ငါးနှစ်ခွဲ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားသည် ချယ်ဆီးအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန်အတွက် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စာချုပ်သစ်ကြောင့် လိုင်လီ ကစားသမားဟောင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၂၀၂၀ ခုနှစ် နွေရာသီ မတိုင်မီအထိ ဆက်ရှိနေမည် ဖြစ်ပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့မည့် ထင်မြင်ချက်များအား အဆုံးသတ်နိုင်ခဲ့သည်။
“ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ၂၀၁၂ ခုနှစ်က ကျွန်တော် ဒီကိုရောက်လာကတည်းက နွေးထွေးတဲ့ ဆက်ဆံမှုကို ရရှိခဲ့သလို အသင်းကလည်း ကျွန်တော့်အတွက် အကောင်းဆုံး ထောက်ခံအားပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မန်နေဂျာကလည်း ကျွန်တော့်ရဲ့ ခြေစွမ်း အများကြီး တိုးတက်လာအောင် ကူညီပေးခဲ့ပါတယ်။ အသင်းပရိသတ်တွေနဲ့ အသင်းဖော်တွေရဲ့ ကျွန်တော့်အပေါ် နားလည်ပေးမှုကလည်း အံ့အားသင့်စရာပါပဲ။ ကျွန်တော်က ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုတွေကို ပေးနိုင်ဖို့ အမြဲကြိုးစားပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့ကို အားပေးထောက်ခံမှုတွေအတွက် ဝင်ဘလေမှာ ကစားရမယ့် လိဂ်ဖလားက စပြီး ဆုဖလားတွေနဲ့ ပြန်ပေးဆပ်ဖို့ မျှော်လင့်ထားပါတယ်” ဟု ဟာဇက်က ပြောကြားခဲ့သည်။
ထို့အပြင် မော်ရင်ဟိုက “အီဒင်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါဟာ သူ့အနေနဲ့ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေအပေါ် ယုံကြည်မှုရှိတယ်ဆိုတာကို ပြသတာပါပဲ။ သူက ထိပ်တန်း ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ ခြေစွမ်းတိုးတက်လာမှုကလည်း အံ့မခန်းပါပဲ။ သူ့အသက်က ငယ်ပါသေးတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဟာဇက်သည် ယခုနှစ် ဘောလုံးရာသီတွင် ချယ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းယူထားသည်။
Soccer Myanmar
0 comments:
Post a Comment