Pages

Subscribe:

Tuesday, February 17, 2015

နွေရာသီတွင် ဘာစီလိုနာ ကစားသမားသစ် ခေါ်ယူရန် ဆွေးနွေးမှုများကို FIFA တားမြစ်မည်မဟုတ်



နွေရာသီတွင် ဘာစီလိုနာ ကစားသမားသစ် ခေါ်ယူရန် ဆွေးနွေးမှုများကို FIFA တားမြစ်မည်မဟုတ်

ဘာစီလိုနာ အနေဖြင့် ကစားသမားသစ်များကို အတည်ပြု စာချုပ်မှုမှ တားမြစ်ပိတ်ပင် ခံထားရသည့်တိုင် နွေရာသီတွင် ကစားသမားသစ်များ ဝယ်ယူမှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)က ပြောကြားခဲ့သည်။

FIFA၏ စည်းမျဉ်းများကို ချိုးဖောက်ကာ လူငယ်ကစားသမားများကို တရားမဝင် နည်းလမ်းများဖြင့် စုဆောင်း ခေါ်ယူခဲ့သည်ဆိုသော စွဲချက်ကြောင့် ဘာစီလိုနာသည် အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုဆက်တိုက် ကစားသမား ဝယ်ယူခွင့် ပိတ်ပင်ခံထားရသည်။ (၂၀၁၄)ခုနှစ်၊ ဧပြီလတွင် ချမှတ်သော စီရင်ချက်အရ ဘာစီလိုနာသည် (၁၄)လအတွင်း ကစားသမားသစ်များကို ခေါ်ယူပြီး အသင်းတွင် အသုံးပြုခွင့် ရှိမည် မဟုတ်ချေ။ ဘာစီလိုနာက ယင်းပြစ်ဒဏ်ကို အယူခံ ဝင်သော်လည်း FIFAကရော၊ အားကစား ခုံသမာဓိရုံးကပါ ပယ်ချထားသည်။

FIFAက ဘာစီလိုနာ အနေဖြင့် လာမည့် နွေရာသီ ဈေးကွက်တွင်မူ ကစားသမားသစ်များကို လွတ်လပ်စွာ ခေါ်ယူနိုင်ခွင့် ရှိနေကြောင်း ဆိုသည်။ သို့သော်လည်း အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်သည့်တိုင် (၂၀၁၆)ခုနှစ်၊ ဇန်နဝါရီလ မရောက်မချင်း ကစားသမားသစ်များကို ဘာစီလိုနာ၏ လူစာရင်းတွင် မှတ်ပုံတင် ထည့်သွင်းခွင့် ပေးမည်မဟုတ်ဟု သိရသည်။ စပိန်သတင်းစာ Mundo Deportivoက နည်းပြ လူးဝစ်အန်ရီကေး၏ အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ်မာတာနှင့် ပေါ်တို ညာတောင်ပံ ခံစစ်မှူး ဒါနီလိုတို့ကို လာမည့်ရာသီသစ်အတွက် အားဖြည့် ခေါ်ယူရန် ဆန္ဒရှိနေကြောင်း ရေးသား ဖော်ပြခဲ့သည်။

FIFAမှ တာဝန်ရှိသူ တစ်ဦးက အပြောင်းအရွှေ့ လုပ်ဆောင်မှုသည် ဘာစီလိုနာအပေါ် ချမှတ်ထားသည့် စီရင်ချက်နှင့် ကိုက်ညီမှု မရှိသော်လည်း အနာဂတ် အပြောင်းအရွှေ့ ကိစ္စများအပေါ် ဆွေးနွေးမှုကို ကြားဝင်ဟန့်တားရန် အကြောင်းမရှိဟု ဆိုသည်။ သို့သော်လည်း ဘာစီလိုနာသည် နွေရာသီတွင် လူသစ်ခေါ်ယူသည့်တိုင် အဆိုပါ ကစားသမားကို (၂၀၁၆)ခုနှစ်၊ ဇန်နဝါရီလ မတိုင်မီ အသင်းလူစာရင်း၌ လုံးဝ ထည့်သွင်းနိုင်မည် မဟုတ်ဟု FIFAက အခိုင်အမာ သတိပေးထားသည်။

Soccer Myanmar

0 comments:

Post a Comment