Pages

Subscribe:

Thursday, June 25, 2015

ဘာစီလိုနာ၏ စိတ်ဝင်စားမှုအတွက် ကိုကီ ဂုဏ်ယူသော်လည်း အက်သလက်တီကိုတွင်သာ ဆက်ရှိမည်ဟုဆို



ဘာစီလိုနာ၏ စိတ်ဝင်စားမှုအတွက် ကိုကီ ဂုဏ်ယူသော်လည်း အက်သလက်တီကိုတွင်သာ ဆက်ရှိမည်ဟုဆို

ဘာစီလိုနာ၏ စိတ်ဝင်စားမှု အတွက် ကိုကီအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်နေသည့်တိုင် အက်သလက်တီကို မက်ဒရစ်ကို စွန့်ခွာလိမ့်မည် မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူက မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယခုရာသီ အဓိက ဆုဖလားသုံးလုံး စလုံးကို သိမ်းကျုံး ဆွတ်ခူးနိုင်ခဲ့သည့် ဘာစီလိုနာသည် အသက်(၂၃)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကို အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဘာစီလိုနာသည် အသင်းနှင့် လမ်းခွဲသွားပြီဖြစ်သည့် ဝါရင့် ကွင်းလယ်လူ ရှာဗီဟာနန်ဒက်ဇ် နေရာတွင် ကိုကီက အံဝင်ခွင်ကျ အစားထိုးနိုင်မည်ဟု ယုံကြည်လျက် ရှိသည်။ သို့သော်လည်း ကစားသမား၏ အေးဂျင့်ဖြစ်သူ အီနာကီ အက်ဇ်ဘီဇူအာက ကိုကီသည် နည်းပြ ဒီယေဂိုဆီမြွန်း၏ လက်အောက်တွင်သာ ဆက်ကစားလိမ့်မည်ဟု အခိုင်အမာ ဆိုသည်။

“ဘာစီလိုနာက ကိုကီကို စိတ်ဝင်စားတယ် ဆိုတာကို မအံ့ဩပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအတွက် သူလည်း ဂုဏ်ယူ ကျေနပ်မိတာပေါ့။ ဒီလို သတင်းမျိုး ပြန်ကြားရတာက စိတ်ကြီးဝင်စရာပဲလေ။ အထူးသဖြင့် ဘာစီလိုနာလို အသင်းမျိုးနဲ့ သတင်းထွက်တဲ့ အခါမှာပေါ့။ ဒါပေမဲ့ လောလောဆယ်တော့ ကစားသမားရဲ့ အနေအထားက ရှင်းပါတယ်။ သူဟာ အက်သလက်တီကိုမှာ အဓိက အစိတ်အပိုင်း တစ်ရပ်အဖြစ် ခံစားမိနေဆဲပါ။ အနာဂတ်ကို ဒီအသင်းမှာပဲ ဆက်မြှုပ်နှံထားဖို့လည်း တွေးထားတယ်။ ဒီတော့ ကျွန်တော်က ဆက်ပြောနေစရာဆိုလို့ နည်းနည်းပဲ ရှိတော့မှာပေါ့”ဟု အက်ဇ်ဘီဇူအာက ပြောကြားခဲ့သည်။

၎င်းက “ဆီမြွန်းအပေါ် ကိုကီအနေနဲ့ အကြွေးတင်နေသလိုပါပဲ။ သူ့ရဲ့ စည်းရုံးမှုတွေကလည်း တကယ့်ကို စူးစူးနစ်နစ် ဖြစ်စေပါတယ်။ နောက်ကြောင်းပြန်ကြည့်ရအောင်။ ဆီမြွန်း အသင်းကို ရောက်စမှာ ကိုကီက အသင်းက ထွက်မလို့ ပြင်နေတာပါ။ ဒါပေမဲ့ ဆီမြွန်းက ကိုကီအပေါ် စုံမှိတ်ယုံကြည်ပေးခဲ့တယ်။ ဒီအတွက်လည်း ကစားသမားက ပြန်ပေးဆပ်ခဲ့ပါတယ်။ အခုဆိုရင် သူတို့နှစ်ယောက်ဟာ ပရောဂျက် တစ်ခုမှာ အတူတကွ လက်တွဲ အလုပ်လုပ်နေပြီ ဖြစ်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ကိုကီသည် (၂၀၀၀)ပြည့်နှစ် ကတည်းက အက်သလက်တီကိုသို့ ရောက်ရှိနေခြင်းဖြစ်ပြီး လက်ရှိစာချုပ်သည် (၂၀၁၉)ထိ သက်တမ်းကျန်နေဆဲ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment