Pages

Subscribe:

Thursday, February 26, 2015

ပေါ့ဂ်ဘာ လမ်းစဉ်အတိုင်း ပီရဲရားကိုလည်း ဂျူဗင်းတပ်စ် ချဉ်းကပ်ခေါ်ယူဖွယ်ရှိနေ



ပေါ့ဂ်ဘာ လမ်းစဉ်အတိုင်း ပီရဲရားကိုလည်း ဂျူဗင်းတပ်စ် ချဉ်းကပ်ခေါ်ယူဖွယ်ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေသည့် လူငယ် ကွင်းလယ် ကစားသမား အန်ဒရက်စ် ပီရဲရားကို ခေါ်ယူရန် ဂျူဗင်းတပ်စ် အသင်းက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်က ယူနိုက်တက်တွင် စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့သည့် ပြင်သစ်လူငယ် ပေါလ်ပေါ့ဂ်ဘာကို အလွတ်ဈေးဖြင့် ခေါ်ယူခဲ့သည့် ခြေလှမ်းမျိုး နောက်တစ်ကြိမ် ထပ်လှမ်းရန် အီတလီ စီးရီးအေ ချန်ပီယံ အသင်းက ပြင်ဆင်နေကြောင်း သိရသည်။ အသက်(၁၉)နှစ် အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေးသည် နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် ပြင်ဆင်နေသည်။ အသင်းက ၎င်းကို စာချုပ်သစ် ကမ်းလှမ်းထားသည့်တိုင် ကာယကံရှင် ကစားသမားက ပယ်ချထားခဲ့သည်။

ယူနိုက်တက် အနေဖြင့် ပီရဲရားကို ဆက်ထိန်းထားရန် ကြိုးပမ်းနေဆဲ ဖြစ်သည့်တိုင် ဂျူဗင်းတပ်စ်က အဆိုပါ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။ ဘယ်လ်ဂျီယံ ပတ်စ်ပို့တ်လည်း ကိုင်ဆောင်ထားသည့် ပီရဲရားကို ပြင်သစ်ချန်ပီယံ PSGကလည်း ချိန်ရွယ်နေသည်။ ပီရဲရားသည် ယူနိုက်တက်တွင် (၃)နှစ်ခွဲကြာ ပညာယူ ကစားပြီးနောက် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် စီစဉ်လျက် ရှိသည်။ ၎င်းကိုယ်တိုင်ကလည်း ပေါ့ဂ်ဘာနည်းတူ ဂျူဗင်းတပ်စ်နှင့် စာချုပ်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပီရဲရားက အရိပ်အမြွက် ဖွင့်ဟထားသည်။

“ဂျူဗင်းတပ်စ်ဟာ ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်ခုဆိုတာ လူတိုင်းအသိပဲလေ။ ပေါ့ဂ်ဘာနဲ့လည်း ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော့်အတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ တူရင်ကို ပြောင်းလာမယ်ဆိုရင် ကျွန်တော့်ကို ကောင်းကောင်း ကြိုဆိုမယ်လို့ သူက ကတိပေးခဲ့ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် အနေနဲ့ရော၊ ပုဂ္ဂိုလ်ရေးအရပါ ကျွန်တော်နဲ့ အကျွမ်းဝင် ခင်မင်သူပါ။ လောလောဆယ် ကျွန်တော် ယူနိုက်တက်မှာပဲ ရှိပါသေးတယ်။ ကျွန်တော့် အေးဂျင့်ကတော့ ကမ်းလှမ်းမှုတွေကို ဆန်းစစ်နေပါတယ်။ ဂျူဗင်းတပ်စ်ဆီက အပါအဝင်ပေါ့။ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော့် လက်ရှိအသင်းဆီက ကမ်းလှမ်းမှုကို ကျွန်တော် ပယ်ချထားတယ် ဆိုတာကလည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး”ဟု ပီရဲရားက ပြောကြားခဲ့သည်။

၎င်းက “အီတလီ လိဂ်ပြိုင်ပွဲတွေအကြောင်း ကျွန်တော် ကြားဖူးပါတယ်။ တကယ်လို့ အဲဒီမှာ သွားကစားဖြစ်ရင်လည်း ကျွန်တော် စိတ်ပျက်မှာ မဟုတ်ပါဘူး။ စီးရီးအေဟာ အကောင်းဆုံး စာရင်းဝင် လိဂ်ပြိုင်ပွဲ တစ်ခုပါ။ ဒါပေမဲ့ အခုအချိန်ထိတော့ ကျွန်တော် ဘာကိုမှ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment