Pages

Subscribe:

Tuesday, February 17, 2015

ပရက်စ်တန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်းကို ဗန်ဂါးလ်ချီးကျူး



ပရက်စ်တန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်းကို ဗန်ဂါးလ်ချီးကျူး

ပရက်စ်တန် နော့သ်အန်းကို နောက်မှ လိုက်ကစားပြီး အနိုင်ယူကာ FAဖလား ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့် အသင်း၏ စိတ်ဓာတ်ပိုင်းကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ချီးကျူးသွားခဲ့သည်။

ယူနိုက်တက်သည် ပရက်စ်တန်ကို FAဖလား ပဉ္စမအဆင့်တွင် (၃-၁)ဖြင့် အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ဒုတိယပိုင်း အစတွင် စကော့လာ့ဒ်၏ သွင်းဂိုးဖြင့် ပရက်စ်တန်က ဦးဆောင်ခဲ့သော်လည်း ဗန်ဂါးလ်က နည်းဗျူဟာ အပြောင်းအလဲများ ပြုလုပ်ကာ အသင်းကို ပုံစံကောင်း ပြန်ရအောင် ခင်းကျင်းခဲ့ပြီး အန်ဒါဟာရဲရာ၊ မော်ရိုဖယ်လိုင်နီနှင့် ဝိန်းရွန်နီတို့၏ ဂိုးများဖြင့် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ဗန်ဂါးလ်က အသင်းအနေဖြင့် နောက်မှလိုက်ကစားရသည့် အခြေအနေ ရှိခဲ့သည့်တိုင် စိတ်ဓာတ်ပိုင်းကို ကျေနပ်အားရကြောင်း ဆိုသည်။

BBCက ပွဲနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါ နယ်သာလန်သား မန်နေဂျာကြီးက “ပထမပိုင်း ကစားပုံကို ကျွန်တော် ထိုက်သင့်သလောက် ကျေနပ်ပါတယ်။ မလိုအပ်တဲ့ အမှားအယွင်း မရှိခဲ့ဘူးလေ။ ဒီလိုပွဲမျိုးတွေက အမြဲလိုလို အခက်ကြုံတတ်ပါတယ်။ အထူးသဖြင့် အမြင့်ဘောတွေ၊ တစ်ဦးချင်း ခပ်ကြမ်းကြမ်း ယှဉ်လုတာတွေရယ်က ရင်ဆိုင်ရတာ ခက်လေ့ရှိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အမှားသိပ်မရှိဘဲ ကျွန်တော်တို့ အခွင့်အရေး တစ်ကြိမ်လောက် ရခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပေးလိုက်ရတဲ့ဂိုးက နည်းနည်း ကံမကောင်းခဲ့တာလည်း ပါတယ်။ ထိချက်လွဲပြီး လမ်းကြောင်းပြောင်းသွားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အသင်းလိုက် စိတ်ဓာတ်ကောင်းကို အံ့မခန်း ပြသနိုင်ခဲ့တယ်။ အသင်းရဲ့ ပုံစံကို ပြောင်းလဲပြီး ကစားနိုင်ခဲ့တယ်။ ဒါဟာ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ဟာ ပြောင်ပြောင်မြောက်မြောက် သွင်းဂိုးတွေ ရရှိခဲ့တယ်။ ကံနည်းနည်း ကောင်းတာလည်း ပါမှာပေါ့။ အထူးသဖြင့် ဒုတိယဂိုးမှာ အန်တိုနီယို ဗလန်စီယာရဲ့ ဘောလုံးက ဖယ်လိုင်နီဆီ ရောက်သွားတဲ့ အခြေအနေမျိုးတွေပေါ့လေ။ ကျွန်တော်တို့ဟာ ဒီလို အခင်းအကျင်းမျိုးတွေအတွက် အများကြီး လေ့ကျင့်ထားတာပါ။ ဗလန်စီယာရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော် ပျော်ပါတယ်”ဟုလည်း ဆိုသည်။ ဗန်ဂါးလ်သည် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုအစား ကွင်းလယ်လူ ဖယ်လိုင်နီကို တိုက်စစ်ပိုင်းအတွက် ပိုမိုလိုက်ပါ ကစားစေခဲ့ပြီး ကစားသမား အနေဖြင့် ဂိုးလည်း သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီကို မိမိ၏ ကစားကွက်တွင် ထည့်သွင်း အသုံးပြုရန် အခက်အခဲများ ရှိနေဆဲဟု ဗန်ဂါးလ်က ဝန်ခံခဲ့သည်။

“သူပါလာရင် ပြိုင်ဘက်ကို ပိုပြီး ဖိအားပေးနိုင်စွမ်း ရှိလာတယ်။ သူက ဂိုးတွေလည်း သွင်းနိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်က သူလိုလားတဲ့ နေရာမှာ အခုမှ ပထမဆုံးအကြိမ် ပေးကစားခဲ့တာပါ။ ခက်တာက ကျွန်တော့်မှာ ဖယ်လိုင်နီအတွက် အမြဲတမ်း နေရာတစ်ခု ဖန်တီးပေးစရာ မရှိသေးဘူး ဖြစ်နေတယ်။ အဲဒါကိုက ကျွန်တော့် ပြဿနာပါပဲ”ဟု ဗန်ဂါးလ်က ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment