Pages

Subscribe:

Friday, February 27, 2015

လာမည့်ရာသီ ယူနိုက်တက်တွင် ပြန်ကစားလိုကြောင်း နာနီဝန်ခံ



လာမည့်ရာသီ ယူနိုက်တက်တွင် ပြန်ကစားလိုကြောင်း နာနီဝန်ခံ

မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားပြီး ကစားသမားဘဝ အကောင်းဆုံး ရှေ့ဆက်နိုင်ရန် မျှော်လင့်ထားဆဲဟု လူးဝစ်နာနီက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၈)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် နွေရာသီ ဈေးကွက်ကာလအတွင်း မားကို့စ်ရိုဟိုကို ယူနိုက်တက်က ခေါ်ယူချိန်၌ အလိုက်ပေး ကစားသမားအဖြစ် စပို့တင်း လစ္စဘွန်းထံ အငှားပြောင်းရွှေ့ခဲ့ရသည်။ ၎င်း၏ ငယ်မွေးခြံပေါက် ကလပ်တွင် လတ်တလော ခြေစွမ်းပြနေသည့် နာနီက ရာသီကုန်တွင် စပို့တင်းမှ ယူနိုက်တက်သို့ ပြန်လည် ပြောင်းရွှေ့ပြီး မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ အသင်းအတွက် ကစားလိုကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ယူနိုက်တက်တွင် ကစားရန် အခွင့်အလမ်း ရှိနေဆဲဟု အပြည့်အဝ ယုံကြည်ကြောင်း ဆိုသည်။

“ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ချစ်ပါတယ်”ဟု နာနီက ပြောကြားခဲ့သည်။ ၎င်းက “နွေရာသီတုန်းက ကျွန်တော် ဆုံးဖြတ်ခဲ့တာက ပွဲကစားခွင့်များများ ပိုရဖို့ပါ။ ကိုယ့်ရဲ့ အကောင်းဆုံး အနေအထားကို ပြန်ရောက်လာဖို့ပါ။ အဲဒီမတိုင်ခင် ရာသီက ကျွန်တော့်မှာ အဆုံးအရှုံးတွေ အများကြီး ရှိခဲ့တယ်။ အသင်းမှာ မန်နေဂျာ ပြောင်းသွားတယ်။ ကျွန်တော် ဒဏ်ရာတွေ ရခဲ့တယ်။ အနာဂတ်ကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါက အခြေအနေ အများကြီးအပေါ် မူတည်ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို အသင်းမှာ ဆက်နေစေချင်တယ်ဆိုရင် လာမယ့်ရာသီ အသင်းမှာ ကျွန်တော် ဆက်ကစားချင်ပါတယ်။ ဒါပေမဲ့ ဒီအတွက် ဆွေးနွေးစရာ ကိစ္စတွေတော့ အများကြီး ကျန်နေဆဲပါ”ဟုလည်း နာနီက မှတ်ချက်ပြုခဲ့သည်။

နာနီသည် ပေါ်တူဂီလိဂ် ပွဲစဉ်အဖြစ် ဂီလ်ဗင်းဆင့်ကို အနိုင်ယူခဲ့ရာ၌ လှပသည့် မြေမကျ အဝေးကန်ချက်ဖြင့် တစ်ဂိုးသွင်းယူခဲ့သည်။ အဆိုပါ ဂိုးနှင့်ပတ်သက်ပြီး ယူနိုက်တက် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်က နာနီကို ချီးကျူးဂုဏ်ပြုသည့် သတင်းစကား ပေးပို့ခဲ့ကြောင်း သိရသည်။ နာနီက “ဝုဒ်ဝက်ဒ်ဆီက Message ရခဲ့ပါတယ်။ သူက အဲဒီဂိုးနဲ့ ပတ်သက်ပြီး ရေးထားတာပါ။ ပြီးတော့ စပို့တင်းနဲ့အတူ အကောင်းဆုံး ရာသီတစ်ခု ဖြတ်သန်းနေနိုင်လို့ ဂုဏ်ယူတဲ့အကြောင်းလည်း ပြောပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment