Pages

Subscribe:

Monday, February 23, 2015

လီဗာပူးလ်နှင့် ပွဲမတိုင်မီ အသင်းသို့ အချိန်နောက်ကျ ရောက်လာသည့် မာနီကို ဆောက်သမ်တန် အရေးယူ



လီဗာပူးလ်နှင့် ပွဲမတိုင်မီ အသင်းသို့ အချိန်နောက်ကျ ရောက်လာသည့် မာနီကို ဆောက်သမ်တန် အရေးယူ

လီဗာပူးလ်ကို အရေးနိမ့်သည့် ပွဲစဉ်တွင် အသင်းသို့ အချိန်မီ ရောက်မလာခဲ့သည့် တိုက်စစ်သမား ဆိုင်ဒို မာနီကို စည်းကမ်းပိုင်းအရ အရေးယူမှု ပြုလုပ်သွားမည်ဟု ဆောက်သမ်တန် မန်နေဂျာ ရော်နယ်လ် ကိုးမန်းက အတည်ပြု ပြောကြားခဲ့သည်။

မာနီသည် ပွဲမကစားမီ ပြုလုပ်သည့် အသင်းအစည်းအဝေးသို့ နာရီဝက် နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဆောက်သမ်တန်သည် အိမ်ကွင်း စိန့်မေရီ၌ လီဗာပူးလ်ကို (၂-၀)ဖြင့် အရေးနိမ့်သွားခဲ့သည်။ ကိုးမန်းသည် မာနီကို အရန်ခုံတွင် ထားရှိခဲ့ပြီး ပွဲချိန် နှောင်းပိုင်းမှသာ အသုံးပြုသွားခဲ့သည်။ ကိုးမန်းက “မာနီက ပွဲမစခင်မှာ နောက်ကျပြီး ရောက်လာပါတယ်။ အသင်းမှာက ကစားသမားတိုင်းအတွက် တိကျတဲ့ စည်းမျဉ်းတွေ၊ ညွှန်ကြားချက်တွေ ရှိနှင့်ပြီးသားပါ။ မနက်ပိုင်း လေ့ကျင့်ရေး အစီအစဉ်ကို တစ်ယောက်တစ်လေ နောက်ကျတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ လီဗာပူးလ်လို အသင်းမျိုးနဲ့ ကစားမယ့်ပွဲအတွက် နေ့လယ် တစ်နာရီ အစည်းအဝေးကို နောက်ကျလို့တော့ မရပါဘူး”ဟု ဆိုသည်။

၎င်းက “မာနီဟာ ကျွန်တော်နဲ့ သူနဲ့ နှစ်ကိုယ်ကြား ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အချိန်နှောင်းနေပါပြီ။ ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး။ တကယ်လို့ အသင်းက သူ့ကို ဒဏ်ကြေး တပ်ရိုက်မယ်ဆို မာနီအနေနဲ့ ဒါကို ပေးချေရပါလိမ့်မယ်။ ဒါပေမဲ့ အသင်းရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေအရ အကောင်းဆုံး အရေးယူမှုဟာ မာနီကို လီဗာပူးလ်နဲ့ပွဲ ပွဲထွက် လူစာရင်းမှာ ထည့်မရွေးလိုက်တာပါပဲ”ဟုလည်း ပြောကြားခဲ့သည်။ ကိုးမန်းက ယခုပွဲစဉ်တွင် ဖိလစ် ဂျူရီဆစ်ကို လီဗာပူးလ် ကွင်းလယ်လူ ဂျိုးအလန် ခပ်ကြမ်းကြမ်း ကစားခဲ့ခြင်းကြောင့် ပင်နယ်တီ ရသင့်ကြောင်းလည်း ဆိုသည်။ ဆောက်သမ်တန်သည် ဂျူရီဆစ်ကို အမ်မရီကန် ဖိအားပေး လှဲချခဲ့စဉ်က တစ်ကြိမ်နှင့် လီဗာပူးလ် နောက်ခံလူ ဒီယန်လော့ဗ်ရန်း ပင်နယ်တီ ဧရိယာထဲ လက်ထိစဉ်က တစ်ကြိမ် ပင်နယ်တီ ရသင့်ကြောင်း တောင်းဆိုမှုများ ရှိခဲ့သည်။

ကိုးမန်းက “ပထမ အခြေအနေကတော့ နားလည်ရ ခက်ပါတယ်။ တကယ်လို့ ဒိုင်က ခရာမှုတ်လိုက်ရင် ဒါဟာ ပင်နယ်တီ၊ ပြီးတော့ တစ်ဖက် ကစားသမားက သေချာပေါက် အနီကတ်ပဲ။ ဒိုင်လူကြီး ဘာလုပ်တယ် ဆိုတာကို ကျွန်တော်တို့ သေချာ သိဖို့တော့ လိုပါတယ်။ ဂျူရီဆစ်က ပင်နယ်တီ ဧရိယာထဲမှာ အလွယ်တကူ လဲကျသွားတယ်လို့ ဒိုင်က သတ်မှတ်တာလား။ ဒုတိယ ကိစ္စကတော့ မေးနေစရာကို မလိုတာ။ ဒိုင်လူကြီး အဲဒီမှာ ရှိနေလျက်နဲ့ ပင်နယ်တီ မပေးတာကို နားကို မလည်ဘူး။ ဒါပေမဲ့ အိုကေပါတယ်။ လူတိုင်း အမှားလုပ်တတ်တာပဲ။ ပထမပိုင်း မပြီးခင် ဖြစ်ခဲ့တဲ့ လက်ထိဘောလား။ အဲဒါတော့ ကျွန်တော် မမြင်လိုက်ဘူး။ သေချာလည်း ပြန်မကြည့်ရသေးဘူး။ ဒါပေမဲ့ လက်ထိဘောတွေကို ပင်နယ်တီ သတ်မှတ်ပေးဖို့ ဆိုတာကတော့ အမြဲလိုလို ဖြစ်ခဲပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment