Pages

Subscribe:

Monday, February 23, 2015

ဒေါ့တ်မန်နှင့်အတူ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် မျှော်လင့်ထားကြောင်း ရူးစ်ဖွင့်ဟ



ဒေါ့တ်မန်နှင့်အတူ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် မျှော်လင့်ထားကြောင်း ရူးစ်ဖွင့်ဟ

ဘိုရပ်ရှား ဒေါ့တ်မန် အနေဖြင့် ဂျာမန် ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူး သိမ်းပိုက်နိုင်သည့် အခြေအနေထိ ခိုင်မာတောင့်တင်းနေဆဲဟု ယုံကြည်ကြောင်း မာကိုရူးစ်က ဖွင့်ဟ ပြောကြားခဲ့သည်။

နည်းပြ ယာဂင်ကလော့ပ် ဦးဆောင်နေသည့် ဒေါ့တ်မန်သည် လက်ရှိရာသီတွင် အမှတ်ပေးဇယား အောက်ခြေထိ စိုက်ဆင်းသွားပြီးမှ ပြန်လည် ရုန်းကန် လွတ်မြောက်လာခဲ့သည်။ ဒေါ့တ်မန်သည် (၂၀၁၁)နှင့် (၂၀၁၂)ခုနှစ်များက ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ဆက်တိုက် ရရှိခဲ့ဖူးသော်လည်း ယခုရာသီတွင်မူ အခြေအနေဆိုးများကို ဖြတ်သန်းခဲ့ရသည်။ ရူးစ်၏ ယခင်စာချုပ်သည် ယခုနွေရာသီတွင် တန်ကြေး ယူရို(၂၅)သန်းထိ လျော့ကျသွားမည်ဖြစ်ရာ ၎င်းကို ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ PSG အစရှိသည့် ဥရောပ ထိပ်သီးများက အပြိုင် မျက်စိကျခဲ့ကြသည်။

သို့သော်လည်း ဂျာမန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူးက ဖေဖော်ဝါရီ (၁၀)ရက်တွင် (၂၀၁၉)ထိ သက်တမ်းရှိမည့် စာချုပ်သစ်ကို ဒေါ့တ်မန်နှင့် သဘောတူ လက်မှတ် ရေးထိုးပြီး ဆီလာ့စ်ပါ့ခ်တွင် ၎င်း၏ အနာဂတ်ကို ဆက်လက် မြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကစားသမားက “ဒေါ့တ်မန်မှာ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက ကျွန်တော့်အတွက် အကောင်းဆုံးပဲလို့ ခံစားမိတာကြောင့်ပါ”ဟု Kickerသို့ ပြောကြားခဲ့သည်။

ရူးစ်က “ဒေါ့တ်မန်ဟာ ကျွန်တော့် ဇာတိမြို့ပါ။ ကျွန်တော့် မိသားစုက ဒီမှာနေတယ်။ သူငယ်ချင်းတွေလည်း အများကြီး ရှိနေတယ်။ ဘောလုံးအပြင် ဘဝဆိုတာ ရှိသေးတယ်လေ။ ဒါပေမဲ့ ဘွန်းဒစ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရေး ဆိုတာက ကျွန်တော့်အတွက် အကြီးမားဆုံး ရည်မှန်းချက်တစ်ခုအဖြစ် ရှိနေတုန်းပဲ။ ဒီအောင်မြင်မှုကို ကျွန်တော် တစ်ကြိမ် ကြုံဖူးတယ်။ ကျွန်တော့် အနေနဲ့ ဒေါ့တ်မန်နဲ့အတူ နောက်ထပ် ချန်ပီယံဆု ရလိမ့်ဦးမယ်လို့ ခိုင်ခိုင်မာမာ ခံစားမိနေပြီး ဒီအတွက်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment