MIC အသင်း ဖူဆယ်လိဂ်တွင် ပြိုင်ပွဲ မပြီးခင် ချန်ပီယံဖြစ်
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကျင်းပလျက်ရှိသော MFF MTC Futsal လိဂ်ပြိုင်ပွဲသည် ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်တစ် ပွဲကျန်ရှိနေသေးသော်လည်း ချန်ပီယံ အသင်းပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ယင်းပြိုင်ပွဲသည် အသင်းပေါင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲတစ်ခုဖြစ်ပြီး အသင်းများကြားတွင် ခြေစွမ်းကွာဟ မှုနှင့်အတူ အမှတ်ကွာခြားမှုလည်း များပြားခဲ့သောကြောင့် ယခုကဲ့သို့ ပွဲစဉ်မတိုင်မီ ချန်ပီယံ အသင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပွဲစဉ်(၁)ပွဲ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေချိန်တွင် ချန်ပီယံ အသင်းသာမက အဆင့်(၂)မှ လေးအတွင်း ၀င်ရောက်မည့် အသင်းများလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထွက်ပေါ်ခဲ့သော ရလဒ်များအရ MIC အသင်းသည် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး UPT အသင်းက ဒုတိယ၊ ပြည်ယူနိုက်တက် အသင်းက တတိယ၊ VUC အသင်းတို့က စတုတ္ထရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သော အသင်းအနေဖြင့် ကျပ် သိန်း (၅၀)၊ ဒုတိယဆုရ အသင်းမှာ ကျပ် သိန်း (၃၀) ၊ တတိယ ဆုရ အသင်းမှာ ကျပ် သိန်း (၂၀) နှင့် စတုတ္ထ ဆုရအသင်းမှာ ကျပ် (၁၀) သိန်း ရရှိမည် ဖြစ်ပြီး အသန့်ရှင်း ဆုံးအသင်းမှာ ဆုငွေ (၇)သိန်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများ ဆုံးဆု တို့ကိုလည်း ပေးအပ်သွားမည် ဖြစ်ရာ ယင်းဆုများအတွက်မူ နောက်ဆုံးပွဲစဉ် အပြီးမှသာ အဖြေထွက်ပေါ်လာမည် ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ နောက်ဆုံးနေ့ ပွဲစဉ်များကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့ တွင် ကျင်းပသွားမည် ဖြစ်သည်။
Soccer Myanmar
0 comments:
Post a Comment