Pages

Subscribe:

Wednesday, February 25, 2015

ဂျူဗင်းတပ်စ်ကို ပထမအကျော့ ရှုံးနိမ့်ထားခြင်းအတွက် စိုးရိမ်မှု မရှိဟု ရူးစ်ပြောကြား



ဂျူဗင်းတပ်စ်ကို ပထမအကျော့ ရှုံးနိမ့်ထားခြင်းအတွက် စိုးရိမ်မှု မရှိဟု ရူးစ်ပြောကြား

အီတလီမြေတွင် ဂျူဗင်းတပ်စ်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့်တိုင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်ရေးအတွက် စိတ်ပူမှု မရှိဟု ဘိုရပ်ရှားဒေါ့တ်မန် ကစားသမား မာကိုရူးစ်က ပြောကြားလိုက်သည်။

စီးရီးအေ ကလပ်အတွက် အယ်လ်ဗာရို မိုရာတာနှင့် ကားလို့စ်တီဗက်ဇ်တို့က ဂိုးများ သွင်းယူခဲ့သော်လည်း ဂျာမန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ရူးစ်၏ ချေပဂိုးကြောင့် ဒေါ့တ်မန်သည် အဖိုးတန် အဝေးဂိုးတစ်ဂိုး ရရှိခဲ့သည်။ ဒုတိယ အကျော့ကို ဂျာမန်မြေတွင် ကစားရဦးမည် ဖြစ်ရာ ရူးစ်က ဂျူဗင်းတပ်စ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။ ၎င်းက ဒေါ့တ်မန် အနေဖြင့် အိမ်ကွင်းတွင်မူ တူရင်တွင် ကစားခဲ့သည့် စွမ်းဆောင်ရည်ထက် ပိုမိုကောင်းမွန်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒီစွမ်းဆောင်ရည်ထက်တော့ ကျွန်တော်တို့ ပိုပြီး လိုကောင်း လိုလာမယ်။ တစ်ဂိုးစီ သရေဆိုရင်တော့ ကောင်းတာပေါ့။ (၂-၁)နဲ့ ရှုံးခဲ့တာကတော့ ညံ့ဖျင်းသလို ဖြစ်သွားတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံးက ကိုယ့်ရည်မှန်းချက် ကိုယ်အကောင်အထည်ဖော်ဖို့ အားထုတ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခုဆို ကျွန်တော်တို့ ဒုတိယအကျော့ ကစားရတော့မယ်။ ပိုပြီး အာရုံစူးစိုက်ဖို့ လိုတယ်။ ဒီပွဲအတွက် ဘာမှတော့ မစိုးရိမ်ပါဘူး။ ဒုတိယအကျော့မှာ ဘာမဆို အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်”ဟု ရူးစ်က ပြောကြားခဲ့သည်။

ယခုပွဲတွင် ရူးစ်၏ သွင်းဂိုးသည် ဂျော်ဂျီယို ချီလီယေနီ၏ အမှားမှတစ်ဆင့် ရရှိလာခဲ့ပြီး ရူးစ်က ၎င်းနှင့် ပီယေး အမ်းမရစ်ခ် အူဘာမီယန်တို့သည် ဂျူဗင်းတပ်စ် ခံစစ်ကို ဖိအားပေးနိုင်ရန် အချိန်ပြည့် ကြိုးစားခဲ့ကြောင်း ဆိုသည်။ “အားလုံးလည်း မြင်မှာပါ။ အူဘာမီယန်နဲ့ ကျွန်တော်က ခံစစ်မှူးတွေဆီ ဝင်ပြေးဖို့ တောက်လျှောက် ကြိုးစားခဲ့တယ်။ ဆီရို အင်မိုဘလီကတော့ အင်ဒရီ ပီယာလိုကို ဖိအားပေးခဲ့တယ်။ အဲဒီနောက်မှာ ချီလီယေနီ ခြေချော်သွားတယ်။ ဒါမျိုးက ပွဲတော်တော်များများမှာမှ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ဖြစ်တတ်တာပါ။ ကံမကောင်းတာက လက်ရှိ ရလဒ်ဟာ ကျွန်တော်တို့အတွက် လုံခြုံတဲ့ အနေအထားမျိုး မရှိသေးဘူး ဆိုတာပါပဲ။ ဒုတိယအကျော့ ပွဲစဉ်မှာ ကျွန်တော်တို့ နောက်ထပ် ဂိုးထပ်ပေးရနိုင်တယ် ဆိုတာကို သတိထားဖို့ လိုပါတယ်”ဟု ရူးစ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment