Pages

Subscribe:

Wednesday, February 18, 2015

ဖယ်လ်ကာအို ယူနိုက်တက်တွင် အောင်မြင်လာနိုင်ဟု ဆာဟာထောက်ခံ



ဖယ်လ်ကာအို ယူနိုက်တက်တွင် အောင်မြင်လာနိုင်ဟု ဆာဟာထောက်ခံ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်တွင် ရာဒါမယ် ဖယ်လ်ကာအို အနေဖြင့် အံဝင်လာပြီး ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း လူးဝစ်ဆာဟာက ပြောကြားလိုက်သည်။


ယူနိုက်တက်၏ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ပြင်သစ် ကစားသမားဟောင်းက လက်ရှိမန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် ရုန်းကန်နေရသည့်တိုင် ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုသည် အကောင်းဆုံး ပုံစံမျိုး ပြန်လည် ရရှိလာလိမ့်မည်ဟု ထောက်ခံခဲ့သည်။ ဖယ်လ်ကာအိုသည် မိုနာကိုမှ ယူနိုက်တက်သို့ ပေါင်စတာလင် (၆)သန်းဖြင့် တစ်နှစ် အငှားလာရောက် ကစားနေသော်လည်း ဗန်ဂါးလ်၏ ကစားကွက်တွင် အံမဝင်ဘဲ ရုန်းကန်နေရသည်။ ၎င်းသည် ယူနိုက်တက်တွင် (၁၉)ပွဲ ကစားပြီး (၄)ဂိုးသာ သွင်းယူထားသလို ပွဲချိန်မိနစ်(၉၀)ပြည့် ကစားရသည်မှာလည်း (၄)ပွဲသာ ရှိခဲ့သည်။

ယူနိုက်တက်တွင် (၄)နှစ်ကစားပြီး (၄၂)ဂိုး သွင်းယူခဲ့ဖူးသည့် ဆာဟာကမူ ဖယ်လ်ကာအိုသည် ပရီးမီးယားလိဂ်၏ ထိပ်တန်း ဂိုးသွင်းရှင်တစ်ဦး ဖြစ်လာနိုင်သည်ကို လုံးဝ သံသယ မရှိဟု ဆိုသည်။ “ဖယ်လ်ကာအို ကြုံနေရတဲ့ အခြေအနေတွေကို စာနာပါတယ်။ ဒါဟာ တိုက်စစ်မှူး တစ်ယောက်အတွက် ဘယ်လောက် ခက်ခဲမယ် ဆိုတာကို ကျွန်တော် ကောင်းကောင်း သိတယ်လေ”ဟု ဆာဟာက ပြောကြားခဲ့သည်။ ၎င်းက “ယူနိုက်တက်လို အသင်းမှာ ပြိုင်ဆိုင်မှုတွေကတော့ အမြဲလိုလို ပြင်းထန်နေမှာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဖယ်လ်ကာအိုရဲ့ အရည်အသွေးကို လုံးဝ သံသယ မရှိဘူး။ သူဟာ ယူနိုက်တက်မှာ ခမ်းနားတဲ့ အရာတွေကို လုပ်ပြဖို့အတွက် လုံလောက်တဲ့ အရည်အချင်းမျိုး ရှိထားသူပါ။ လောလောဆယ် ဖိအားတွေ ကြုံနေရတယ် ဆိုတာက သူ့ရဲ့ စာချုပ်အနေအထားရယ်၊ တန်ကြေးရယ်ကြောင့် ဖြစ်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဆာဟာက “ကိုယ်နဲ့ လက်တွဲ အလုပ်မလုပ်ခဲ့ဖူးတဲ့ မန်နေဂျာ တစ်ယောက် လက်အောက်မှာ ကစားကွက်သစ် တစ်ခုနဲ့ စပြီး အံဝင်ဖို့အတွက် အချိန်ယူရပါတယ်။ ဒါဟာ သုံးလ၊ ခြောက်လ ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်နိုင်တယ်။ အဲဒီလောက် ကြာပြီးမှ မန်နေဂျာရဲ့ ဘောလုံးအမြင်ကို နားလည်လာနိုင်မယ်လေ။ အကောင်းဆုံး အဆင့်ဆိုတဲ့ ကစားသမားတွေမှာလည်း ဒီပြဿနာမျိုးက ကြုံရတတ်ပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment