Pages

Subscribe:

Tuesday, February 17, 2015

ဂါဘရီရယ်လ်ကို အင်္ဂလိပ်စကား ပေါက်ရောက်အောင် အာဆင်နယ် လက်ထောက်မန်နေဂျာဘိုးလ် အားထုတ်နေ



ဂါဘရီရယ်လ်ကို အင်္ဂလိပ်စကား ပေါက်ရောက်အောင် အာဆင်နယ် လက်ထောက်မန်နေဂျာဘိုးလ် အားထုတ်နေ

ဂါဘရီရယ်လ် ပေါ်လစ္စတာ၏ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်လာအောင် အာဆင်နယ် လက်ထောက်မန်နေဂျာ စတိဗ်ဘိုးလ်က အဓိက တာဝန်ယူ သင်ကြားပေးနေကြောင်း သိရသည်။

အာဆင်နယ်၏ ဇန်နဝါရီ ဈေးကွက်ကာလအတွင်း အသစ်ခေါ်ယူထားသည့် ဘရာဇီးလ် ဗဟိုနောက်ခံလူသည် လတ်တလောတွင် ဘာသာစကား အခက်အခဲအချို့ ကြုံနေရဆဲဟု အတည်ပြုခဲ့သည်။ ဂါဘရီရယ်လ်သည် ဗီလာရီးယဲလ်မှ အမ်းမရိတ်စ်မြေသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မစ်ဒယ်ဘရော့ကို (၂-၀)ဖြင့် အနိုင်ရသည့် FAဖလား ပွဲစဉ်တွင် အသင်းသစ်အတွက် ပွဲထွက်ခဲ့သည်။ ဂါဘရီရယ်လ် အနေဖြင့် အင်္ဂလိပ်စကား မတတ်သေးသော်လည်း ကွင်းတွင်း နည်းစနစ်ပိုင်း လမ်းညွှန်မှုများနှင့် ပတ်သက်၍ အသင်းဖော်များနှင့် ဆက်သွယ်နိုင်ရန် ဘိုးလ်က အဓိက တာဝန်ယူ သင်ကြားပေးနေကြောင်း ဆိုသည်။

ဂစ်ဘ်စ်က “ဂါဘရီရယ်လ်ရဲ့ ပွဲဦးထွက် ကစားပုံကတော့ သိပ်ကို ကောင်းမွန်ပါတယ်။ သူ့ကို ကြည့်ရတာ ဒီအဆင့်မျိုးမှာ အကြာကြီး ကစားခဲ့ဖူးပြီးသား ဖြစ်နေသလိုပဲ။ သူက မြန်မြန်ဆန်ဆန် အထိုင်ကျလာပြီး ဒီအချက်က ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဂါဘရီရယ်လ်က အင်္ဂလိပ် စကားတော့ မပြောတတ်သေးဘူး။ အလက်ဆစ်ဆန်းချက်ဇ် ရောက်စတုန်းကလည်း ဒီလိုပဲ။ ဒါပေမဲ့ အချိန်ကြာကြာတော့ ပြဿနာ မဖြစ်လောက်ပါဘူး။ ရက်နည်းနည်း ကြာလာရင် သူက ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့ အသားတကျ ရှိလာပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက မန်နေဂျာ အာစင်ဝင်းဂါး၏ ညာလက်ရုံးဖြစ်သူ ဘိုးလ်သည် အသင်းမှ စပိန်စကားပြောတတ်သည့် ကစားသမားများ၏ အကူအညီဖြင့် ဂါဘရီရယ်လ်ကို အင်္ဂလိပ်စကား အတန်ငယ် နားလည်အောင် သင်ပေးနေကြောင်းလည်း ပြောကြားခဲ့သည်။ “လေ့ကျင့်ရေး အစီအစဉ်တွေမှာဆိုရင် ဘိုးလ်က စပိန်စကား ပြောတတ်တဲ့ တစ်ယောက်ယောက်ကို ခေါ်သွားတယ်။ စကားပြန် လုပ်ခိုင်းဖို့ပါ။ ပြီးတော့ သူက ကွင်းထဲမှာ ဘာတွေ လုပ်ရမယ် ဆိုတာကို ဂါဘရီရယ်လ် နားလည်အောင် အင်္ဂလိပ်လို ပြောပြတယ်။ အစပိုင်းမှာတော့ အခက်အခဲလေးတွေ ရှိနေဆဲပါ။ အသင်းမှာက နားလည်မှုကောင်းကောင်း ရနေဖို့က အရေးကြီးတယ်လေ။ ဂါဘရီရယ်လ်နဲ့ ပတ်သက်ပြီး ကျွန်တော် သတိထားမိတာ တစ်ချက်က သူဟာ ကာယအားပြု ကစားပုံမျိုးနဲ့ အဆင်ပြေပြီးသား ဖြစ်နေတာပါ။ ဗဟိုနောက်ခံလူ တစ်ယောက်ဆီက ကျွန်တော်တို့ လိုချင်တာ ဒီအချက်ပါပဲ”ဟု ဂစ်ဘ်က ဆိုသည်။

၎င်းက “ဘောလုံးရာသီရဲ့ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ကစားသမားတွေ ဒဏ်ရာရနေတာကို ဆင်ခြေတစ်ခု အနေနဲ့ ပြောဆိုမနေချင်တော့ဘူး။ အသင်းမှာ မာကျောကျစ်လစ်တဲ့ ဗဟိုခံစစ် စုဖွဲ့မှုမျိုး ရှိနေပြီး နောက်ခံအလယ်လူ အားလုံး ပွဲကစားနိုင်စွမ်း ရှိနေတာက ကျေနပ်စရာပါပဲ”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment