Pages

Subscribe:

Friday, February 27, 2015

ပရီးမီးယားလိဂ်ကိုသာ လီဗာပူးလ် အပြည့်အဝ အာရုံစိုက်တော့မည်ဟု ရော့ဂျာပြောကြား



ပရီးမီးယားလိဂ်ကိုသာ လီဗာပူးလ် အပြည့်အဝ အာရုံစိုက်တော့မည်ဟု ရော့ဂျာပြောကြား

ယူရိုပါလိဂ်မှ ထွက်ခွာလိုက်ရသည့်နောက် ပရီးမီးယားလိဂ်ကိုသာ အပြည့်အဝ အာရုံစိုက်တော့မည်ဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။

လီဗာပူးလ်သည် တူရကီမြေတွင် ဘီဆစ်ခ်တက်စ်ကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုးစီ သရေဖြစ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် (၅-၄)ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ခရိုအေးရှား ခံစစ်မှူး ဒီယန်လော့ဗ်ရန်း၏ ပင်နယ်တီ မဝင်မှုက လီဗာပူးလ်ကို ယူရိုပါလိဂ်နှင့် ဝေးကွာစေခဲ့ခြင်း ဖြစ်သည်။ ရော့ဂျာက “ကျွန်တော်တို့ အားထုတ် ကစားခဲ့တဲ့ စိတ်ဓာတ်ပိုင်းအရ ဒီလိုရလဒ်နဲ့ ကြုံခဲ့ရတာကို စိတ်ပျက်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဘက်ကို အခက်ကြုံအောင် ကစားနိုင်ခဲ့တယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော့် အသင်းအတွက် ဂုဏ်ယူပါတယ်။ ဒီပွဲမှာ အကောင်းဆုံး အားထုတ် ကစားပြခဲ့ကြတယ်။ ဒါပေမဲ့ အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ဖြစ်မလာတဲ့ အတွက်တော့ စိတ်ပျက်မိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ဖြတ်သန်းမှုကိုပဲ ဆက်ပြီး အာရုံစိုက်ရပါတော့မယ်။ ဒါဟာ အသင်းအတွက် ပိုကောင်းတဲ့ အခြေအနေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး အားထုတ် ကစားခဲ့တဲ့ ကျွန်တော့် အသင်းသားတွေကို အသိအမှတ် ပြုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ရော့ဂျာက လီဗာပူးလ်၏ ပဉ္စမမြောက် ပင်နယ်တီကို လွဲချော်အောင် ကန်သွင်းမိသည့် လော့ဗ်ရန်းကိုလည်း နှစ်သိမ့်စကား ဆိုခဲ့သည်။ “သူအကောင်းဆုံး ကစားနိုင်ခဲ့လျက်နဲ့ ဒါမျိုးဖြစ်ခဲ့တော့ ကျွန်တော်တို့လည်း စိတ်ပျက်ပါတယ်။ ဒါပေမဲ့ ပင်နယ်တီဆိုတာ ကန်တဲ့သူတိုင်း လွဲချော်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒီပွဲအတွက် သူက ပင်နယ်တီ လွဲသွားတယ်။ ဒါပါပဲ”ဟု မြောက်အိုင်ယာလန်သား မန်နေဂျာက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment