Pages

Subscribe:

Thursday, February 19, 2015

အမှားများကြောင့် ရီးယဲလ်၏ ဒဏ်ခတ်ခြင်းကို ရှော်လ်ကေး ခံခဲ့ရခြင်းဟု ဟောင်ဝီဒက်စ် ညည်းညူ



အမှားများကြောင့် ရီးယဲလ်၏ ဒဏ်ခတ်ခြင်းကို ရှော်လ်ကေး ခံခဲ့ရခြင်းဟု ဟောင်ဝီဒက်စ် ညည်းညူ

မိမိတို့၏ အမှားကြောင့် ရီးယဲလ်မက်ဒရစ်၏ ရက်စက်စွာ ဒဏ်ခတ်ခြင်းကို ခံခဲ့ရကြောင်း ရှော်လ်ကေး ခံစစ်မှူး ဘင်နဒစ် ဟောင်ဝီဒက်စ်က ညည်းတွား ပြောဆိုခဲ့သည်။

ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်တွင် ရှော်လ်ကေးသည် လက်ရှိချန်ပီယံ ရီးယဲလ်ကို အိမ်ကွင်း၌ (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ဂျာမန်လက်ရွေးစင် ခံစစ်မှူးက ရှော်လ်ကေး အနေဖြင့် တစ်ပွဲလုံး ခြုံကြည့်ပါက စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း အားနည်းညံ့ဖျင်းသည့် အခိုက်အတန့်လေး နှစ်ခုမှ နှစ်ဂိုးပေးလိုက်ရခြင်းဟု မှတ်ချက်ပြုခဲ့သည်။ ရှော်လ်ကေးအနေဖြင့် အိမ်ကွင်းတွင် နှစ်ဂိုးပြတ် ရှုံးခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခွာရရန် အလားအလာ များသွားခဲ့ပြီ ဖြစ်သည်။ ရီးယဲလ်အတွက် ဂိုးများကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် မာဆယ်လိုတို့က သွင်းယူသွားခဲ့သည်။

ရှော်လ်ကေးသည် နောက်တန်း(၅)ဦး ထားကစားပြီး ရီးယဲလ်ကို တန်ပြန်တိုက်စစ်ဖြင့် တုံ့ပြန်ရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အသက်(၂၆)နှစ်ရှိ ဟောင်ဝီဒက်စ်က “ခြုံကြည့်ရင် ကျွန်တော်တို့ ခံစစ်ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်ဟာ အခွင့်အရေး နှစ်ခုရပြီး အဲဒီကနေ ကျွန်တော်တို့ကို ရက်ရက်စက်စက် ထိုးနှက်သွားခဲ့တယ်။ ကျွန်တော်တို့ အသင်းဟာ တကယ့်ကို အကောင်းဆုံး အားထုတ်ခဲ့သလို ကြိုးစားမှုအပြည့်နဲ့ ကစားခဲ့ပါတယ်။ ရီးယဲလ်ကို အခက်ကြုံအောင် လုပ်နိုင်ခဲ့ပြီး အခွင့်အရေးတိုင်းကို အသုံးချနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ မက်ဒရစ်မှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကလည်း အဲဒီအတိုင်းပါပဲ”ဟု ဖွင့်ဟခဲ့သည်။

၎င်းက “လက်ရှိ အခြေအနေ အရတော့ ကျွန်တော်တို့ အလားအလာက သိပ်မကောင်းတော့ဘူး။ ဒါပေမဲ့ ဘောလုံးမှာ ဘာမဆို ဖြစ်ပျက် ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခြေအနေကောင်း တစ်ခုကို ဖန်တီးယူဖို့ ကိုယ့်ဖာသာ အားထုတ်ရမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment