Pages

Subscribe:

Tuesday, February 24, 2015

ဟမ်မဲလ်စ်ကို ယူနိုက်တက် အရခေါ်ယူရန် ကြိုးပမ်းသင့်ဟု ဂူးလစ်တိုက်တွန်း



ဟမ်မဲလ်စ်ကို ယူနိုက်တက် အရခေါ်ယူရန် ကြိုးပမ်းသင့်ဟု ဂူးလစ်တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် နွေရာသီ ဈေးကွက်ကာလတွင် ဘိုရပ်ရှားဒေါ့တ်မန် ခံစစ်မှူး မတ်စ်ဟမ်မဲလ်စ်ကို မဖြစ်မနေ အရခေါ်ယူသင့်ကြောင်း ရုဒ်ဂူးလစ်က တိုက်တွန်းလိုက်သည်။

နယ်သာလန် ဂန္ထဝင် ကစားသမားဟောင်းကြီးက လက်ရှိ ယူနိုက်တက် မန်နေဂျာ တာဝန်ယူထားသည့် တစ်နိုင်ငံတည်းသား လူးဝစ်ဗန်ဂါးလ် အနေဖြင့် ဗဟိုခံစစ်ကို ကွပ်ကဲရန် ဟမ်မဲလ်စ်ကဲ့သို့ အတွေ့အကြုံရင့် ခံစစ်မှူးကောင်း တစ်ဦးကို မဖြစ်မနေ လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ယူနိုက်တက်သည် နွေရာသီတွင် ရီယိုဖာဒီနန်နှင့် နီမန်ယာ ဗီဒစ်တို့ကဲ့သို့ သက်တော်ရှည် ဗဟိုခံစစ်မှူးများကို လက်လွှတ်လိုက်ပြီးနောက် လုခ်ရှော၊ မားကို့စ်ရိုဟိုနှင့် ဒါလေဘလင်းတို့ကဲ့သို့ တောင်ပံအားသန်သော ခံစစ်သမားများကိုသာ ပြန်လည် ဝယ်ယူဖြစ်ခဲ့သည်။ Goal.comနှင့် အင်တာဗျူးတွင် ဂူးလစ်က နွေရာသီတွင် ဗန်ဂါးလ် အနေဖြင့် ဗဟိုခံစစ်မှူးကောင်း တစ်ဦးမျှ မခေါ်ယူဖြစ်ခဲ့သည်ကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့သည်။

“ယူနိုက်တက်မှာ ဗန်ဂါးလ် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး တကယ်တမ်း ကျွန်တော် အံ့ဩတာ တစ်ခုပဲ ရှိတယ်။ အရမ်းကောင်းတဲ့ ဗဟိုနောက်ခံလူတွေ မခေါ်ခဲ့တာပဲ။ အဲဒါက သူ့အတွက် ဦးစားပေး လုပ်ဆောင်မှု ဖြစ်ခဲ့တာလေ”ဟု ဂူးလစ်က ဆိုသည်။ ၎င်းက “ဗန်ဂါးလ်ဟာ ဟမ်မဲလ်စ်ကို အရူးအမူး သဘောကျနေပုံရတယ်။ တကယ်လည်း ဝယ်ယူချင်နေတယ်။ ကျွန်တော် ဆိုရင်လည်း ယူနိုက်တက်ကို ကိုင်တွယ်ရင် ဗဟိုနောက်ခံလူ ကောင်းကောင်းတွေ ရှာဝယ်ဖို့ ကြိုးစားမှာပဲ။ အသင်းမှာ အဲဒီအပိုင်းက အားနည်းချက်လေး ဖြစ်နေတယ်လေ။ ဘာပဲဖြစ်ဖြစ် ဗန်ဂါးလ်ဟာ ရလဒ်ပိုင်းအရ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေနိုင်တယ်။ ရလဒ်တွေ ကောင်းလာလေလေ၊ ယုံကြည်မှု တိုးပွားပြီး အသင်းကစားပုံ ကောင်းလာလေလေ ဖြစ်နိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အေစီမီလန် ကြယ်ပွင့်ဟောင်းက ၎င်းကစားဖူးသည့် အသင်းဟောင်း ချယ်လ်ဆီး အနေဖြင့် ရိုမီလူ လူကာကူ၊ ကီဗင် ဒီဘရုမ်းတို့ကဲ့သို့ လူငယ်ကြယ်ပွင့်များကို ထုတ်ရောင်းနေခြင်းအတွက် အတန်ငယ် ဘဝင်မကျမိကြောင်း ဝန်ခံခဲ့သည်။ “ချယ်လ်ဆီးက လူငယ်စီမံကိန်းကနေ တစ်ခုခုတော့ ရနေတယ်လို့ ပြောနိုင်တယ်။ ကစားသမားတွေ ရောင်းထုတ်နိုင်တယ်လေ။ ချယ်လ်ဆီး ပရိသတ် တစ်ယောက် အနေနဲ့ ကျွန်တော့် အမြင်အရတော့ အသင်းဟာ ဒုတိယတန်းစား ပွဲလောက်ကိုသာ ကစားဖူးတဲ့ လူငယ်တွေကို ထုတ်ရောင်းပစ်လိုက်လေ့ ရှိတယ်။ လူငယ်တွေ အတွက်တော့ ကျွန်တော် ဒါမျိုး မဖြစ်စေချင်ဘူး။ လူငယ် ကစားသမားလေးတွေကို သီတင်းပတ်တိုင်း အသင်းမှာ ဝင်ကစားခွင့်ပေးပြီး သူတို့ရဲ့ အရည်အသွေးကို ပြစေချင်တယ်။ ချယ်လ်ဆီးမှာကတော့ ဒါက ပြဿနာ တစ်ခုဖြစ်နိုင်တယ်။ နယ်သာလန်မှာတော့ လူငယ်တွေကို အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံမှာပဲ ဆက်ကစားနေပြီးမှ အသင်းပြောင်းဖို့ ကျွန်တော် အကြံပေးလေ့ ရှိပါတယ်”ဟုလည်း ဂူးလစ်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment