Pages

Subscribe:

Wednesday, February 18, 2015

ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲကြိုအထူး သုံးသပ်ချက်



ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲကြိုအထူး သုံးသပ်ချက်
Written by  Mizzima News
ရှော်လ်ကေး - ရီးယဲလ်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမရက် ပွဲစဉ်တွေမှာတော့ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးပွဲက ၁-၁၊ ရှက်တာဒိုးနက်နဲ့ ဘိုင်ယန်မြူးနစ် ပွဲကလည်း ၀-၀ ဖြစ်ခဲ့ပြီး နှစ်ပွဲစလုံး သရေကျခဲ့ပါတယ်။ ဒီနေ့ညမှာတော့ ရှော်လ်ကေးနဲ့ ရီးယဲလ်၊ ဘေဆယ်လ်နဲ့ ပေါ်တိုတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နှစ်ပွဲထဲကနေ ရှော်လ်ကေးနဲ့ ရီးယဲလ်ပွဲကို ရွေးချယ်ထားပြီး ဘယ်အသင်း အနိုင်ရသွားမလဲဆိုတာကို သုံးသပ်ကြည့်ချင်ပါတယ်။
ရှော်လ်ကေး

ဂျာမန်ကလပ် ရှော်လ်ကေး အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ သာမန်ထက်ပိုကောင်းတဲ့ ခြေစွမ်းကို ပြသထားနိုင်ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။

ရလဒ်ပိုင်းအရ ဆိုးဆိုးရွားရွားကျဆင်းသွားတာမျိုးမရှိပဲ ပုံမှန်လေး ရှေ့ဆက်နေတဲ့ အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြဟောင်း ဒီမက်တီယို ကိုင်တွယ်လိုက်ပြီးနောက်မှာ ရှော်လ်ကေးရဲ့ ပုံစံက ရာသီအစကထက် ကောင်းမွန်လာခဲ့ပြီး စိတ်ဓာတ်ပိုင်းလည်း မာကျောလာပါတယ်။

၂၀၁၅ ရာသီပြန်အစမှာ ဟန်နိုဗာကို ၁-၀ ဂိုးနဲ့နိုင်၊ ဘိုင်ယန်မြူးနစ်နဲ့ ၁-၁ သရေကျပြီး မိုချင်ဂလတ်ဘတ်ကို ၁-၀ ဂိုးနဲ့ အနိုင်ကစားခဲ့ပြီး ရှော်လ်ကေးတို့ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ ပြန်လည် ရှုံးနိမ့်ခဲ့ရပါတယ်။ အဲ့ဒီလေးပွဲမှာ နှစ်ဂိုးပဲ ပေးခဲ့ရတာကို ကြည့်ရင် ရှော်လ်ကေးရဲ့ ခံစစ်ပိုင်းမာကျောမှုကို မြင်တွေ့နိုင်သလို သုံးဂိုးပဲသွင်းနိုင်ခဲ့တာကို ကြည့်ရင်လည်း တိုက်စစ်ပိုင်းသိပ်ပြီး မထက်မြက်တာကို မြင်တွေ့ရပါလိမ့်မယ်။

ရှော်လ်ကေးရဲ့ ချန်ပီယံလိဂ် ဖြတ်ကျော်လာခဲ့မှုကို ကြည့်ရအောင်ပါ။ ရှော်လ်ကေးတို့ဟာ ချယ်လ်ဆီး၊ စပို့တင်းလစ္စဘွန်း၊ မာရီဘောတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့တာပါ။ ပထမအဖွင့်ပွဲစဉ် နှစ်ပွဲမှာ ချယ်လ်ဆီးနဲ့ မာရီဘောကို သရေကစားပြီး တတိယပွဲမှာ စပို့တင်းလစ္စဘွန်းကို ၄-၃ ဂိုးနဲ့ အနိုင်ယူခဲ့လို့ ပထမသုံးပွဲမှာ ရှော်လ်ကေးတို့ အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမဲ့ စတုတ္ထပွဲနဲ့ ပဉ္စမပွဲတွေမှာတော့ စပို့တင်းကို ၄-၂ နဲ့ ရှုံး၊ ချယ်လ်ဆီးကို ၀-၅ နဲ့ ထပ်ရှုံးခဲ့လို့ အုပ်စုကတက်ဖို့ကို ရုန်းကန်ခဲ့ရပါတယ်။

နောက်ဆုံး ပွဲစဉ်ရောက်မှသာ မာရီဘောကို ၀-၁ ဂိုးနဲ့ နိုင်ခဲ့လို့ ကံကောင်းပြီး အုပ်စု ဒုတိယနေရာ ရလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီခြောက်ပွဲမှာ ကိုးဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၄ ဂိုးပြန်ပေးခဲ့ရလို့ ခံစစ်ပိုင်းအားနည်းမှုကို မြင်တွေ့ခဲ့ရပါတယ်။

ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ရှော်လ်ကေးအတွက် အဓိက ခြေစွမ်းပြခဲ့သူကတော့ ဟန်တလာဖြစ်ပြီး သုံးဂိုး သွင်းယူပေးခဲ့ပါတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ ပုံမှန်ခြေစွမ်းသာ ပြသခဲ့ကြပါတယ်။

ဒီရာသီမှာ ရှော်လ်ကေးအသင်းအတွက် အဓိက ကစားပေးနေသူတွေကတော့ ဟိုဝီဒက်စ်၊ ယူချီဒါ၊ ခရစ္စဟော့ဖ်၊ မာတစ်၊ ဖွတ်ရှ်၊ မီရာ၊ ဘိုတန်၊ ဟိုဂါ၊ ဘာနက်တာ၊ ဟန်တလာနဲ့ ချိုပိုမိုတင်တို့ ဖြစ်ပါတယ်။ အသစ်ခေါ်ယူထားတဲ့ မန်စီးတီးနောက်ခံလူဟောင်း နက်စတာဆစ်ကလည်း အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေပါပြီ။

ရှော်လ်ကေးအတွက် ဂိုးအများဆုံးသွင်းပေးထားကြတဲ့ ဟန်တလာနဲ့ မိုတင်တို့က ရီးယဲလ်ကို အဓိက ဒုက္ခပေးမယ့် ကစားသမားတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဖာဖန်၊ ဒရက်စ်လာ၊ ကိုလာစီနက်၊ အိုဘာစီနဲ့ ဂေါ်ရက်ဇ်ကာတို့လို အားထားရတဲ့ ကစားသမားတွေ ဒဏ်ရာရနေတာကတော့ ရှော်လ်ကေးကို အားနည်းသွားစေပါတယ်။

ဒါ့အပြင် ဟန်တလာကလည်း ဒဏ်ရာက ပျောက်ကင်းကာစမို့ ကြံ့ခိုင်မှု အပြည့်ရဖို့ မလွယ်ပါဘူး။ ရီးယဲလ်ကို အိမ်ကွင်းမှာ တတ်နိုင်သလောက်ဒုက္ခပေးမှာ ဖြစ်ပေမယ့် လက်ရှိ ရှော်လ်ကေးရဲ့ အခြေအနေက အားနည်းချက်တွေ ရှိနေတာ အသေအချာပါပဲ။

ရီးယဲလ်

ရီးယဲလ်နဲ့ စီရော်နယ်ဒိုတို့ရဲ့ ဒီရာသီခြေစွမ်းကတော့ တကယ်ကို အံ့မခန်းပါပဲ။ ဒါပေမဲ့ စီရော်နယ်ဒို ခြေစွမ်းအနည်းငယ် ကျဆင်းသွားတဲ့ နောက်မှာတော့ ရီးယဲလ်လည်း ရုန်းကန်နေခဲ့ရပါတယ်။ စီရော်နယ်ဒိုဟာ ချစ်သူအီရီနာရှက်ခ်နဲ့ ပြတ်ဆဲခဲ့လို့ အသည်းကွဲပြီးပဲ ခြေစွမ်း ကျဆင်းသွားသလားလို့ ထင်ရလောက်အောင် ဂိုးပေါက် ပျောက်နေခဲ့ပါတယ်။

ဒါ့အပြင် အက်သလက်ကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ စီရော်နယ်ဒိုဟာ သူ့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့လို့ အသင်းဖော်အချို့နဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး အကွဲအပြဲ ဇာတ်လမ်းအသံတွေလည်း ကြားလာရပါတယ်။

ကွင်းပြင်ပ ပြဿနာတွေဆိုပေမယ့် ကွင်းအတွင်း ခြေစွမ်းကို ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ နည်းပြ အန်စလော့တီကတော့ ရှော်လ်ကေးနဲ့ ပွဲအတွက် စီရော်နယ်ဒို အဆင့်သင့်ဖြစ်နေပြီလို့ ဆိုထားပြီး ဒီပွဲမှာ စီရော်နယ်ဒို ပြန်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်။ စီရော်နယ်ဒို တကယ်ပြန်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ရီးယဲလ်တို့ဟာ အက်သလက်ကို ဂိုးပြတ်ရှုံးခဲ့ရပြီး ခြေစွမ်း ယိမ်းယိုင်နေတယ်ဆိုပေမယ့် သူတို့ ရလဒ်တွေကို ပြန်ကြည့်တဲ့ အခါမှာတော့ နောက်ဆုံး ငါးပွဲမှာ လေးပွဲအထိနိုင်ထားပြီး ရလဒ်တွေကောင်းနေတာကို တွေ့ရမှာပါ။

အနိုင်ရခဲ့တဲ့ အသင်းတွေက ကော်ဒိုဘာ၊ ဆိုစီဒက်၊ ဆီဗီလာ၊ ဒီပို့တီဗိုတို့လို အသင်းတွေဆိုပေမယ့် ပွဲတိုင်း နှစ်ဂိုးနဲ့ အထက်မှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ သာမန်အသင်းဆိုရင် ရလဒ်ကောင်းတယ်လို့ ပြောနိုင်ပေမယ့် ရီးယဲလ်ဖြစ်နေလို့သာ ဝေဖန်မှုတွေ ရှိနေတာပါ။

ဒါကြောင့် ရီးယဲလ်ရဲ့လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရမယ်ဆိုရင် အကောင်းဆုံးခြေစွမ်းမရှိပေမယ့် ရလဒ်ကောင်းအောင်၊ နိုင်ပွဲတစ်ပွဲ ရအောင် လုံလောက်တဲ့ စွမ်းရည်မျိုးတော့ ရှိနေပါတယ်။

ရီးယဲလ်ရဲ့ ချန်ပီယံလိဂ်ဖြတ်ကျော်လာမှုကတော့ ရှင်းပါတယ်။ ခြောက်ပွဲကစား၊ ခြောက်ပွဲနိုင်ပြီး အုပ်စုဗိုလ်နဲ့ ဒီအဆင့်ကို ရောက်လာတာပါ။ လီဗာပူးလ်၊ ဘေဆယ်လ်၊ လူဒိုဂိုရက် တို့နဲ့ ကျခဲ့လို့ အုပ်စုချောင်ခဲ့တယ်လို့တော့ ပြောနိုင်ပါတယ်။ လီဗာပူးလ်လိုအသင်းကို အဝေးကွင်းမှာ ၀-၃၊ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ နှစ်ကျော့စလုံးအနိုင်ယူခဲ့တာပါ။

အဲ့ဒီခြောက်ပွဲမှာ ၁၆ ဂိုးအထိသွင်းယူခဲ့ပြီး နှစ်ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ ဒါကြောင့် တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ချန်ပီယံလိဂ်မှာ ရီးယဲလ်အတွက် အဓိက ခြေစွမ်းပြခဲ့တဲ့သူတွေကတော့ ဘန်ဇီမာနဲ့ စီရော်နယ်ဒိုတို့ ဖြစ်ပြီး တစ်ယောက်ကို ငါးဂိုးစီ သွင်းခဲ့ကြပါတယ်။ ရီးယဲလ်ရဲ့ ချန်ပီယံလိဂ်စွမ်းဆောင်ရည်ကတော့ ရှော်လ်ကေးနဲ့ ယှဉ်လိုက်ရင် အများကြီးကွာခြားမှု ရှိနေပါတယ်။

သုံးသပ်ချက်

ရှော်လ်ကေးအသင်းဟာ နောက်ဆုံးအိမ်ကွင်းငါးပွဲမှာ မိန့်ဇ်ကို ၄-၁၊ ဟန်နိုဗာကို ၁-၀၊ မိုချင်ဂလတ်ဘတ်ကို ၁-၀ နဲ့ နိုင်ပြီး ဟမ်းဘတ်နဲ့ သရေကျကာ ကိုလုံးကို ၁-၂ နဲ့ ရှုံးခဲ့ပါတယ်။ ရီးယဲလ်ကတော့ နောက်ဆုံးအဝေးကွင်းငါးပွဲမှာ ဗလင်စီယာကို ၂-၁၊ အက်သလက်ကို ၂-၀၊ ၄-၀ နဲ့ရှုံးပြီး ဂီတာဖေးကို ၃-၀၊ ကော်ဒိုဘာကို ၁-၂ နဲ့ နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံး ငါးပွဲမှာတော့ ရှော်လ်ကေးက နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပြီး ရီးယဲလ်က လေးပွဲနိုင်ကာ တစ်ပွဲရှုံးထားပါတယ်။ ရလဒ်ပိုင်းတွေ အရတော့ နှစ်သင်းစလုံးဟာ သူ့အဆင့်နဲ့သူ အကောင်းဆုံး မဟုတ်ရင်တောင် အကောင်းဆုံးနီးပါး စွမ်းဆောင်ထားနိုင်တယ်လို့ ပြောရမှာပါ။

လောင်းကစားရှုထောင့်က ပြန်ကြည့်ရင်တော့ ရှော်လ်ကေးတို့ဟာ နောက်ဆုံးဆယ်ပွဲမှာ ခြောက်ပွဲရှုံးပြီး လေးပွဲနိုင်ခဲ့ပါတယ်။ ဂိုးပေါင်းမှာတော့ လေးပွဲ ဂိုးပေါင်းအပေါ်အောင်ခဲ့ပြီး ခြောက်ပွဲ ဂိုးပေါင်းအောက် အောင်ခဲ့ပါတယ်။

ရီးယဲလ်ကတော့ နောက်ဆုံးဆယ်ပွဲမှာ သုံးပွဲပဲ ကြေးအောင်ခဲ့ပြီး ခုနှစ်ပွဲကြေးကျခဲ့ပါတယ်။ ဂိုးပေါင်းမှာတော့ရှစ်ပွဲ ဂိုးပေါင်း အပေါ်အောင်ခဲ့ပြီး နှစ်ပွဲသာ ဂိုးပေါင်းအောက် ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ခြောက်ပွဲမှာတော့ ရီးယဲလ်ဟာ သုံးပွဲကြေးအောင်ပြီး သုံးပွဲကြေးကျထားပါတယ်။

ဒီပွဲကို အာရှဈေးကွက်ဖွင့်လှစ်မှုမှာတော့ ရီးယဲလ်က တစ်ဂိုးနဲ့ နိုင်ရင် ငါးဆယ်ရှုံးဦးမှာဖြစ်ပြီး ဂိုးပေါင်းကတော့သုံးဂိုးဆို သရေကျမှာ ဖြစ်ပါတယ်။ ရီးယဲလ်ရဲ့လက်ရှိခြေစွမ်းနဲ့ အဝေးကွင်းဆိုတဲ့အနေအထားအရ ဒီဖွင့်လှစ်မှုက နည်းနည်းတော့ များနေပါတယ်။ ဒါပေမယ့် ဒါက ပုံမှန်ကြေးဖွင့်လှစ်မှုမျိုးဖြစ်လို့ ရီးယဲလ်ကို အနိုင်ပေးထားတဲ့ သဘောပါပဲ။

အားနည်းနေတဲ့ ရှော်လ်ကေးရဲ့ ခံစစ်နဲ့တိုက်စစ်၊ တစ်ပွဲနှစ်ဂိုးနှုန်းသွင်းထားနိုင်တဲ့ ရီးယဲလ်ရဲ့တိုက်စစ်၊ ဂိုးပြန်ရဖို့ ကြိုးစားမယ့် စီရော်နယ်ဒို ဒီလိုအခြေအနေတွေကြောင့် ရှော်လ်ကေးကို ရွေးချယ်ဖို့ဆိုတာခက်လွန်းပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် တွေ့ဆုံမှုမှာလည်း ရီးယဲလ်က ၃-၁၊ ၆-၁ နဲ့ နှစ်ကျော့စလုံး ဂိုးပြတ် အနိုင်ယူထားပါတယ်။ အိမ်ရှင် အားတစ်ခုတည်း ရှိတဲ့ ရှော်လ်ကေးကို ငြင်းပယ်လိုက်ချင်ပြီး နောက်တစ်ဆင့်အတွက် သေချာမှုရယူမယ့် ရီးယဲလ်ကို ရွေးချယ်လိုက်ချင်ပါတယ်။

ဘေဆယ် - ပေါ်တို

ဒီနေ့ညမှာကစားမယ့် ချန်ပီယံလိဂ်ပွဲနှစ်ပွဲအနက်က ဘေဆယ်-ပေါ်တိုပွဲကို ရွေးချယ်သုံးသပ် ပေးထားပါတယ်။ ဘေဆယ်အသင်းဟာ လက်ရှိအချိန်မှာ ဆွစ်ဇာလန်လိဂ် အမှတ်ပေး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး ပေါ်တိုကတော့ ပေါ်တူဂီလိဂ်မှာ အမှတ်ပေး ဇယား ဒုတိယနေရာကို ရောက်နေပါတယ်။

ဘေဆယ်

ဘေဆယ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ လူဒိုဂိုရတ်စ်တို့နဲ့ကစားခဲ့ရပြီး ပရီးမီးယားလိဂ်က လီဗာပူးလ်ကိုကျော်ကာ အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ နှစ်ပွဲသာအနိုင်ရခဲပြီး သုံးပွဲ ရှုံး၊ တစ်ပွဲသရေကျခဲ့ပါတယ်။

အိမ်ကွင်းခြေစွမ်းကတော့ မာကျောတယ်လို့ဆိုရမှာဖြစ်ပြီး ရီးယဲလ်တစ်သင်းတည်းကိုသာ ၀-၁ နဲ့ကပ်ရှုံးခဲ့ပြီး လီဗာပူးလ်ကို ၁-၀၊ လူဒိုဂိုရတ်စ်ကို ၄-၀ ဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲစုံအိမ်ကွင်းငါးပွဲမှာလည်း ရီးယဲလ်တစ်သင်းကိုသာ ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ ကျခဲ့ပါတယ်။

ဒါပေမယ့် နိုင်ပွဲရခဲ့တာတွေက ခြေစမ်းပွဲတွေဖြစ်နေပြီး နောက်ဆုံးကစားထားတဲ့ ပြည်တွင်း အမှတ်ပေးပွဲမှာတော့ ဆီယွန်အသင်းကို တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဘေဆယ်တို့ဟာ ချန်ပီယံလိဂ်ကိုအာရုံစိုက်နေလို့ သရေကျခဲ့ တာလည်းဖြစ်နိုင်ပါတယ်။

နောက်ပြီးဘေဆယ် အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ငါးပွဲဆက် ပွဲတိုင်းဂိုး ပေးထားရတာကိုလည်း တွေ့ရပါတယ်။ ပေါ်တိုနဲ့ပွဲမှာ အိုင်ဗန်နော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ဖေဘီယန်ရှားကလည်း ပွဲပယ်ခံထားရပါတယ်။

ပေါ်တို

ပေါ်တိုအသင်းကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုရီဆော့ဗ်၊ ရှက်တာဒိုးနက်၊ ဘီလ်ဘာအို တို့နဲ့ကစားခဲ့ရပြီး အုပ်စုပထမ ရခဲ့ကာ ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့အတူ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ လေးပွဲ အထိအနိုင်ရခဲ့ပြီး နှစ်ပွဲသရေကျခဲ့ပါတယ်။

အဝေးကွင်းမှာ ရှက်တာဒိုးနက် တစ်သင်းတည်းကိုသာ ၂-၂ ဂိုးနဲ့သရေကျခဲ့ပြီး ဘီလ်ဘာအိုနဲ့ ဘိုရီဆော့ဗ်တို့ကို ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာတော့ ပေါ်တိုဟာ အတွေ့အကြုံရင့်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီနှစ်ခြေစွမ်း တွေအရလည်း အလယ်အလတ်အဆင့်ထက်ပိုတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး ငါးပွဲမှာ ရှုံးပွဲတစ်ပွဲသာရှိပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေရလ်း ရယူထားနိုင်ပါတယ်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ မာရီတီမိုကို ၁-၀ ဂိုးနဲ့ကပ်ရှုံးတဲ့ ပွဲကလွဲလို့ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘေဆယ်နဲ့ ပွဲအတွက်အသင်းမှာ ဒဏ်ရာရ ကစားသမားလည်း ကင်းစင်နေပါတယ်။

သုံးသပ်ချက်

ဘေဆယ်အသင်းဟာ ခြေစစ်ပွဲအပါအဝင်နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁၁ ပွဲမှာ ၉ ပွဲက ဂိုးနည်းခဲ့ပါတယ်။ ပေါ်တိုကတော့ ခြေစစ်ပွဲအပါအ၀င် ချန်ပီယံလိဂ်နောက်ဆုံး ၈ ပွဲဆက်ရှုံးပွဲ မရှိသေးပါဘူး။ ဘေဆယ်အသင်းအနေနဲ့ အုပ်စုတွင်းမှာ ရုန်းကန်ခဲ့ရပြီး မထင်မှတ်တဲ့ ရလဒ်တစ်ချို့ရယူနိုင်ခဲ့လို့သာ ၁၆ သင်းအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တိုကတော့ အုပ်စုတွင်းမှာ ခြေစွမ်းပြပြီး ပထမနေရာနဲ့ ၁၆ သင်း အဆင့်တက်လာခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း ပေါ်တိုက အနည်းငယ် အသာစီးရနေပါတယ်။ ဘေဆယ်ဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းအရင်ရအောင် ကစားပြီး ရလဒ်ကောင်းခဲ့ရင် အဝေးကွင်းမှာ ခံကစားမယ်ဆိုတဲ့ ဗျူဟာကို ခင်းကျင်းလာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ပွဲမှာ ပေါ်တိုဘက်ကို ဂိုးသွင်းနိုင်ဖို့ အာရုံစိုက်ကြိုးစားရင်း ခံစစ်ကလည်းပေါက်ထွက်ပြီး ဂိုးတွေပြန် ပေးရနိုင်ချေရှိနေပါတယ်။ ပေါ်တိုတို့ ဂိုးပေးရနိုင်ပေမယ့် ကပ်အနိုင်ရသွားဖို့ ရှိနေလို့ ဒီနေ့ပွဲအတွက် အကြိုက်တွေ့မိတာကတော့ ပေါ်တိုပါပဲ။



0 comments:

Post a Comment