Pages

Subscribe:

Thursday, February 26, 2015

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ အက်သလက်တီကို တက်ရောက်နိုင်ခြေ ရှိနေဆဲဟု ဆီမြွန်းယုံကြည်



ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ အက်သလက်တီကို တက်ရောက်နိုင်ခြေ ရှိနေဆဲဟု ဆီမြွန်းယုံကြည်

ဘေယာလေဗာကူဆင်ကို အရေးနိမ်ခဲ့သည့်တိုင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်မည်ဟု ယုံကြည်မှု ရှိနေဆဲဖြစ်ကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်းက ပြောကြားလိုက်သည်။

စပိန်လာလီဂါ ချန်ပီယံ အသင်းသည် ဂျာမန်ကလပ်ကို အဝေးကွင်းတွင် (၁-၀)ဖြင့် အရေးနိမ့်ခဲ့ရာ ယင်းသည် (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ချန်ပီယံလိဂ်တွင် ဒုတိယမြောက် အဝေးကွင်းပွဲစဉ် အရေးနိမ့်မှု ဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဘေးအေရီနာ ကွင်းကြီးတွင် အိမ်ရှင်ကို ရှုံးခဲ့သည့်တိုင် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည်ဟု အာဂျင်တီးနားနည်းပြ ဆီမြွန်းက ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အက်သလက်တီကို ကွင်းလယ်လူ တီယာဂိုမန်းဒက်စ် အထုတ်ခံရပြီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၏ ဒုတိယပိုင်း ချေပဂိုးမှာလည်း အငြင်းပွားဖွယ် အခြေအနေဖြင့် ငြင်းပယ်ခံခဲ့ရသည်။

ဆီမြွန်းက “လေဗာကူဆင်ဟာ သူတို့ ကစားနေကျ ပုံစံအတိုင်း အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီပွဲမှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ရခဲ့ကြတယ်။ သူတို့ဘက်က ဒီအခွင့်အရေးကို ရအောင်ယူပြီး ကျွန်တော်တို့က မယူနိုင်ခဲ့ဘူး။ ပြောရရင် ဒီထက်ဆိုးတဲ့ ရလဒ်မျိုးတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယ အကျော့မှာတော့ ကျွန်တော်တို့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်မယ်လို့ ယုံကြည်မှု ရှိပါတယ်”ဟု ပြောကြားသွားသည်။ ယခုပွဲတွင် လေဗာကူဆင်အတွက် လက်စွမ်းပြခဲ့သည့် ဂိုးသမား ဘန်းလီနိုက အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

၎င်းက “ကျွန်တော်တို့အတွက် သိပ်ကို ကောင်းမွန်ထူးကဲတဲ့ ပွဲတစ်ပွဲပါပဲ။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ စွမ်းဆောင်ရည် အားနည်းမှုတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်ပြခဲ့တယ်။ ကျွန်တော်တို့ ခြေစွမ်းညံ့တဲ့ ပွဲတချို့တော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်ရုန်းထနိုင်တယ်ဆိုတာ သက်သေပါပဲ”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment