Pages

Subscribe:

Thursday, February 19, 2015

စပါးညာနောက်ခံလူ ဝေါ့ကားကို ယူနိုက်တက် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်



စပါးညာနောက်ခံလူ ဝေါ့ကားကို ယူနိုက်တက် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် တော့တင်ဟမ် ဟော့စပါး ညာနောက်ခံလူ ကိုင်လီဝေါ့ကားကို အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အင်္ဂလန် တောင်ပံခံစစ်သမားသည် ဗန်ဂါးလ်၏ နွေရာသီ အဝယ်စာရင်းတွင် ပါဝင်လာနိုင်ခြေ ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဆိုသည်။ ဗန်ဂါးလ်သည် ညာခြမ်းခံစစ်သမား စစ်စစ်ဟူ၍ ရာဖေးလ် ဒါဆေးလ်ဗား တစ်ဦးတည်း ရှိနေသည့် အခြေအနေကို ပြောင်းလဲရန် လိုလားနေဟန်ရှိပြီး အဲဗာတန်၏ ဆီမက်စ်ကိုးလ်မန်းနှင့် ဆောက်သမ်တန်၏ နသန်နီရယ်လ် ကလင်းတို့နှင့်လည်း သတင်းထွက်ခဲ့ဖူးသည်။ အသက်(၂၄)နှစ်ရှိ ဝေါ့ကားသည် ဝှိုက်ဟတ်လိန်းတွင် စာချုပ်သက်တမ်း (၄)နှစ်ထိ ကျန်ရှိနေသေးသူ ဖြစ်သည်။

၎င်းသည် တင်ပါးဆုံရိုး ဒဏ်ရာကြောင့် (၉)လကြာ အနားယူခဲ့ရပြီးနောက် ယခုအခါ အသင်းတွင် ပြန်လည် ပါဝင် ကစားနေပြီ ဖြစ်သည်။ ယူနိုက်တက် ကင်းထောက်များသည် ဝေါ့ကား၏ အခြေအနေကို အလေးအနက် စောင့်ကြည့်နေပြီး နွေရာသီတွင် အမှန်တကယ် ချဉ်းကပ် ကမ်းလှမ်းမှု ပြုမပြု ဆိုသည်ကို ဗန်ဂါးလ်က ဆုံးဖြတ်သွားဖွယ် ရှိနေသည်။ စပါးအနေဖြင့် ဝေါ့ကားကို ရောင်းထုတ်ရန် ဆန္ဒမရှိနိုင်သော်လည်း ပေါင်စတာလင် သန်း(၂၀)ဝန်းကျင်မျှ ကမ်းလှမ်းမှုမျိုး ရှိလာလျှင်မူ လက်ခံစဉ်းစားသွားဖွယ် ရှိနေကြောင်း သိရသည်။

ဗန်ဂါးလ်သည် တိုက်စစ်အားသန်သည့် ညာနောက်ခံလူ တစ်ဦးကို ခေါ်ယူဖွယ်ရှိနေပြီး ဗြိတိန် အခြေစိုက် ကစားသမားများ ဖြစ်ကြသည့် ကလင်း၊ ကိုးလ်မန်း၊ ဝေါ့ကားတို့အပြင် ဘာစီလိုနာမှ ဘရာဇီးလ် ဝါရင့်ခံစစ်မှူးကြီး ဒန်နီအဲလ်ဗက်စ်ကိုလည်း စောင့်ကြည့်လျက်ရှိသည်။ ဗန်ဂါးလ်သည် ဆောင်းရာသီ ဈေးကွက်တွင် အသင်းမှ ပိုလျှံ ကစားသမား အချို့ကို ရှင်းထုတ်ခဲ့ပြီးနောက် နွေရာသီတွင် ညာနောက်ခံလူတစ်ဦး၊ ဗဟိုခံစစ်သမားတစ်ဦး၊ ဗဟိုကွင်းလယ်လူတစ်ဦး၊ တောင်ပံတိုက်စစ်သမားတစ်ဦးနှင့် တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူအားဖြည့်သွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment