Pages

Subscribe:

Wednesday, February 18, 2015

လီဝင်ဒေါစကီးကို ပရီးမီးယားလိဂ် ထိပ်သီးများ ခေါ်ယူရန် အားထုတ်သင့်ဟု ဟာမန်းတိုက်တွန်း



လီဝင်ဒေါစကီးကို ပရီးမီးယားလိဂ် ထိပ်သီးများ ခေါ်ယူရန် အားထုတ်သင့်ဟု ဟာမန်းတိုက်တွန်း

ဘိုင်ယန်မြူးနစ်တွင် မတည်မငြိမ် ဖြစ်နေသည့် ရောဘတ် လီဝင်ဒေါစကီး၏ အခြေအနေကို အခွင့်ကောင်းယူ ချဉ်းကပ်သင့်ကြောင်း အင်္ဂလန် ထိပ်တန်းကလပ်များကို ဒီယက်မာ ဟာမန်းက အကြံပြု တိုက်တွန်းလိုက်သည်။

ဘိုင်ယန်၊ လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့တွင် ကစားဖူးသည့် ဂျာမန်ခံစစ်မှူးဟောင်းက လက်ရှိ အခြေအနေတွင် လီဝင်ဒေါစကီးအတွက် မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့ အနေဖြင့် ငွေကုန်ကြေးကျခံ ချဉ်းကပ်မှုမျိုး ပြုလုပ်ရန် အသင့်တော်ဆုံးဟု ယူဆနေသည်။ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ပိုလန်လက်ရွေးစင်သည် ဘိုင်ယန်နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာနှင့် ဆက်ဆံရေး တင်းမာမှုအချို့ ရှိနေသည်ဟု ယူဆရသည်။

လီဝင်ဒေါစကီးသည် ဘိုင်ယန်က ရှက်တာဒိုးနက်စ်ခ်နှင့် ဂိုးမရှိ သရေကျသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် (၇၅)မိနစ်ထိ အရန်ခုံတွင် ထိုင်နေခဲ့ရသည်။ ၎င်းသည် ဟမ်းဘာ့ဂ်ကို (၈-၀)ဖြင့် အနိုင်ရသည့် ဘွန်းဒစ်လီဂါ ပွဲစဉ်တွင်လည်း ပုံမှန်နေရာဖြစ်သည့် ဗဟိုတိုက်စစ်မှ မကစားရဘဲ ညာတောင်ပံမှ ကစားခဲ့ရသည်။ ဟာမန်းက တိုက်စစ်မှူးကောင်း လိုအပ်သည့် ပရီးမီးယားလိဂ် သုံးသင်းအနေဖြင့် ယခုအခြေအနေမျိုးတွင် ငွေကြေး အလုံးအရင်း အသုံးပြုပြီး ဘိုရပ်ရှားဒေါ့တ်မန် တိုက်စစ်မှူးဟောင်းကို ချဉ်းကပ်သင့်ကြောင်း ဆိုသည်။

“ယူနိုက်တက်ကိုပဲ ကြည့်ဗျာ။ သူတို့တိုက်စစ်ဟာ လီဝင်ဒေါစကီးနဲ့ဆို ပိုမြိုင်သွားလိမ့်မယ်။ ယူနိုက်တက်၊ လီဗာပူး၊ ပြီးတော့ အာဆင်နယ်ပေါ့လေ။ ဒီအသင်းတွေအတွက် လီဝင်ဒေါစကီးဟာ အံဝင်ခွင်ကျ အဆင်သင့် ဖြစ်မယ့် ကစားသမားမျိုးပါ။ သူ့ကို ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်က အလွတ်ဈေးနဲ့ ရလိုက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ပရီးမီးယားလိဂ် ကလပ်တွေက သူ့အတွက် ငွေအများကြီး ပေးရမယ် ဆိုရင်လည်း ပုံပေးလိုက်သင့်တယ်။ လီဝင်ဒေါစကီးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မြားဦး ကစားသမား တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဟာမန်းက ပြောဆိုသွားသည်။

၎င်းက အသက်(၂၆)နှစ်ရှိ လီဝင်ဒေါစကီး၏ ဘိုင်ယန်နှင့် အနာဂတ်သည် မရေမရာ ရှိနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဟာမန်းက ဂွာဒီယိုလာ၏ ကစားဟန်သည် လီဝင်ဒေါစကီးနှင့် ကိုက်ညီမှု မရှိဟုလည်း ယူဆနေသည်။ “တကယ့် မေးခွန်းကောင်းပဲ။ မန်နေဂျာနဲ့ ပတ်သက်ပြီး ထုတ်ရမယ့် မေးခွန်းပါ။ ဂွာဒီယိုလာ လက်အောက်မှာ ဘိုင်ယန် ကစားနေတဲ့ ပုံစံက လီဝင်ဒေါစကီးနဲ့ အဆင်မပြေလှဘူးလို့ ထင်ပါတယ်။ သူက ဒေါ့တ်မန်မှာတုန်းက လုံးဝ အဆင်ပြေ အံဝင်တဲ့ အခြေအနေ ရှိခဲ့တယ်။ အင်္ဂလန်ကလပ် တချို့မှာလည်း အလိုက်သင့် ဝင်ကစားနိုင်လိမ့်မယ်။ လီဝင်ဒေါစကီးဟာ ကွင်းကျယ်ကျယ်မှာ တန်ပြန်တိုက်စစ် ကစားရင် အမြန်ဆုံး ထိုးဖောက်လာနိုင်တယ်။ ဘိုင်ယန်ရဲ့ ကစားပုံမှာတော့ သူဟာ လိုအပ်သလောက် ဘောလုံး များများမရခဲ့ဘူး။ ဘိုင်ယန်မှာကျတော့ Poacherပုံစံ ကစားသမားမျိုး လိုတယ်။ ဧရိယာထဲမှာ ချောင်းနေပြီး ဂိုးသွင်းတဲ့ ပုံစံမျိုးပေါ့။ လီဝင်ဒေါစကီးကတော့ အရာရာ လိုက်လုပ်နေရတယ်။ သူကလည်း အခုအချိန်မှာ သူရောက်နေတာ နေရာမှားနေပြီလို့ ယူဆနေနိုင်ပါတယ်။ စဉ်းစားကြည့်လေ။ ရှက်တာနဲ့ပွဲမှာ ဘိုင်ယန်တစ်သင်းလုံး တိုက်စစ်မှူးစစ်စစ် သူတစ်ယောက်ပဲပါတယ်။ ဒါပေမဲ့ အရန်ခုံမှာ ထိုင်နေရတယ်”ဟု ဟာမန်းက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment